အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၂၃ သန်းကျော်ရရှိ

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှစ်စ အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ  ၅၂၃ သန်းကျော်ရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏စာရင်းများအရ သိရသည်။

အဆိုပါ ကုန်သွယ်မှုပမာဏတွင် ပို့ကုန်မှာ အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၆၈၅ သန်းဖိုးရှိခဲ့ပြီး  သွင်းကုန်မှာ  အမေရိကန်

ဒေါ်လာ ၁၇၈ ဒသမ ၉၁၅ သန်းဖိုးအထိရှိသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၀၆ ဒသမ ၈၉၁ သန်း၊ လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၃၃ သန်း၊ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၀၄၂ သန်း၊ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၄၃၂ သန်း၊ ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၇၂ သန်း၊ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၈၁ သန်း၊ မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၄၃၃ သန်း၊ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၅ သန်းဖိုး အသီးသီး ကုန်သွယ်နိုင်ခဲ့သည်။

ထို့ပြင် မြိတ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၃၅၁ သန်း၊ ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၁၁၃ ဒသမ ၆၂၈ သန်း၊ မောတောင်နယ်စပ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၁၄ သန်း၊ တမူးနယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၅၂ သန်း၊ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၆၂ သန်းနှင့် ရိဒ်နယ်စပ် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၆၂ သန်းအထိ ကုန်သွယ်ခဲ့သည်။

သို့သော် မောင်တော၊ မယ်စဲ့၊ ကျိုင်းလပ်နှင့် ထန်တလန်နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် ကုန်သွယ်မှု မပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက နယ်စပ်ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ ၃၂၂ ဒသမ ၂၄ သန်း ကျဆင်းခဲ့ကြောင်း သိရသည်။           

ကျော်ကို