မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ရောင်းချရန် အစီအစဉ်မရှိဟု ထုတ်ပြန်

မန်စီးတီးအသင်းက ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ရောင်းချရန်  အစီအစဉ်မရှိဟု ထုတ်ပြန်

    မန်စီးတီးအသင်းက အသင်းမှ ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားကို ရောင်းချရန် အစီအစဉ်မရှိဘဲ  ကမ်းလှမ်းမှုအားလုံးကို  ပယ်ချသွားမည်ဟု အတည်ပြုကြေညာခဲ့ကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားသည် ၂၀၁၇  ခုနှစ်က  မိုနာကို အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အသင်းနှင့်စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့ပြီးအစောပိုင်းက    မန်စီးတီးအသင်းအနေဖြင့်  ဘာနာဒိုဆေးလ်ဗားကို  လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင်   ထိုက်သင့်သည့် ပြောင်းရွှေ့ကြေးရရှိပါက ရောင်းချရန်ပြင်ဆင်ထားခြင်းဖြစ်သည်။

ဘာနာဒိုဆေးလ်ဗားသည်   မန်စီးတီးအသင်း၌ နည်းပြ ဂွါဒီယိုလာလက်အောက်တွင် အဓိကကစားသမားအဖြစ် ဘောလုံးရာသီတိုင်း   အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဘောလုံးရာသီ ကလည်း အသင်းအတွက် ဆုဖလားသုံးလုံး ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် နည်းပြဂွါဒီယိုလာက လက်မလွှတ်လိုသည့်အတွက်   ရောင်းချမည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

လက်ရှိ  ကစားသမား အပြောင်းအရွှေ့ကာလအစပိုင်းက ဘာနာဒိုဆေးလ်ဗားကို ဆော်ဒီထိပ်တန်း ကလပ်အသင်းများက မြင့်မားသည့်လုပ်ခလစာဖြင့် တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကာ လက်ရှိတွင် ဘာစီလိုနာအသင်းနှင့် ပီအက်စ်ဂျီ အသင်းတို့ကလည်း အပြိုင်ကမ်းလှမ်းမှုများ ပြုလုပ်ရန် ပြင်ဆင်နေသည့်အတွက် ကမ်းလှမ်းမှုအားလုံး ပယ်ချသွားမည်ဟု အသိပေးခဲ့ခြင်းဖြစ်သည်။