အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ကျော်ဖို့မလွယ်တဲ့ အမေရိကန်

အမေရိကန်စစ်ဘက်ကတော့  အင်ဒို-ပစိဖိတ်ဒေသကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ တစ်ကမ္ဘာလုံးအသိပါ။ အဓိကကတော့ တရုတ်ရဲ့ စစ်အင်အားကြီးထွားလာမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပါတယ်။

ဒါကြောင့်   အမေရိကန်စစ်ဘက်ဟာ တရုတ်ရဲ့    ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တုံ့ပြန်နိုင်ဖို့အတွက် အင်ဒို-ပစိဖိတ်ဒေသ

မှာ လုံလောက်တဲ့တိုက်စွမ်းအား ရရှိနိုင်စေရေးနဲ့ စစ်သည်အင်အား အများအပြားကို ဖြန့်ကြက်နိုင်ရေးအတွက် လေ့လာမှုတွေ လုပ်နေတယ်လို့ သုတေသီတွေက ပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်အနေနဲ့ တိကျမှုရှိတဲ့တာဝေးတိုက်စွမ်းအားကို ရရှိနိုင်ဖို့ ထိပ်တန်းအဆင့်ဦးစားပေးပြီး ကြိုးပမ်းအကောင်အထည်ဖော်နေတယ်လို့ အမေရိကန်ကြည်းတပ်ဦးစီးအရာရှိချုပ် ဂျိမ်းမက်ကွန်ဗေးက မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ လေ့လာရေးဌာနကို ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ရဲ့ ဟန့်တားမဟာဗျူဟာ တစ်စိတ်တစ်ပိုင်းအနေနဲ့  အင်ဒို-ပစိဖိတ်ဒေသမှာ တခြားလက်နက်စနစ် တွေကို    ဖြန့်ကြက်သွားဖို့အတွက် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ သူကဆက်ပြောပါတယ်။

အခုလုပ်တဲ့အပြောင်းအလဲဟာ တရုတ်နဲ့ရုရှားကဲ့သို့ အမေရိကန်ရဲ့ ပြိုင်ဘက်တွေထက် အမေရိကန်ကိုပိုပြီး အင်အားသာလွန်တောင့်တင်း လာစေနိုင်မယ့်အပြင် ဒီအစီအစဉ်မှာ နယ်ပယ်ပေါင်းစုံပါဝင်တဲ့ ပူးတွဲတပ်ဖွဲ့တစ်ခုကို    ဖွဲ့စည်းသွားဖို့လည်းရှိတယ်လို့ ဂျိမ်းမက်ကွန်ဗေးက ဆိုပါတယ်။

ဂျိမ်းမက်ကွန်ဗေးရဲ့ပြောဆိုမှုဟာ မရိန်းတပ်ဖွဲ့ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဒေးဗစ်ဘာဂါက သူ့ရဲ့ “တပ်ဖွဲ့ပုံစံ ၂၀၃၀”နဲ့ပတ် သက်လို့ထုတ်ဖော်ပြောပြီးနောက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

“တပ်ဖွဲ့ပုံစံ ၂၀၃၀” မှာဆိုရင် မြေပြင်တိုက်ပွဲတွေမှာ   မရိန်းတပ်ဖွဲ့တွေရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး ကြီးမားလှတဲ့ ဒီတာဝန်တွေကို ပုံမှန်တပ်ဖွဲ့တွေဆီ လွှဲပြောင်းပေးဖို့ အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒီအချိန်မှာပဲ တိုင်းစစ်ဌာနချုပ်ရှစ်ခုရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်မအများအပြားကို    အင်ဒို-ပစိဖိတ်ဒေသသို့ရွှေ့ ပြောင်းဖြန့်ကြက်သွားမယ်လို့ အမေရိကန်ကြည်းတပ်အမျိုးသား အစောင့်တပ်ဖွဲ့က ပြောပါတယ်။

ရည်ရွယ်ချက်ကတော့ အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ ခြေလျင်တပ်ဖွဲ့တွေရဲ့ တိုက်စွမ်းအားကို တိုးမြှင့်ပေးဖို့အတွက် ဖြစ်တယ်လို့  အမေရိကန်စစ်ဘက်က ထုတ်ဝေတဲ့ Stars and Stripes သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီလို     လုပ်ဆောင်မှုတွေအားလုံးဟာ တရုတ်ကို   ထိန်းချုပ်ဖို့ကြိုးပမ်းနေတဲ့ ဒေါ်နယ်ထရမ့်အစိုးရရဲ့  အင်ဒို-ပစိဖိတ်  မဟာဗျူဟာ တစ်စိတ်တစ်ဒေသ ဖြစ်တယ်လို့ ဟောင်ကောင်အခြေစိုက် စစ်ဘက်ရေးရာလေ့လာသူ ကျွမ်းကျင်ပညာရှင် ဆောင်ကျုံးဖျင်က ပြောပါတယ်။

အမေရိကန်ဟာ   မြေပြင်၊ ရေပြင်၊ ဝေဟင်နဲ့ အာကာသထဲမှာရှိတဲ့ တိုက်ခိုက်ရေးစနစ်တွေကို ပေါင်းစည်းပြီး ရရှိလာတဲ့ စွမ်းအားကို အလွန်စွမ်းဆောင်ရည်မြင့် ပူးတွဲစစ်ဆင်ရေးတိုက်ခိုက်မှုစနစ်မှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းစပ်ခြင်းအားဖြင့် တိုက်စွမ်းအားကို   တိုးမြှင့်လိုနေတာဖြစ်တယ်လို့ ဆောင်ကျုံးဖျင်က ဆိုပါတယ်။

သူတို့ရဲ့ရည်မှန်းချက်ကတော့ အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တို့မှာရှိတဲ့ ရေလမ်းကြောင်းတွေအားလုံး ကိုပိတ်ဖို့ဖြစ်ပြီး စစ်အေးကာလမှာ အမေရိကန်ဘက်က သတ်မှတ်ထားတဲ့  ပထမကျွန်းတန်းကို တရုတ်စစ်ရေယာဉ် တွေကျော်ပြီး   ကျွံမဝင်လာစေဖို့ မဟာမိတ်တွေနဲ့ ပူးပေါင်းတားမြစ်ဖို့ ဖြစ်တယ်လို့ ဆောင်ကျုံးဖျင်က ပြောထား ပါသေးတယ်။

ပြီးခဲ့တဲ့လမှာတော့ ဗိုလ်ချုပ်ကြီးဒေးဗစ်ဘာဂါက ဂျပန်နိုင်ငံကိုသွားပြီး ဂျပန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ တွေ့ဆုံမှုမှာ ဆွေးနွေးတဲ့ အကြောင်းရင်းကတော့ အိုကီနာဝါမှာ ရွေ့လျားအမေရိကန်မရိန်းတပ်ဖွဲ့တွေကို ဖြန့်ကြက်နိုင်ဖို့ပါ။

အဲဒီရွေ့လျားတပ်ဖွဲ့တွေဟာ သင်္ဘောဖျက်နဲ့    လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေကို  တပ်ဆင်ထားမှာဖြစ်ပြီး တရုတ်ဘက်က ပစိဖိတ်ဒေသကို အလွယ်တကူရယူ အသုံးပြုနိုင်ခြင်း မရှိစေရေးအတွက် ဂျပန်တပ်ဖွဲ့တွေနဲ့ အနီးကပ် လက်တွဲသွားမှာဖြစ်ပါတယ်။

အမေရိကန်တွေဟာ ဒီအရေးကို မျှော်တွေးပြီးလုပ်တဲ့    စစ်ရေးလေ့ကျင့်ခန်းမှာတောင်မှ ကုန်းရေနှစ်သွယ်သွားတိုက်ခိုက် ရေးသင်္ဘောဖြစ်တဲ့ ယူအက်(စ်)အက်(စ်) အမေရိကပေါ်မှာ F-35B ပူးတွဲတိုက်လေယာဉ် ဒါဇင်ပေါင်းများစွာကို ဖြန့်ကြက်မှု လေ့ကျင့်ခန်းတွေ ထည့်သွင်းဆောင်ရွက်ထားတာပါ။

အမေရိကန်တွေအနေနဲ့ အနောက်ပစိဖိတ်ဒေသကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို အဓိကစိုးရိမ်နေတာ ဖြစ်တယ်လို့ ပေကျင်းမြို့မှာရှိတဲ့    ရေတပ်ကျွမ်းကျင်ပညာရှင် လီကျီးက ပြောပါတယ်။

ဘာကြောင့်လဲဆိုရင် တရုတ်တပ်မတော်ဟာ    အမေရိကန်တပ်တွေကို အနောက်ပစိဖိတ်ဒေသထဲကနေ နှင်ထုတ်ဖို့ အတွက် တိုက်စွမ်းအားအပြည့်အဝ ရှိနေတာကြောင့်ပါ။

တကယ့်တကယ်တမ်း ရင်ဆိုင်တိုက်ပွဲ ဖြစ်လာပြီဆိုရင် တရုတ်ဘက်က ပိုင်ဆိုင်ထားတဲ့ CL191  အတွဲလိုက် ဒုံးပစ် လောင်ချာစနစ်နဲ့   တခြားဒုံးပစ်လောင်ချာတွေဟာ ကုန်ကျစရိတ်အနည်းဆုံးနဲ့ ထိရောက်မှုအရှိဆုံး လက်နက်တွေ ဖြစ်ပါတယ်။ CL191 အတွဲလိုက်ဒုံး ပစ်လောင်ချာဆိုရင် အကွာအဝေး မိုင် ၂၅၀ အထိကို ရောက်ရှိနိုင်တာတွေ့ရပါတယ်။

ဒါ့အပြင် တရုတ်တပ်မတော်ဟာ ကြိမ်နှုန်းမြင့်ပင်လယ်ပြင်ထောက်လှမ်းရေး ရေဒါတစ်မျိုးနဲ့    တခြားအဆင့်မြင့် အီလက်ထရွန်နစ်စစ်ဆင်ရေး လက်နက်တွေကိုလည်း တီထွင်ဖန်တီးနေပါတယ်။

ကြိမ်နှုန်းမြင့်ပင်လယ်ပြင်ထောက်လှမ်းရေး ရေဒါစနစ်ဟာ    F-35 လိုမျိုး ကိုယ်ပျောက်တိုက်လေယာဉ်တွေကို   ရှာဖွေထောက်လှမ်းနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

အမေရိကန်အနေနဲ့ သူ့ရဲ့မဟာဗျူဟာကို အကောင်အထည်ဖော်ရေးအတွက် အစိုးရိမ်ရဆုံးကိစ္စကတော့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေက သူ့ဘက်ကို မပါလာမှာကိုပါဘဲ။ တကယ်လို့ မဟာမိတ်တွေသာ သူ့ဘက်ကို မပါလာဘူးဆိုရင် အမေရိကန်အနေနဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ထိန်းချုပ်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။

ဒါကိုသိထားတဲ့တရုတ်က အမေရိကန်ရဲ့ မဟာဗျူဟာမ အောင်မြင်စေရေးအတွက် အမေရိကန်နဲ့ ဒေသတွင်း နိုင်ငံတွေကြား မဟာမိတ်ဖွဲ့မှုကို ဟန့်တားနှောင့်ယှက်ခြင်းနဲ့ သူ့ဘက်ပါလာအောင် စည်းရုံးခြင်းတို့ကိုလည်း လုပ်ဆောင် နေပါသေးတယ်။

လက်ရှိအချိန်မှာ  အမေရိကန်ရဲ့ပြောစကားနောက်ကိုလိုက်ပါတဲ့ တစ်ခုတည်းသော ဒေသတွင်း မဟာမိတ်နိုင်ငံက သြစ တြေးလျနိုင်ငံ ဖြစ်ပါတယ်။

ဂျပန်၊ စင်ကာပူ၊ ဖိလစ်ပိုင်အစရှိတဲ့ အမေရိကန်ရဲ့ဒေသတွင်း ပင်မမဟာမိတ်နိုင်ငံတွေနဲ့ အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ရဲ့ အဖွဲ့ဝင် နိုင်ငံတချို့ကလည်း အမေရိကန်နဲ့ လက်တွဲလိုခြင်းရှိ၊ မရှိကို မဆုံးဖြတ်ရသေးပါဘူး။

ဘာကြောင့်လဲဆိုရင် သူတို့အနေနဲ့ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ ကြားမညပ်လိုတဲ့အတွက် ဖြစ်ပါတယ်။ တစ်ဖက်ကပြန်ကြည့်ရင် အမေရိကန်ဆိုတာ သမုဒ္ဒရာတစ်ဖက်ကမ်းကနိုင်ငံ။   တရုတ်ဆိုတာ ကုန်းမြေချင်းသော် လည်းကောင်း၊ ရေပြင်ချင်းသော်လည်းကောင်း ထိစပ်နေတဲ့နိုင်ငံ။

အဲဒီတော့ အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ အမေရိကန်ဘက်ကိုပါ သွားဖို့က   ရာခိုင်နှုန်းအတော်နည်းနေပါတယ်။ အလားတူပဲ တရုတ်ဘက်ကနေ ဝင်ပါနိုင်ခြေလည်း နည်းပါတယ်။

ဒါကြောင့်   အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ အမေရိကန်ရဲ့ မဟာဗျူဟာက ဖြစ်လာနိုင်ခြေ အင်မတန်နည်းတဲ့အတွက် အမေရိကန်အနေနဲ့ အဲဒီဒေသမှာ တရုတ်ကိုကျော်ဖို့ မလွယ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါတယ်။

Ref: SCMP