ဝမ်းသာကြည်နူးသဒ္ဓါပွား ထူးထူးခြားခြား မာရဝိဇယဘုရား ဦးဦးဖျားဖျား ဖူးမြော်ခဲ့ကြသူများ၏ စကားသံများ

ဝမ်းသာကြည်နူးသဒ္ဓါပွား ထူးထူးခြားခြား မာရဝိဇယဘုရား ဦးဦးဖျားဖျား ဖူးမြော်ခဲ့ကြသူများ၏ စကားသံများ

နေပြည်တော်  သြဂုတ် 

    ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ကို ရဟန်း၊ ရှင်လူအများပြည်သူများ အနေဖြင့် သြဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့ဖူးမြော် ကြည်ညိုနိုင်ပြီဖြစ်ရာ ယနေ့တွင် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြည်ညို သဒ္ဓါပွားများကြသော ရပ်နီးရပ်ဝေးမှ ဓမ္မမိတ်ဆွေများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

Description: C:\Users\Administrator\Desktop\9-8-2023\98112.JPG

ဘဒ္ဒန္တသုပဏ္ဍဝ၊ လယ်ဝေးမြို့

    ယနေ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို လာရောက်ပြီးဖူးမြော်ရတာ အံ့သြဖွယ်အလွန်မတန်မှကောင်းပါတယ်။ ဘာလို့အံ့သြဖွယ် ကောင်းတာလဲဆိုရင် ဒီလိုမျိုးအနေအထား တစ်ခုတည်ဖို့ဆိုတာ အလွန်အင်မတန်မှ ခက်ခဲတယ်။  ခက်ခဲသလို နက်လည်းနက်နဲတယ်။ ဒါမျိုးကို တော်ရုံတန်ရုံလူ မလုပ်နိုင်ဘူး။ အကြောင်း အမျိုးမျိုးရှိပါတယ်။ ဘာသာအတွက်လည်း အင်မတန်မှ  ကောင်းမွန်တယ်။ နိုင်ငံအတွက်လည်း  ကောင်းမွန်တယ်။ ဗုဒ္ဓဘာသာနိုင်ငံ   ဖြစ်တဲ့အတွက်ကြောင့်   ဗုဒ္ဓဘာသာတွေ အတွက်တော့  ထူးခြားအံ့သြဖွယ်လို့  ပြောရမှာဖြစ်ပါတယ်။

အင်မတန်မှဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ တစ်ခုလို့လည်း  သတ်မှတ်လို့ရတယ်။ ဦးပဉ္စင်းလည်း လေ့လာကြည့်တယ်။  တော်တော်စနစ်တကျနဲ့ လုပ်ထားတာ တွေ့ရတယ်။     ဖူးမြင်ရသူတွေရဲ့ စိတ်ထဲမှာ ပီတိလည်းဖြစ်တယ်။ အံ့သြလည်း အံ့သြရတယ်။ သာသနာတော်ကို ကြည်ညိုလေးစားတဲ့ သူတွေသာလျှင် လုပ်နိုင်တဲ့ အနေအထားတစ်ခုပါ။ သာသနာတော်ကို ကြည်ညိုလေးစားမှု မရှိရင် ဘယ်လောက်ငွေကြေး ကုန်ကျခံနိုင်သည် ဖြစ်စေ  တည်ဆောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။   ဒါကြောင့် သာသနာအတွက်  မင်းကောင်းမင်းမြတ်တွေ  ပေါ်ထွန်းလာတာပဲလို့  ဦးပဉ္စင်းတို့က သတ်မှတ်ပါတယ်။

    ထူးခြားတဲ့အထဲမှာ ကျောက်စာရုံစေတီတွေ အထဲမှာပါတဲ့ ကျောက်စာတွေပေါ့။ ပိဋကတ်တော်တွေဆိုတာ ခေတ်အဆက်ဆက် တည်ဆောက်လာကြတာလေ။ နှုတ်ထက်အက္ခရာတွေမှ  ပေထက်အက္ခရာ၊  ယနေ့အချိန်မှာ ကျောက်ထက် အက္ခရာတင်ထားတာဖြစ်တယ်။ ကျောက်ထက်အက္ခရာ ဆိုတာ ပျက်စီးဖို့အင်မတန်မှ ခက်ခဲပါတယ်။ စာအုပ်၊ စာပေမှတ်တမ်းတွေဆိုတာ  ပျက်စီးနိုင်တယ်။ ကျောက်ထက်အက္ခရာဆိုတာ လူတွေကိုယ်တိုင် ဖျက်ဆီးမှသာ ပျက်စီးမှာ ဖြစ်လို့ အင်မတန်ခိုင်ခံ့ပါတယ်။  ဒါတွေကို တည်ဆောက်ပေးတာ ဦးပဉ္စင်းတို့က ဗုဒ္ဓရဲ့သားတော် တစ်ပါးအနေနဲ့ နိုင်ငံတော် အကြီးအကဲတွေကို ကျေးဇူးတင်တယ်။

သာသနာတော်ကြီးကို  တတ်နိုင်သမျှ စောင့်ရှောက်ပေးပါလို့လည်းဦးပဉ္စင်း တို့က မေတ္တာရပ်ခံပါတယ်။ ယနေ့ဆိုရင် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြတဲ့ ရဟန်းရှင်လူပေါင်းများစွာ တွေ့ရတဲ့အတွက်   ကြည်ညိုစရာ ကောင်းတယ်။ အားရစရာကောင်းတယ်။  မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တည်ထား ကိုးကွယ်ခြင်းသည် ဗုဒ္ဓဘာသာကြည်ညိုသူတွေ၊ လေးစားသူတွေ၊ နှစ်သက်သူတွေ အတွက်တော့   တန်ဖိုးဖြတ်လို့မရတဲ့ အတုမရှိရတနာပါပဲ။ 

ဦးပဉ္စင်းဆိုရင်   မဖွင့်ခင်ကတည်းက သုံးလေးခေါက်လောက် ဒီကိုရောက်တယ်။

အံ့သြဖွယ်ရာ အနေအထားတစ်ခုဖြစ်လို့ လာပြီးလေ့လာဖြစ်ပါတယ်။ ယနေ့အထိ ဆောင်ရွက်တဲ့သူ အားလုံးကို ကျေးဇူးလည်း တင်ပါတယ်။ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး တည်ဖို့ရာအတွက်   စပြီး လှူဒါန်းတဲ့     အလှူရှင်တွေရော၊ ဦးဆောင်ပြီးကျင်းပတဲ့    ဦးဆောင် ဘုရားဒါယကာကြီးနဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ ဘုရားဒါယကာတွေ၊ ဘုရားဒါယိကာမတွေရော၊    ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကိုရော ဘာသာသာသနာကို ကြည်ညိုလေးစားလွန်းလို့ လုပ်ဆောင်တဲ့သူတွေ အားလုံးကို အထူးတလည်  ကျေးဇူးတင်ပါတယ်။

    နောက်နောင်ကိုလည်း ဘာသာ သာသနာတော်အတွက် ယခုကဲ့သို့ စိတ်တူကိုယ်တူစွာနဲ့ စောင့်ရှောက်ပြီး ရေနဲ့ကြာ၊ ကြာနဲ့ရေလို သာသနာတော်ကြီး လှပတင့်တယ်ဖို့ ဝိုင်းဝန်းကူညီ ထိန်းသိမ်းစောင့်ရှောက် ပေးပါလို့ မေတ္တာရပ်ခံပါတယ်။

Description: C:\Users\Administrator\Desktop\9-8-2023\98113.JPG

သီလရှင်ဆရာကြီး ဒေါ်ပညာသိင်္ဂီ

    ဆရာလေးက   ဒက္ခိဏသီရိမြို့နယ် သဒ္ဓမ္မဝေပုလ္လပရိယတ္တိစာသင်တိုက်က လာရောက်ဖူးမြော်တာပါ။ အဖွဲ့တွေက ဆရာလေး ၆ ပါးနဲ့ ယောဂီ ၂ ယောက်ပါပါတယ်။ ဘုရားကြီးကို လာရောက်ဖူးမြော်ချိန်မှာ အင်မတန်သပ္ပာယ်တဲ့ အတွက် ဝမ်းသာကြည်နူးမိပါတယ်။ တည်ထားတဲ့ သာသနာ အဆောက်အအုံများကလည်း အရမ်းကို လက်ရာသေသပ်မှုကိုလည်း တွေ့မြင်ရပါတယ်။ ဆရာလေးက အသက် ၈၀ ရှိပြီ။

    ဒီလိုမျိုး ပထမဆုံးဖူးမြင်ရတဲ့အခါ ဖူးမဝကြည်နူးမ၀ ခံစားမိပါတယ်။ ပဋ္ဌာန်းရဲ့ အနက်အဓိပ္ပါယ်ဖွင့်ပြီး    ရေးထားတဲ့ ကျောက်စာရုံများ၊ မြတ်စွာဘုရား လက်ထက်က ဇာတ်တော်ကြီးဆယ်ဘွဲ့များ၊ တရားများကို  ရေးထိုးထားတာ တွေ့ရတော့ ပီတိဖြစ်မိပါတယ်။  ကိုယ်တရားနာခဲ့တာတွေကို မြင်တွေ့တဲ့အတွက်  တရားနာရသလို ခံစားရပါတယ်။  ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီး နေလိုလလို ထွန်းလင်းတောက်ပပြီး အနှစ် ၅၀၀၀ မက ရှည်ကြာအောင်တည်ပါစေ။ သာသနာတော်ကြီး တည်တံ့မှလည်း သူတော်ကောင်းတရားများ ပွားများနိုင်မှာဖြစ်ပါတယ်။  သူတော်ကောင်းတရားများ  ပွားများနိုင်ကြပြီး  အေးချမ်းသာယာကြပါစေလို့ ဆုတောင်းပါတယ်။    မာရဝိဇယထိုင်တော်မူ ကျောက်ဆစ်ရုပ်ပွားတော်ကြီး တည်ရှိတဲ့အတွက် ကမ္ဘာမှာ   မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာသည် အထူးခြားဆုံးဖြစ်မှာဖြစ်ပါတယ်။   ဘုရားကြီး တည်ထားတာရှိခြင်းက အလွန်ကောင်းပါတယ်။ ဖူးမြင်ရသူအဖို့ စိတ်အေးချမ်းပြီး  ကုသိုလ်တွေလည်း ပိုရရှိကြမှာပါ။

Description: C:\Users\Administrator\Desktop\9-8-2023\98114.JPG

ဦးအိုက်ဝင်း (နမ့်ခမ်း)

    ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့ကနေ နေပြည်တော်ကို  သူငယ်ချင်းအဖွဲ့တွေနဲ့ ဘုရားဖူးချင်တဲ့အတွက်ကြောင့် လာတာဖြစ်ပါတယ်။   လိုင်းပေါ်မှာ မာရဝိဇယဘုရားကြီးကို မြင်ကတည်းက လာရောက်ဖူးချင်နေတာ   အခုတော့ လာရောက်ဖူးမြော်ခွင့်ရခဲ့ပါပြီ။ ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး   ထိုင်တော်မူ စကျင်ကျောက်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ပထမဆုံး ဖူးမြော်ခွင့်ရတဲ့နေ့မှာ  မြင်တွေ့ဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။  ဒီလိုဘုရား တည်ခြင်းအားဖြင့် အများပြည်သူအတွက် ပိုပြီးကုသိုလ်ရစေပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများဟာ ဘယ်နေရာသွားသွား ရောက်တဲ့နေရာမှာ ရှိတဲ့ဘုရားများကို ဖူးမြော်ချင်ကြတဲ့အတွက် အထင်ကရဘုရားများ   ရှိခြင်းကလည်း အလွန်ကောင်းမွန်ပါတယ်။ တစ်နေရာတည်းမှာ ဗုဒ္ဓဘာသာတို့ရဲ့ အထွတ်အမြတ် သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံများ၊ သုဓမ္မာဇရပ် စတဲ့ သာသနိကအဆောက်အအုံများကို တွေ့မြင်ရတာဟာ ဗဟုသုတအများကြီး ရရှိပါတယ်။  ဘုရားကြီးမှာ မြတ်စွာဘုရားနဲ့ပတ်သက်တဲ့ ဘုရားပုံတော်၊ ဆင်းတုတော်၊  နိဗ္ဗာန်ကုန်ဆိုင်တို့ရှိရင် ဘုရားကြီးကို လာရောက်ဖူးမြော်သူများ အတွက် အမှတ်တရပစ္စည်းများ အဖြစ် ဝယ်ယူဖို့ရှိရင် ပိုကောင်းပါတယ်။ ဘုရားကြီး ကိုရောက်တဲ့အချိန်မှာ စိတ်ချမ်းသာရပါတယ်။

Description: C:\Users\Administrator\Desktop\9-8-2023\98115.JPG

ဒေါ်ခင်အုန်းမြင့်

    အန်တီ အသက် ၆၇ နှစ်ကို တစ်သက်နဲ့တစ်ကိုယ် မကြုံဖူးခဲ့ဘူး။  အခုက အားရဝမ်းသာနဲ့  ဘုရားကြီးကို လာဖူးတာပါ။ တို့နိုင်ငံတင်မကဘဲ  ကမ္ဘာမှာ ပထမဆုံး စကျင်ကျောက် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်တယ်လို့သိရတဲ့အပြင်   ကိုယ်တိုင်လာရောက် ဖူးမြော်ရတဲ့အတွက် သပ္ပာယ်ကြည်နူးဖွယ် ကောင်းပါတယ်။ ပျဉ်းမနားမြို့ ကြီးအင်းရွာကနေ အဖွဲ့ ၂၇ ယောက်နဲ့ လာခဲ့တာဖြစ်ပါတယ်။  ဘုရားကြီးကိုတည်တဲ့  ဒါယကာ၊   ဒါယိကာမများ၊ ဆောက်လုပ်တဲ့ အင်ဂျင်နီယာများလည်း ပိုပြီးတော့ ကုသိုလ်ရကြမှာပါ။ ဘာလို့လဲဆိုတော့   အဒေါ်တို့ဆိုလည်း  မတည်နိုင်ဘူးလေ။ အားလုံးစုပေါင်းပြီး  ကုသိုလ်ရအောင်တည်တဲ့ အတွက်ကောင်းပါတယ်။ ဘုရားကြီးကို   တည်ကတည်းကစပြီး

စုပေါင်းလုပ်ကိုင် ပါဝင်ပတ်သက်ကြတဲ့သူများ အားလုံးကိုလည်း  သက်ရှည်၊  အနာရောဂါများ ကင်းဝေးပြီး ဘေးကင်းပါစေလို့ ဆုတောင်းပေးပါတယ်။ ဘုရားကြီးကိုဖူးမြော်တဲ့အချိန်မှာလည်း ခုနစ်ရက်သားသမီးများ အားလုံးကို မေတ္တာပို့ခဲ့ပါတယ်။ ဘုရားကြီးကို လာရောက်မဖူးမြော်ရသေးတဲ့သူများလည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုယ့်မြို့ကိုယ့်ရွာ ဘုရားဆိုတော့  ကျန်တဲ့သူများကိုလည်း ခေါ်ပြီးဖူးဦးမှာပါ။ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာကိုလည်း ရောက်ဖူးပါတယ်။ အိန္ဒိယနိုင်ငံကတည်တဲ့ ဘုရားနဲ့ ကိုယ့်နိုင်ငံက တည်တဲ့ဘုရား လက်ရာကမတူပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်   ကိုယ့်နိုင်ငံက ကိုယ့်ဘာသာကိုမြတ်နိုးတဲ့ အတွက် မြန်မာ့လက်ရာဖြစ်တဲ့အပြင် ကြည်ညိုမှုဖြစ်မိပါတယ်။  ဘုရားကြီးကို တည်ကတည်းက နိုင်ငံခြားပညာရှင် မပါဘူးဆိုတော့ အဲဒီကတည်းက ပိုပြီးကြည်ညိုပီတိဖြစ်မိပါတယ်။  ဦးဆောင်ဘုရားဒါယကာကြီးကိုလည်း   ဘုရားကြီးဖြစ်မြောက်အောင် တည်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Description: C:\Users\Administrator\Desktop\9-8-2023\98116.JPG

ဒေါ်မိုးတင် (ဟိုပုံး)

    မာရဝိဇယဘုရားကြီးကို တအားဖူးမြော်ချင်လို့ ဟိုပုံးမြို့ကနေ လာရောက်ဖူးမြော် တာဖြစ်ပါတယ်။  ကိုယ်တိုင် လာရောက် ဖူးမြော်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။   တခြားသောဆွေမျိုး ညီအစ်ကိုမောင်နှမများကိုလည်း ဘုရားကြီးကို လာရောက် ဖူးမြော်စေချင်ပါတယ်။ ဘုရားကြီးကို   ဒီလိုမျိုး တခမ်းတနားနဲ့ သပ္ပာယ်စွာ ဖူးတွေ့ရတဲ့အတွက် အံ့သြမိပါတယ်။ ကမ္ဘာမှာ  ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူ စကျင်ကျောက်တော်ကြီး ဘုရားလို့လည်းသိရတယ်။ အားလုံးကိုလည်း  မာရဝိဇယ ဘုရားကြီးကို   လာရောက်ဖူးမြော်ဖို့ တိုက်တွန်းချင်ပါတယ်။            

လင်းကြည်လင်း ၊ လဲ့ရည်လှိုင်