ဖူးမြော်ရွှင်ပျ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်နူးပီတိများစွာဖြင့် ဖူးမြော်ကြည်ညို ခဲ့ကြသူများ၏ စကားသံများ

ဖူးမြော်ရွှင်ပျ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ကြည်နူးပီတိများစွာဖြင့် ဖူးမြော်ကြည်ညို ခဲ့ကြသူများ၏ စကားသံများ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်  ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်တော်မူခဲ့ပြီး ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို သြဂုတ်  ၈ ရက်မှ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများဆောင်ရွက်ပြီး အခမဲ့ ဖူးမြော်ခွင့်ပြုလျက်ရှိသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များနှင့် ဘုရားဖူးလာပြည်သူများအနားယူနိုင်ရန်အတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်နှင့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးတို့ကို ထည့်သွင်း တည်ဆောက်ထားသည်။

ထို့ပြင် ဘုရားဖူးပြည်သူများ လေ့လာနာယူကြည်ညိုနိုင်စေရန် ပိဋကတ်သုံးပုံလာတရားတော်များကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ စကျင်ကျောက်ချပ်များပေါ်တွင် ထွင်းထုထားပြီး ကျောက်စာရုံ စေတီတော် အဆူ ၇၂၀ ဖြင့် ထည့်သွင်းတည်ဆောက်ပူဇော်ထားရှိသည်။

ယင်းသို့တည်ထားပူဇော်ထားရှိမှုများအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူပြည်သူများ၏ ကြည်ညိုသဒ္ဓါပွားများဖွယ်ရာ ပီတိစကားသံများကို ဖော်ပြလိုက်ရပါသည်-

ဦးဝိမလ၊  မင်းကျောင်းကျောင်းတိုက်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ပဲခူးတိုင်း ဒေသကြီး

ဘုန်းဘုန်း အပါအဝင် ဆရာတော်ငါးပါးနဲ့ ကျောင်းသားသုံးယောက်ပါပါတယ်။ ဘုရားကြီးရဲ့ ပရိဝုဏ် အတွင်းကို ဝင်လာကတည်းက  ကားတွေတစ်စီးနဲ့တစ်စီး မထိခိုက်မိအောင် ကားပါကင်တွေ၊ ယာဉ်ထိန်းရဲတွေ ထားရှိပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ ဒါ့အပြင် ဘုန်းဘုန်းတို့ ဆွမ်းစားချိန်နီးတဲ့ အခါမှာလည်း ဒံပေါက်ဆွမ်းကို   လာရောက်ကပ်လှူကြပါတယ်။ ဘုန်းဘုန်းတို့လို    ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အို တွေအတွက် အဝင်မုခ်ဦးကနေ စက်လှေကားရှိတဲ့နေရာအထိ အကြိုအပို့ကားတွေ   စီစဉ်ပေးထားပါတယ်။ 

ဘုန်းဘုန်းရဲ့ သက်တမ်းတစ်လျှောက်မှာ ဒီလောက်ကြီးမားပြီး ခံ့ညားသပ္ပာယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်မျိုး တစ်ခါမှမတွေ့ဖူးတဲ့အတွက် အထူးအဆန်းဖြစ်ပြီး တအံ့တသြဖြစ်မိပါတယ်။ ဘုရားကြီးကို ကြည်ညိုသပ္ပာယ်စွာ ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ အခုလိုဘုရားကြီးကို တည်ထားခြင်းအားဖြင့် လာရောက်ဖူးမြော်ကြတဲ့ ခုနစ်ရက်သားသမီးတွေရဲ့စိတ်ထဲမှာ ကြည်ညိုသဒ္ဓါပွားများပြီး ကုသိုလ်စိတ်တွေဖြစ်ပေါ် စေမှာဖြစ်ပါတယ်။  ဒါ့အပြင် သီလ၊ သမာဓိစောင့်ထိန်း လိုစိတ်ကိုလည်း ပိုမိုဖြစ်ပေါ်စေ ပါလိမ့်မယ်။ ကျောက်စာရုံစေတီတော်တွေအထဲမှာလည်း မြတ်စွာဘုရားရဲ့အဆုံးအမ တွေဖြစ်တဲ့ ပိဋကတ်တရားတော်တွေကို ရေရှည်တည်တံ့ခိုင်မြဲအောင် ကျောက်ထက် အက္ခရာတင်ပြီး  ထွင်းထုပူဇော်ထားတဲ့ အတွက် အရမ်းကောင်းမွန်ပါတယ်။ တခြားစာရွက်စာတမ်းတွေ၊ ပေစာတွေနဲ့ဆိုရင် ခြစားမှာ၊ ရေစိုပျက်စီးမှာ စတဲ့အခြေအနေတွေအတွက် စိုးရိမ်ရပါမယ်။ သာသနာတော်ကြီးကိုချစ်မြတ်နိုးတဲ့ အခုလိုမင်းကောင်းမင်းမြတ်တွေရှိရင် မြတ်ဗုဒ္ဓရဲ့ သာသနာတော်ကြီး နေလိုလလိုထွန်းလင်းတောက်ပမှာဖြစ်ပါတယ်။ ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာသနာတည်မယ်၊ ဗုဒ္ဓသာသနာတည်သရွေ့ မာရဝိဇယဘုရားကြီးနဲ့ ကျောက်စာတွေ တည်တံ့ခိုင်မြဲ နေမယ်လို့ ဘုန်းဘုန်းစိတ်ထဲက မှတ်ယူပါတယ်။ ဒီကပြန်သွားရင်လည်း အခြားခုနစ်ရက်သားသမီးတွေ လာရောက်ဖူးမြော်ကြဖို့ စကားလက်ဆင့်ကမ်းပေးဦးမယ်။

ဒေါ်ချိုချိုခိုင်၊ အထက(ခွဲ)စံဝါအောင်း၊

နေပြည်တော်

မာရဝိဇယဘုရားကြီးကို ကျောင်းအုပ်ဆရာကြီးရဲ့ စီစဉ်ပေးမှုနဲ့ ဆရာမတွေဦးစီး ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ ဆရာမ တွေနဲ့ ကျောင်းသား၊ ကျောင်းသူအားလုံး ၄၇ ယောက်ပါ။  ကျွန်မတို့ကျောင်းက ကျောင်းသား၊ ကျောင်းသူတွေ ဗဟုသုတရဖို့အတွက် အတန်းလိုက် အလှည့်ကျ ဘုရားဖူးစေလွှတ်ပေးတာဖြစ်ပါတယ်။ တနင်္လာနေ့ကနေ  သောကြာနေ့အထိတစ်နေ့ကိုနှစ်ဖွဲ့စီ လာရောက်ဖူးမြော်ကြတာ ဖြစ်ပါတယ်။ အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေလည်း အရမ်းပျော်ရွှင်နေကြပါတယ်။ ဘုရားကြီးကိုဖူးမြော်ခွင့်ရတဲ့အပြင် ဘုရားကြီးရဲ့ ပတ်လည်မှာ တည်ဆောက်ထားတဲ့ ဂန္ဓကုဋိတိုက်တွေထဲမှာ   စကျင်ကျောက်နဲ့ ထွင်းထုပူဇော်ထားတဲ့ ဗုဒ္ဓဝင်ကျောက်ထွင်းပန်းချီကားတွေနဲ့ နံရံဆေးရေးပန်းချီတွေကို လည်း လေ့လာခွင့်ရတဲ့အတွက် မြန်မာမှုနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရရှိခဲ့ပါတယ်။ ဘုရားကြီးရဲ့ ပတ်ဝန်းကျင်ရှုခင်းတွေကိုလည်း စနစ်တကျနဲ့ လှလှပပပုံဖော်ဖန်တီးထားတာကိုတွေ့ရပါတယ်။ မုခ်ဦးအဝင်ကစပြီး ဘုရားကြီးရဲ့ပတ်ဝန်းကျင်

တစ်ခုလုံး သန့်ရှင်းသပ်ရပ်အောင် ပြုလုပ်ပေးထားတဲ့အတွက် ဘုရားဖူးရင်းကုသိုလ်ရရှိရုံသာမကဘဲ စိတ်ကြည်နူးချမ်းမြေ့မှုကိုပါရရှိစေပါတယ်။ ဒါ့အပြင် ကျောက်စာရုံစေတီတွေကို လေ့လာရတဲ့အတွက်လည်း ကျောင်းသား၊ ကျောင်းသူတွေအတွက် ဗဟုသုတများစွာရရှိစေပါတယ်။ အခုလို ကြီးမားခန့်ထည်ပြီး ကြည်ညိုဖွယ်ရာကောင်းလှတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာကြည်နူးမိပြီး သာဓုအကြိမ်ကြိမ်ခေါ်ဆိုမိပါတယ်။

ဒေါ်သန်းသန်းဝင်း၊ ရန်ကုန်မြို့

ဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ တကူးတကလာခဲ့တာပါ။ တီဗွီသတင်းတွေနဲ့ သတင်းစာတွေကိုကြည့်ပြီး အရမ်းဖူးချင်နေခဲ့တာပါ။ ဘုရားကြီးကို ကိုယ်တိုင်လာပြီး ဖူးမြော်ရတဲ့အချိန်မှာ ပိုပြီးအံ့သြရပါတယ်။ စကျင်ကျောက်တွေနဲ့ သီးသန့်ထုလုပ်ထားပြီး ဒီလောက်ကြီးမားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တစ်သက်မှာတစ်ခါမှ မတွေ့ဖူးပါဘူး။ ဘုရားကြီးကို   ဖူးမြော်ခွင့်ရတဲ့အတွက် အတိုင်းမသိ ကြည်နူးပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးရဲ့ ပရိဝုဏ်တစ်ခုလုံးကို စကျင်ကျောက်တွေနဲ့  အလှဆင်ထားပါတယ်။ သုဓမ္မာဇရပ်တွေဆိုရင်လည်း စကျင်ကျောက်ပြားတွေခင်းထားတဲ့အပြင် မြန်မာမှုလက်ရာတွေနဲ့ အလှဆင်ထားတဲ့အတွက် အရမ်းလှပါတယ်။ ရေပန်းရင်ပြင်ကြီးကိုလည်း စကျင်ကျောက်ပြားတွေနဲ့ အလှဆင်ထားတာကို   တွေ့ရပါတယ်။  ပန်းအလှပင်တွေကိုလည်း ဘုရားကြီးရဲ့ဝင်းတစ်ခုလုံးမှာ စနစ်တကျ ညီညာလှပစွာ စိုက်ပျိုးထားတဲ့အတွက်  စိတ်ကြည်နူးမှုရရှိစေပါတယ်။

မုစလိန္ဒအိုင်နဲ့    နဂါးရုံဘုရားကလည်း သပ္ပာယ်လှပါတယ်။ ကျောက်စာရုံစေတီတွေကိုလည်း စနစ်တကျနဲ့ သပ်သပ်ရပ်ရပ်ညီညီညာညာ ဆောက်လုပ်ထားပြီး မြတ်စွာဘုရားရဲ့ အဆုံးအမတွေကို ကျောက်ထက်အက္ခရာ တင်ထားတဲ့အတွက် နောင်နှစ်ပေါင်းများစွာတိုင်အောင် တည်တံ့ခိုင်မြဲနေမှာဖြစ်ပါတယ်။ ဒီလိုကြီးကျယ်ခမ်းနားပြီး လှပသေသပ်တဲ့ မြန်မာမှုလက်ရာတွေနဲ့ ထွင်းထုပူဇော်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကျွန်မတို့နိုင်ငံမှာ တည်ထားကိုးကွယ်နိုင်တဲ့အတွက် မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ အခြားသူတွေကိုလည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းချင်ပါတယ်။    ။

ပြည့်ဖြိုး(မြဝတီ)