မကွေးတိုင်းဒေသကြီးအတွင်း GAP နည်းစနစ်ဖြင့် မိုးနှမ်းစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုး

မကွေးတိုင်းဒေသကြီးအတွင်း ယခုနှစ် မိုးရာသီကာလတွင် မိုးနှမ်းသီးနှံကို GAP နည်းစနစ်ဖြင့် စိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးနေကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ဆောင်ရွက်ရန်   သီးနှံစိုက်ပျိုးရ လွယ်ကူခြင်း၊  ဒေသနှင့်ကိုက်ညီခြင်း၊ မျိုးပွားရလွယ်ကူခြင်း၊ ပြည်ပနိုင်ငံများမှ ကြိုက်နှစ်သက်သည့် Organic သီးနှံများကို သိပ္ပံနည်းကျ အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ပြီး ဈေးကွက်တင်ပို့ ရောင်းချနိုင်ရန်အတွက် GAP  နည်းစနစ်ဖြင့် စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်သည်။

ယခုနှစ်မိုးရာသီကာလတွင် မိုးသီးနှံကို GAP  နည်းစနစ်ဖြင့် မကွေးခရိုင်၌ စိုက်ဧက ၆၂ဝဝ၉ ဧက၊ မင်းဘူးခရိုင်၌ စိုက်ဧက ၁ဝဝဝဝ၊ သရက်ခရိုင်၌ စိုက်ဧက ၁၇ဝ၂၂ ဒသမ ၆၈ ဧက၊ ပခုက္ကူခရိုင်၌ စိုက်ဧက ၁ဝ၁ဝဝ၊ ဂန့်ဂေါခရိုင်၌ စိုက်ဧက ၃ဝဝဝ စိုက်ပျိုး ထုတ်လုပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးလင်းမြတ် ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးနှမ်းသီးနှံကို GAP နည်းစနစ်ဖြင့်၂ဝ၁၈ ခုနှစ်တွင် စိုက်ဧက ၂၂ဝ၈ဝ၊ ၂ဝ၁၉ ခုနှစ်တွင် စိုက်ဧက ၅ဝဝဝဝ လျာထား စိုက်ပျိုးနိုင်ခဲ့သည်။

စိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ အသုံးပြုနေသည့် ဓာတုဆေးဝါးများသည် သီးနှံစိုက်ပျိုး ထုတ်လုပ်သော တောင်သူများ၏ ကျန်းမာရေးကို ထိခိုက်စေသည်သာမကပတ်ဝန်းကျင်ညစ်ညမ်းမှုကိုပါ ဖြစ်စေပြီး နောက်ထပ်အကျိုးဆက်အဖြစ် သီးနှံများတွင် ဓာတုဓာတ်ကြွင်း ပါဝင်မှုများကြောင့် လူနှင့်လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်း၊ Organic ဖြင့်စိုက်ပျိုးသော သီးနှံတွင် ဓာတုဆေးများ၊ ပိုးသတ်ဆေးများ၊ ပေါင်းသတ်ဆေးများကို လုံးဝအသုံးမပြုရသည့် အတွက် ပတ်ဝန်းကျင်နှင့်  လူမှုဘဝများ အပေါ် ဆိုးကျိုးများ မသက်ရောက်စေသည့်အတွက် GAP နည်းစနစ်ဖြင့် ဆောင်ရွက်နေကြောင်းမကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။