မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆဋ္ဌမမြောက်နေ့ (ယနေ့)တွင် လာရောက်ဖူးမြော်ကြသည့် ဆရာတော် သံဃာတော်များနှင့် ဘုရားဖူး အလှူရှင်များ၏ ဝမ်းသာပီတိစကားသံများ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် အတွက် သြဂုတ် ၈ ရက်မှ ၁၆ ရက်အထိ နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအထိ အခမဲ့ဖူးမြော်ကြည်ညိုရန် ဖွင့်လှစ်ထားသည်။  အဆိုပါ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဆဋ္ဌမမြောက်နေ့ (ယနေ့)တွင် လာရောက်ဖူးမြော်ကြသည့် ဆရာတော် သံဃာတော်များနှင့် ဘုရားဖူး အလှူရှင်များ၏ ဝမ်းသာပီတိစကားသံများကိုလည်း ပြန်လည်မျှဝေလိုက်ရပါသည်-

Description: C:\Users\Administrator\Desktop\14-8-2023\148143.JPG

ဘဒ္ဒန္တ ဣန္ဒာစရိယ၊( မိတ္ထီလာမြို့)

    တကယ်သက်တော်ထင်ရှား ဘုရားကို ဖူးရသလိုပါပဲ။ ကြည်နူးမှုဖြစ်ရပါတယ်။ ပုဂ္ဂိုလ်များထဲမှာ ထူးထူးခြားခြားဖြစ်တာပေါ့လေ။ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီးတော့မှ ဘုရားရယ်လို့ဖြစ်လာတာ။ အဘက်ဘက်က ပြည့်စုံနေတာကို ဘယ်သူမှ နှိုင်းယှဉ်လို့မရတဲ့ အနေအထား မျိုးပါပဲ။ သက်တော်ထင်ရှား မြတ်စွာဘုရားကို ဘုရားဖူးတွေက လာဖူးရသလိုပါပဲ။ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူတွေ အထူးစည်ကား များပြားတာတွေ့ရ တော့လည်း ကြည်နူးရပါတယ်။ ဒီဘုရားကြီးကို ကြည့်ခြင်းအားဖြင့် ဗုဒ္ဓသာသနာ နေလိုလလို ထွန်းတောက်တယ်ဆိုတာ ထင်ရှား တာကိုပြလိုက်တာပဲ။  မြန်မာပြည်အနှံ့ ဘုရားပေါင်းများစွာ ဖူးဘူးပါတယ်။ အခြားနေရာက ဘုရားတွေထက်ပိုပြီး   ခံ့ညားတယ်။ အဘက်ဘက်က ပြီးပြည့်စုံတယ်။ စနစ်ပိုပြီးကျတာ တွေ့ရပါတယ်။  အခုလို များပြားလှတဲ့ ဧည့်ပရိသတ်ကို ထိန်းနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ဒီမှာတော့ ဘယ်လောက် ဧည့်ပရိသတ်လာလာ  ဘုရားရင်ပြင်တော် ပေါ်ရောက်ရင် ဘုရားရဲ့ရင်ငွေ့တော် ခိုလှုံရသလို အေးမြသွားတယ်။  အားလုံးက စကျင်တွေနဲ့လုပ်ထားတော့     ခိုင်ခံ့မှု၊ လှပမှု၊ သပ္ပာယ်မှုဘာမှ ပြောစရာမရှိအောင် ပြည့်စုံလွန်းပါတယ်။ ဆေးမခြယ်တဲ့အတွက် ရေရှည်အခုမြင်ရတဲ့အတိုင်းပဲ   တည်ရှိနေမှာပဲလေ။ ဆေးခြယ်တာဆိုရင် မှိန်တာပြုတာရှိနိုင်တယ်။ အခုက သဘာဝအတိုင်း ကျောက်သား၊ ကျောက်ဆစ်နဲ့ထုလုပ်ထား တာဆိုတော့   ခိုင်ခံ့မှု၊ လှပမှု၊ သပ္ပာယ်မှုတွေအားလုံးက  ဘာမှပြောစရာမလိုဘူး။ သာသနာအတွက်တော့ ဒုတိယ သီရိဓမ္မာသောကမင်းလို့ပဲ ဦးဇင်းအနေနဲ့ မှတ်ချက်ပေးချင်ပါတယ်။     ခံ့ညားထည်ဝါတဲ့ အတိုင်းအတာကတော့   ဘယ်တုန်းကမှမတွေ့ဖူးပါဘူး။   အခြားအခြားသော ဘာသာတွေဆိုရင်လည်း သူတို့ဘာသာကို သူတို့ အထွတ်အထိပ် လုပ်ကြတာပဲလေ။ အခုလည်း ဗုဒ္ဓဘာသာအတွက် အကောင်း ဆုံး လုပ်လိုက်တာပဲလေ။ ကလေးတွေတောင် အခုလို ဘုရားကြီးကို ဖူးတွေ့ရတဲ့အချိန်မှာ ဝမ်းသာကြမှာပဲလေ။  လူကြီးတွေဆိုရင် တော့ပြောဖွယ်ရာမရှိ    ကြည်နူးဝမ်းသာမဆုံးပေါ့။    ဘိုးဘွားရိပ်သာ တစ်ခုကို သွားပြီးလှူခဲ့ရင်  အဲဒီဘိုးဘွား ရိပ်သာက လူတစ်စုလောက်လေးပဲ ချမ်းသာမှုကိုရမှာပါ။ အခုလို ဘုရားကြီးကို တည်လိုက်တယ်ဆိုတာ ဒီဘုရားကိုရောက်လာတဲ့ ခုနစ်ရက်သားသမီးအားလုံး စိတ်ချမ်းသာမှုရမှာပဲလေ။ ကုသိုလ်စိတ်တွေဖြစ်ကြမယ်။ အဲဒီကုသိုလ်စိတ်က တမလွန်ဘဝမှာ ကောင်းကျိုးတွေပေးသွားမှာပဲလေ။ အဲဒါက ဘုရားတည်ခြင်း အနှစ်သာရပဲ။

Description: C:\Users\Administrator\Desktop\14-8-2023\148144.JPG

ဒေါ်သန်းနွဲ့၊ ရန်ကုန်မြို့

    ဒီနေ့ဘုရားကြီးလာဖူးရင်းနဲ့ ဘုရားကြီးအတွက် အလှူငွေ ၈၆ သိန်း လှူဒါန်းခဲ့ပါတယ်။ အဘွားသားလေးရဲ့ပင်စင်ကိုစုပြီး လှူတာပါ။ ဘုရားဖူးရတာရော အလှူငွေတွေ လှူခဲ့ရတဲ့အပေါ်ဝမ်းမြောက်ကြည်နူးရပါတယ်။ အဘွားရဲ့သားက(တေဇ-၁၅)က သူရဲကောင်းမှတ်တမ်းဝင် ဒုတိယဗိုလ်အေးချမ်းပါ။ သူ့ပင်စင်လေးကို စုပြီးတော့ အဘွားတို့က ဒါနပြုတာပါ။ ဘုရားကြီးတည်ဖို့ ကျောက်တုံးတွေစသယ်တဲ့ အချိန်ကစပြီးတော့ အောင်အောင်မြင်မြင် တည်နိုင်ပါစေလို့ ဆုတောင်းခဲ့တာပါ။  အဘိုးတို့အဘွားတို့က အသက်တွေကလည်း ၈၆/၈၇ ရှိပြီ။ ကိုဗစ်တွေကလည်းဖြစ်နေတော့ ဘုရားကြီးပြီးအောင်မှ အသက်ရှင်ခွင့်ရပါ့မလား ဆိုပြီး နှစ်ယောက်သား ပြောဖြစ်ခဲ့သေးတာ။ အခုတော့ ဘုရားကြီးအနေကဇာတင်တဲ့ အထိနေရတဲ့အတွက်၊ ကိုယ်တိုင်ကိုယ်ကျဖူးခွင့်ရ တဲ့အတွက် အရမ်းပဲကြည်နူး ဝမ်းသာရပါတယ်။  အခုဒီမှာဘုရားဖူးတွေကလည်း တအားစည်ကားတာ တွေ့ရတော့ ဝမ်းသာကြည်နူးရပါတယ်။   ဗုဒ္ဓသာသနာကြီး ဒီထက်အဓွန့်ရှည်ဖို့ တတ်နိုင်သမျှ ကုသိုလ်ပြုမှာပါ။ အခုလို ခမ်းနားတဲ့ဘုရားသာမက သာသနိက အဆောက်အအုံတွေ  အဘွားတစ်သက် မတွေ့ဖူးပါဘူး။

Description: C:\Users\Administrator\Desktop\14-8-2023\148145.JPG

ဦးသန်းထွန်း၊ ပျော်ဘွယ်မြို့နယ်

    ကျွန်တော်တို့ ဒီနေ့ဘုရားကြီးကို လာဖူးတာ ရွာကလူ ၂၀၀ ပါပါတယ်။ မနက် ၇ နာရီရွာက ထွက်လာကြတာပါ။   ရွာကဆရာတော် ဦးတိလောကရဲ့ အစီအစဉ်နဲ့ ကား ၁၂ စီးကို အပြတ်ငှားပြီး လာကြတာပါ။ ဘုရားကြီးကို ဖူးရတာရယ်၊  သာသနိက အဆောက်အအုံတွေကိုမြင်ရတော့ တကယ့်အံ့မခန်းပါပဲ။    အသက် ၆၄ နှစ်ရှိပါပြီ။ဒီလိုပြီးပြည့်စုံပြီး   ခမ်းနားတာမတွေ့ဖူးသေးပါဘူး။ ဗုဒ္ဓဘာသာ အဓွန့်ရှည်အောင် အခုလိုဘုရားတွေတည် ဆောက်လုပ်လှူဒါန်း ပေးတဲ့အတွက် ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ကျေးဇူး အထူးတင်ပါတယ်။ တကယ့်ထူးဆန်းအံ့ဖွယ်ပါပဲ။  ရွာပြန်ရောက်ရင်လည်း ဘုရားကြီး   ကြီးကျယ်ခမ်းနားတဲ့ အကြောင်းကိုပြောပြီး   မဖူးရသေးတဲ့သူတွေကိုလည်း သွားဖူးဖြစ်အောင်ဖူးကြဖို့ တိုက်တွန်းဦးမှာပါ။ မြန်မာပြည် အရပ်ရပ်မှာနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း ဘုရားကြီးကို ဖူးဖြစ်အောင်ဖူးကြဖို့  တိုက်တွန်းပါတယ်။ တကယ့်အံ့ဖွယ်ဘုရားကြီးပါပဲလို့ တိုက်တွန်းစကား ပြောချင်ပါတယ်။

Description: C:\Users\Administrator\Desktop\14-8-2023\148146.JPG

ဦးသုခ ခေါ် ဦးဝင်းမြင့်၊ လယ်ဝေးမြို့

    မိသားစုလိုက် လာဖူးတာပါ။ အင်မတန် ကြည်နူးနှစ်သက်ရပါတယ်။ သာသနာတော်ကို အဓွန့်ရှည်ထွန်းလင်းအောင် လုပ်တာဖြစ်လို့    မင်းကောင်းမင်းမြတ်တွေရဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။ ငွေရှိတိုင်း လုပ်လို့ရတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ အတိတ်ကကုသိုလ်တွေ၊ ဘုန်းရှိတဲ့ ပုဂ္ဂိုလ်တွေသာ လုပ်နိုင်တာပါ။  တော်ရုံလူတွေ မလုပ်နိုင်တဲ့အလုပ်ပါ။ စကျင်ကျောက်ကြီး စတွေ့တယ်။ စကျင်ကနေ နေပြည်တော်ကို သယ်တယ်ဆိုတာ တော်ရုံတန်ရုံနဲ့ လုပ်လို့ရတဲ့ အလုပ်မဟုတ်ပါဘူး။ ဒီရောက်တော့လည်း ကျောက်တွေကို ပလ္လင်တော်ကစပြီး ဘုရားကြီး ထွင်းထုရတဲ့ကိစ္စတွေက အသိပညာ အတတ်ပညာတွေနဲ့လုပ်ရတာရယ်၊ အဲဒီလုပ်ဆောင်ချက်တွေ အားလုံးကို သူများ နိုင်ငံသား ပညာရှင်တွေမပါဘဲ ကိုယ့်ပြည်တွင်းက ပညာရှင်တွေနဲ့ လုပ်ဆောင်နိုင်တာဟာ အင်မတန်မှ ထူးခြားမြင့်မြတ်တဲ့ကိစ္စ ဖြစ်လို့ ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ပြည်ပအကူအညီမပါဘဲ ပြည်တွင်းက အသိပညာရှင်တွေ အတတ်ပညာရှင်တွေနဲ့ ထွင်းထုတည်ဆောက်တာဖြစ်လို့  နိုင်ငံအနေနဲ့ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ဘာသာဟာ ယဉ်ကျေးသိမ်မွေ့ပြီး နူးညံ့တဲ့ ဘာသာဖြစ်ပါတယ်။ အမှန်တရားကိုသာ ဆောင်ရွက်တဲ့ ဘာသာတရားဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် အားလုံးကလည်း လိုက်လျောညီထွေ ယုံယုံကြည်ကြည် ကိုးကိုးစားစားနဲ့ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ်။ အထူးကြည်နူးရတာကတော့ ဘုရားကြီး ဗုဒ္ဓါဘိသေက  အနေကဇာတင်တဲ့ဟာကို တီဗွီကြည့်ရင်း  တွေ့မိလိုက်တဲ့အချိန်မှာ ပြည်ပနိုင်ငံတွေက အဓိပတိဆရာတော်ကြီး တွေကိုယ်တိုင် အနေကဇာ တင်သွားတာပါပဲ။  ကျွန်တော် အသက် ၇၀ ကျော်ပါပြီ။   အဲဒီလိုအနေကဇာတင်တဲ့ ဘုရားဆိုတာ  ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူပဲရှိပါတယ်။      အရင်လည်း မကြုံဘူးသလို နောက်လည်းကြုံဖို့မလွယ်ပါဘူး။ ပြည်တွင်းဆရာတော်ကြီးတွေဆို မပြောလိုပါဘူး။ ပြည်ပကဆရာတော်ကြီးတွေ ပင့်ဖိတ်ပြီး အနေကဇာတင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ပြည်တွင်းဆရာတော်ကြီးတွေ ဆိုရင်တောင်မှ အဲဒီနေ့ကဝါဝင်တဲ့ နေ့ဖြစ်လို့ ဝါဆိုဝါကပ်ဖို့ အချိန်မီနေ့ချင်းပြန်ပို့ဖို့ ဆိုတာ  တော်ရုံနဲ့လုပ်လို့ရတဲ့ ကိစ္စ မဟုတ်ဘူးလေ။  အဲဒါကြောင့်ထူးခြားတဲ့ ဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။

Description: C:\Users\Administrator\Desktop\14-8-2023\148147.JPG

ဒေါ်မြလေး၊ မန္တလေးမြို့

    ဘုရားဖူးရင်း ဘုရားကြီးအတွက် အလှူငွေ သိန်း ၂၀ လှူခဲ့ပါတယ်။ အများကြီးဝမ်းသာပါတယ်။ ဦးဆောင်ဘုရားဒါယကာကြီးနဲ့ ဝိုင်းဝန်းလုပ်ဆောင်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အလှူရှင်တွေ အားလုံးကို  ကျေးဇူးတင်ပါတယ်။ တည်ဆောက်ထားတာ အင်မတန်ခံ့ညား ကြည်ညိုဖွယ်ကောင်းပါတယ်။   အဘွားအသက် ၈၀ ကျော်ပါပြီ။    ဒီလိုကြီးမားခံ့ညားပြီး ပြည့်စုံတဲ့  ဘုရားမတွေ့ဖူးသေးပါဘူး။ ဘုရား၊ ကျောင်း၊ ကန်၊ ဇရပ်၊ ဗိမာန်တွေ စုံလင်အောင် ဆောက်ထားတာ တွေ့ရပါတယ်။   ဘုရားဖူးရတာ ဝမ်းသာတယ်။ လှူပြီးလို့ စိတ်ချမ်းသာတယ်။ ပြည်သူတွေ အခုလို   စိတ်ချမ်းသာသာနဲ့ဖူးနေရတာ ဘုရားတည်တဲ့ သူတွေလည်း ကုသိုလ်တွေ အများကြီးရမှာဖြစ်ပါတယ်။  သူများနိုင်ငံကို မသွားရဘဲ  ကိုယ့်နိုင်ငံမှာပဲ  ဖူးခွင့်ရလို့ တည်တဲ့ ပုဂ္ဂိုလ်တွေကို ကျေးဇူးတင်ပါတယ်။ အဘွားက အသက်  ၈၄  နှစ်ဆိုတော့ ကိုယ့်ပြည်တွင်းမှာပဲ အလွယ်တကူ ဖူးရတာကိုပဲ ကျေးဇူးတင်နေရပါတယ်။ ဘုရားကြီးတည်ဖို့     ကျောက်တွေသယ်ကတည်းက နေ့တိုင်းဆုတောင်း မေတ္တာပို့တယ်။ ဘုရားကြီးတည်တဲ့လူတွေ အားလုံးကို ဘုန်းကြီးပါစေ  အသက်ရှည်ပါစေလို့ ဆုတောင်းပေးပါတယ်။     ။

လင်းကြည်လင်း