မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်  သြဂုတ်  ၁၃

    အဋ္ဌမအကြိမ်မြောက်    မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တွဲဆိုင်းခြောက်ဆိုင်း ပါဝင်ထိုးသတ်ကြမည်ဖြစ်ကြောင်း   သိရသည်။

အဆိုပါပြိုင်ပွဲ၏ ငါးချီပြိုင်ပွဲ ၈၀ ကီလိုတန်းတွင် ပထမတန်း ချန်ပီယံလက်ဝှေ့ကျော် ထွန်းထွန်းမင်းက နာမည်ကြီး လက်ဝှေ့ကျော် သွေးသစ်ဝင်းလှိုင်နှင့် ဒုတိယအကြိမ်မြောက် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။ ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းလတ်(မြန်မာ)နှင့် Kohei Tokeshi (ဂျပန်)၊ ၇၁ ကီလိုတန်းတွင် ကျော်စွာဝင်း(မြန်မာ)နှင့် Avatan (ထိုင်း)၊ ၆၃.၅ ကီလိုတန်းတွင် စိန်လုံးချောနှင့် မိုးထက်အောင်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ပြီး  အနိုင်ရရှိသူကို  ချန်ပီယံခါးပတ်ဆု ချီးမြှင့်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လေးချီစိန်ခေါ်ပွဲ၌ ၆၅ ကီလိုတန်းတွင် ဟံသာဝတီနှင့်စီတို၊ ၅၄ ကီလိုတန်းတွင် တိုင်းကျော်နှင့် ဝူသောဒိုတို့ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

၎င်းအဋ္ဌမအကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို  သြဂုတ် ၂၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး   Skynet Sports 4/HD ရုပ်သံလိုင်းမှ Live တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကာ ရုံတွင်းဝင်ရောက် အားပေးကြည့်ရှုလိုသူများ အနေဖြင့် ရုံဝင်ကြေး ငွေကျပ် ၁၀၀၀၀၊ ငွေကျပ် ၂၀၀၀၀ နှင့် ငွေကျပ် ၅၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။