အသိအလိမ္မာနှင့် ဗဟုသုတပြည့်ဝပါစေ

ကျွန်မတို့ငယ်စဉ်ကျောင်းနေရမယ့်အရွယ်မှာ မိဘတွေကကျောင်းကိုလွှတ်လို့ စာသင်ကြားစေရပါတယ်။

ကျောင်းလွယ်အိတ်လေးတွေကို   ကိုယ်စီလွယ်လို့ ကျောင်းတက်ရတာ   ပျော်စရာကောင်းလှပါတယ်။ လွယ်အိတ်ကိုယ်စီလွယ်ပြီး ကျောင်းသွားကြတဲ့ သားသမီးတွေကိုကြည့်ပြီး မိဘတွေကလည်း တပြုံးပြုံးနဲ့ပါပဲ၊  ကျောင်းမှန်မှန် တက်စာမခက်တဲ့  ငယ်ဘဝက သတိရစရာပါ။ ကျောင်းကဆရာများက စာပေတင်မက ဂီတ၊ ပန်းချီ၊ စိုက်ပျိုး၊ အားကစား၊ အိမ်တွင်းမှုနဲ့ စက်မှုတို့ကို သင်ကြားပေးပါတယ်။ ပြည်သူ့နီတိဘာသာရပ်အပါအဝင်ပေါ့။ ကျွမ်းကျင်လှချည်ရဲ့ တတ်မြောက်ပါပေရဲ့လို့တော့မဆိုသာပေမယ့်   ကျောင်းစာမက ကျောင်းပြင်ပလေ့လာစရာတွေ စတင်ရင်းနှီးကျွမ်းဝင် မျိုးစေ့များ ရင်ထဲကိန်းအောင်းတာ အမှန်ပါပဲ၊ စုစုရုံးရုံးလုပ်ရတာဖြစ်လို့ ဝါသနာတူရာသင်းပင်း အဖွဲ့ဝင်ချင်းတော့ ရင်းနှီးချစ်ခင်ကြစေပါတယ်။ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားရည်လုပွဲ၊ အကပြိုင်ပွဲတွေပါ ယှဉ်ပြိုင်ကြ

တာလည်း    အမှတ်တရပါပဲ။   သတိထားမိရင် ကိုယ်စွမ်းကိုယ်စ သတိထားမိကြမယ်ယူဆပါတယ်။သာမန်အားဖြင့် ပင်ကိုအစွမ်းအစ၊ ပင်ကိုအရည်အသွေးတွေဆိုတာ ရုတ်တရက်မသိနိုင်သလို ထုတ်သုံးဖို့ရာလည်း အားမထုတ်ကြပါဘူး။ သတိမမူဂူမမြင် ဆိုရိုးစကားဆိုသလိုပါပဲ။

ဒီလိုနဲ့ ကျောင်းနေအရွယ်ပြီးမြောက်လို့ လူလားမြောက်တော့   မိမိတို့ကျင်လည်ရာ   ဆွေမျိုးနီးစပ် ပတ်ဝန်းကျင်ရဲ့ လုပ်ငန်းကိုင်ငန်းများကိုပဲ လက်ဆင့်ကမ်းလို့  တာဝန်ထမ်းကြတဲ့အစဉ်အလာပါပဲ။   ရုံးဝန်ထမ်းနဲ့နီး ရုံးဝန်ထမ်း၊ ကျောင်းဆရာနဲ့နီး ကျောင်းဆရာ ဥပမာဆိုရခြင်းဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊  ကုန်သည်အစုံပါပဲ။    မိမိဘာတွေထူးချွန်လဲ စိတ်ဝင်တစားလည်းမတွေးအား၊ သတိမပြုအား ဆွေစဉ်မျိုးဆက်လုပ်ငန်းများ လက်ဆင့်ကမ်း လုပ်ဆောင်ကြရပါတယ်။  ဒါနဲ့ပတ်သက်လို့  အထူးအထွေ ဆိုစရာဆိုလို့ ပညာရှိများ မှတ်ချက်စကားတွေ ရှိပါတယ်။   ဘိုးစဉ်ဘောင်ဆက် လုပ်ဆောင်ရတဲ့ကိစ္စမှာ သံသရာလည်ကြတာ များပါတယ်တဲ့။  သမိုင်းမတိုင်ခင်  ခေတ်တွေဖြစ်တဲ့ ကျောက်ခေတ်ဆို အကြာကြီး ကျော်ဖြတ်ပြီးမှ ကြေးခေတ်ရောက်လာတာပါတဲ့။ ပြီးတော့သံခေတ်ကို ရောက်တာပေါ့။ အကူးအပြောင်း ဖြစ်စဉ်ကြာရှည်တာကို ဆိုလိုတာပါ။

အခုအခါမှာတော့ ခေတ်မီတဲ့ပညာရှင်ခေတ်ကြီးရောက်လာပြီဖြစ်ပါတယ်။   အဲဒါကလည်း  မိမိရဲ့ ကိုယ်ရည်ကိုယ်သွေး သိလာကြတာရော။     ခေတ်ရဲ့တောင်းဆိုလာမှုရောကြောင့်ပါပဲ။ ကိုယ့်အရည်အချင်း အစွမ်းအစကို သိတတ်ပြီဆိုရင် ပိုမိုတိုးတက်မှုမြန်ဆန်လာမှာပါ။ လူတိုင်းကိုယ့်ရဲ့အားသာချက်၊ အားနည်းချက် အရှိအတိုင်းမြင်အောင် ကြည့်မှဖြစ်မှာပါ။ ဒါမှ ဂဃနဏ သိကြမှာဖြစ်ပါတယ်။ သေချာမသိဘဲ ငါတတ်တယ်၊ ငါလုပ်နိုင်တယ်ဆိုပြီး ထင်တစ်လုံးနဲ့ အတ္တကြီးနေရင် ရေရှည်ရပ်တည်အောင်မြင်ဖို့ရာ ခက်ခဲမှာပါ။ တချို့ကျတော့လည်း  အရည်အချင်း ရှိနေပါလျက်နဲ့  လုပ်လို့ဖြစ်ပါ့မလား ဘေးကအပြစ်တွေ ဘယ်သူတွေကများပြောကြမလဲ။ မအောင်မြင်ရင် ဘယ်လိုဖြစ်သွားမလဲ စသဖြင့် စစ်မရောက်ခင်မြား ကုန်ဆိုသလို သံသယစိတ်တွေနဲ့    ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တွေ ပျက်ပြီး အားတွေလျော့နေတာလည်း ဆင်ခြင်ရပါမယ်။

တကယ်တော့  လုပ်ကြည့်ရင်   အောင်မြင်နိုင်တဲ့ အရည်အချင်း အဲဒီလိုရှိနေတာ သူ့ကိုယ်သူမသိတာပါပဲ။ သူ့ကိုယ်သူ အရည်အချင်း အစွမ်းအစရှိနေတာမသိတာက သူ့ရဲ့ကြီးစွာသောအားနည်းချက်ပါ။

သင်တစ်ခုခုလုပ်ရင်   ပြောဆိုဝေဖန်တာခံနိုင်ရမှာ ဖြစ်သလို မြှောက်ပင့်ပြောဆိုမှုတွေကလည်း  ခံရနိုင်ပါတယ်။ ကဲ့ရဲ့မှု၊ ပြစ်တင်မှုတွေက   မိမိရဲ့လုပ်ငန်း အောင်မြင်မှုကို အထောက်အပံ့ဖြစ်စရာပါလာရင် ကျေနပ်စွာပြုပြင်ပါ၊ လက်ခံပါ။ အမှန်တရား မဟုတ်တဲ့ မြှောက်ပင့်မှုတွေကိုလည်း       မသာယာမိပါစေနဲ့။ လက်တွေ့နဲ့အဟပ်ကွာသွားမှာဖြစ်လို့ပါ။ ဒါကြောင့်မို့ တတ်ထားတဲ့ပညာရပ်တွေကို   လေ့လာဆည်းပူးရုံ သာမက မိမိမှာရှိတဲ့ အရည်အချင်းတွေ ဆန်းစစ်ရပါမယ်။ ရှိနေတဲ့အရည်အချင်းတွေကို အခြေအနေပေးရင်ပေးသလို   အသုံးချပါ၊  အသုံးပြုပါ။   သမားရိုးကျသွားနေကျ၊ လုပ်နေကျလမ်းကြောင်းအပြင် အသစ်တီထွင်ကြံဆလုပ်ဆောင်ကြည့်ကြပါ။ ဘေးက မလုပ်ခင်ဝေဖန်တိုက်ခိုက်မှု၊ ကဲ့ရဲ့ရှုတ်ချမှုတွေထဲက မှန်တာဟုတ်တာဆို  လိုက်နာပြုပြင်ပါ။  မြှောက်တာလား၊

အတည်လား၊ အမှန်လား ဝေဖန်ပိုင်းခြားပါလို့ အကြံပြုပါရစေ။ ဒီနေရာမှာ မိမိမှာဝေဖန်နိုင်တဲ့ စွမ်းအားအဖြစ် ဗဟုသုတတော့ရှိသင့်ပါတယ်။  ဗဟုသုတရှိခြင်းဟာလည်း ကြီးစွာသော အရည်အချင်းဖြစ်လို့ ရည်မှန်းချက်အောင်မြင်ဖို့    အထောက်အကူပြု လိမ့်မယ်ဆိုတာ ယုံကြည်စေချင်ပါတယ်။

လူတိုင်းဟာ အလိမ္မာဉာဏ်ရှိရမှာဖြစ်သလို ဗဟုသုတလည်း   ကြွယ်ဝဖို့ လိုပါတယ်။  အလိမ္မာပါတဲ့ ဗဟုသုတမျိုးက လောကီကောင်းကျိုး၊ လောကုတ္တရာကောင်းကျိုးတွေပါပေးနိုင်စွမ်းတယ်လို့   သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် မြတ်ဗုဒ္ဓဘုရားသခင်က ဟောကြားတော်မူပါတယ်။ အဲဒီနေရာမှာ လူလေးမျိုးရှိတယ်လို့ ဟောကြားတော်မူပါတယ်။ မှတ်သားစရာပါပဲ

(၁)     အသိအလိမ္မာသာရှိပြီး ဗဟုသုတမရှိတဲ့သူ၊

(၂)      ဗဟုသုတသာရှိပြီး အသိအလိမ္မာမရှိတဲ့သူ၊

(၃)     အသိအလိမ္မာရော ဗဟုသုတပါ နှစ်ပါးလုံးမရှိတဲ့သူ၊

(၄)     အသိအလိမ္မာရော ဗဟုသုတပါနှစ်ပါးလုံးပြည့်စုံတဲ့သူ။

မြတ်ဗုဒ္ဓကတော့  ဗဟုသုတတော့ရှိပါရဲ့  အသိအလိမ္မာမရှိတဲ့လူက   ပိုလို့ဆိုးတယ်လို့မိန့်ပါတယ်။ ဘာလို့လဲဆိုတော့ သိထားတဲ့ဉာဏ်ပညာဗဟုသုတကို မိုက်မဲစွာ အလွဲသုံးစားလုပ်လို့ပါတဲ့။ အတတ်ပညာမျိုးစုံနဲ့ ဘုန်းတန်ခိုးကြီးမှုမှာ အသိအလိမ္မာမဖက်တဲ့လူမိုက်အတွက် ပျက်စီးရာပျက်စီးကြောင်း ဖြစ်တယ်လို့ စာပေများမှာ ပြဆိုထားကြောင်းပါ။

လူတစ်ယောက် အောင်မြင်ရာ အောင်မြင်ကြောင်းအတွက် သမားရိုးကျလုပ်ငန်းတွေကနေ လုပ်ငန်းသစ်တွေ စတင်ကြမယ်၊ ထွင်ကြမယ်ဆိုတာ ဇွဲ၊ လုံ့လ၊ ဝီရိယလည်းရှိ  စိတ်ဓာတ်တွေလည်း ခိုင်မာမှဖြစ်မှာပါ။ သူများဖောက်ပြီးသားလမ်း လုပ်ပြီးသားအလုပ်က အသာလေးအလိုက်သင့်မျှောသွားရုံဖြစ်လို့ တီထွင်ဆန်းသစ်သူဆိုတာ ပင်ပန်းစမြဲပါ။ ဒါကိုကြိုတွေးထားသင့်ပါတယ်။

အိုကွာ နေပါစေရှိပါစေဆိုရင်တော့ ကိုယ်လည်း သူလိုကိုယ်လို  ဒီပုတ်ထဲကဒီပဲပဲ  ဝေလေလေဖြစ်မှာပါပဲ၊ စိတ်အားထက်သန် ဇွဲမာန်တွေထားပြီး ကြိုးစားလျှင် အောင်မြင်မှာပါ။   ကျွန်မစာရေးသူရဲ့မိတ်ဆွေက ကျွန်မတို့လို အစိုးရဝန်ထမ်းတစ်ဦးပါ။ အမျိုးသမီးက ကျောင်းဆရာမပါ။  သူ့သားလေး  ဆယ်တန်းအောင် ကျောင်းတက်တော့ ကွန်ပျူတာတက္ကသိုလ်ကိုတက်ပါတယ်။ မိဘကို ကွန်ပျူတာတစ်လုံးမရမက ပူဆာလို့ ကွန်ပျူတာတစ်လုံးကို ရရှိပါတယ်။  ကွန်ပျူတာကို စိတ်ဝင်တစား အသုံးပြုပါတယ်။ မိဘကတော့ သားလေးစာမှာစိတ်မဝင်စားဘဲ ကွန်ပျူတာနဲ့ပဲ အချိန်ကုန်နေတာလို့ ယူဆနေမိတာပါ။ သားလုပ်တဲ့သူက သူ့ဝါသနာပါရာ စိတ်ဝင်စားတဲ့ပညာ အသေးစိတ် လေ့လာသင်ယူနေတာပါ။ မိဘက သူတို့ခေတ်က စာအုပ်နဲ့မျက်နှာမခွာတမ်း    တအော်အော်ကျက်တဲ့ မြင်ကွင်းကနေ တစ်မျိုးအသွင်ဆန်းတော့ သဘောမပေါက်တာပေါ့။

အဲဒီကလေးဟာ ဒီနေ့မှာတော့ လေးထပ်တိုက်ကြီးဟိန်းလို့၊ ကွန်ပျူတာတွေ တံဆိပ်ပေါင်းစုံဖြန့်ချိလို့၊ ဖုန်းအမျိုးမျိုးတွေ ဖြန့်ချိလို့ ကွန်ပျူတာနဲ့ ဖုန်းဆက်စပ်ပစ္စည်းတွေပါ ကောင်တာအများအပြား၊ ဆိုင်ခွဲအများအပြား၊ ဝန်ထမ်းမြောက်မြားစွာနဲ့ ကြီးကျယ်ခမ်းနား အောင်မြင်နေတာ လက်တွေ့ရှိကြောင်းပါ။ မိမိနေထိုင်ရာမြို့နယ် ဖွံ့ဖြိုးရေးအတွက် ပရဟိတအလှူတွေများစွာ ထည့်ဝင်လှူပေးလို့   မိဘကိုလည်း  တင့်တယ်ကျနထောက်ပံ့ ပေးကမ်းနိုင်တာဖြစ်လို့ပါ။  အောင်မြင်မှုရှိနေတာကို လက်တွေ့ တွေ့မြင်နေရတာ ရေးသားတင်ပြခြင်းပါ။

ကျွန်မစောစောက ရေးသားတင်ပြခဲ့သလို   ကိုယ်နေထိုင်ကြီးပြင်းရာ ပတ်ဝန်းကျင်ရဲ့    အသက်မွေးမှုရပ်တည်မှုကနေ မိမိအတွက် ပညာရပ်ကိုယ်ပိုင်ကြံဆမှုတွေကို လက်တွေ့သင်ယူ တတ်မြောက်ခဲ့တာ သက်သေပြတာ။ တစ်နည်းအားဖြင့် အောင်မြင်ရာအောင်မြင်ကြောင်းအတွက် ကိုယ်ပိုင်အရည်အချင်းကို ပျိုးထောင်ပြီး  ဗဟုသုတဉာဏ်ပညာရှိခြင်း၊  ဇွဲလုံ့လပြုခြင်းတို့ကြောင့် အောင်မြင်မှုရရှိတာဖြစ်ပါတယ်။ အောင်မြင်မှုများ ရရှိလာပါလျှင်လည်း အောင်မြင်မှုရေရှည်စေဖို့ရာ မိတ်ဆွေတုများကို   ရှောင်ရပါမယ်။   မှတ်သားစရာကောင်းလှပါတယ်။

(၁)     ယူသာယူတတ်သော  မိတ်ဆွေစစ်မဟုတ်သောမိတ်ဆွေတု၊

(၂) နှုတ်ဖြင့်သာ(လောကွတ်)နဲ့    ပေးတတ်သော မိတ်ဆွေစစ်မဟုတ်သော မိတ်ဆွေတု၊

(၃)     အကြိုက်လိုက်ပြောတတ်တဲ့      မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတု၊

(၄) ပျက်စီးကြောင်း၌   အပေါင်းအဖော်ဖြစ်သော      မိတ်ဆွေစစ်မဟုတ်သော    မိတ်ဆွေတုဆိုပြီး ပညာရှိများ   ဗုဒ္ဓဘာသာဝင် ကောင်းတစ်ယောက်စာအုပ်မှာ ဖော်ပြထားတာ ဖတ်ရပါတယ်။

နိဂုံးချုပ်ဆိုရပါလျှင် မိမိတို့ရဲ့ပင်ကိုအရည်အချင်းနဲ့ အစွမ်းအစကို အသုံးချပြီး ဇွဲ၊ လုံ့လသန်သန် ကြိုးစားစေ ချင်ကြောင်းပါ။ မိမိကိုယ်တိုင်ပိုင်ဆိုင်တဲ့ အရည်အချင်း၊ ပိုင်ဆိုင်လိုသော  ကိုယ်ရည်ကိုယ်သွေး မွေးမြူကြစေလိုတာပါ။  ရှိနေတဲ့အစွမ်းအစ   အရည်အချင်းတွေ သတိပြုပါ။ ထုတ်ဖော်သုံးစွဲပါ။ မစဉ်းစားဘဲ၊ မသုံးစွဲဘဲမနေသင့်ကြောင်းပါ။ ကိုယ့်အစွမ်းကိုယ့်အရည်အချင်း ကြိုးစားရင်ဘာပဲဖြစ်ဖြစ် မူလအနေအထားဘဝကနေ တိုးတက်ဖို့ မူလအခြေအနေ ထက်သာတဲ့ ထိပ်တန်းနေရာ ကျွမ်းကျင်ပညာရှင်နေရာကို မိမိတို့ကျွမ်းကျင်ရာ နယ်ပယ်အလိုက် ရရှိလာမှာမလွဲပါလို့  လေးနက်စွာ တိုက်တွန်းပါရစေ။ ယခုမိမိတို့ ကိုယ်ပိုင်ရှိနေသော အရည်အချင်း အစွမ်းအစများဖြင့် ရည်မှန်းရာ အထွတ်အထိပ် အောင်မြင်မှုများ ရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။  အသိအလိမ္မာနှင့် ဗဟုသုတလည်း ပြည့်ဝကြပါစေ။   ။

မရွှေမြိုင်(ပျဉ်းမနား)