ယနေ့လူငယ် နောင်ဝယ်လူကြီး

ဘဝသံသရာသီချင်းကဲ့သို့ လူသားတို့သည် တစ်ယောက်ဆင်းတစ်ယောက်တက်နှင့် သံသရာခရီးကို ဆက်လက်ထွက်ခွာ နေကြသည်။ အသစ်အသစ် မွေးဖွားလာသော ကလေးသူငယ်တို့ အရွယ်ရောက်လာလျှင် သူတို့ကို တတ်သင့်သော အတတ်ပညာ၊ သိသင့်သောအသိပညာ သင်ကြားပေးရမည်မှာ လူကြီးမိဘတို့၏ တာဝန်ဝတ္တရားပင်ဖြစ်ပေသည်။ အတတ်ပညာထက်ပို၍အရေးကြီးသည်မှာ အသိပညာဖြစ်ပေသည်။ အသိဉာဏ်၊ အတွေးအခေါ်လွဲမှားလျှင် ဘဝသည်ရှင်လျက်နှင့် သေသကဲ့သို့ပင် ဖြစ်နေပေလိမ့်မည်။ လူကြီးများအနေဖြင့် ကလေးသူငယ်များအား အရက်၊ ဘီယာဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း၊ သောက်ရန်တိုက်တွန်းခြင်း၊ သောက်ရန်ခွင့်ပြုခြင်းတို့သည် ကလေးသူငယ်များကို ဖျက်ဆီးလိုက်သည်နှင့် တူပေသည်။

ကလေးသူငယ်တို့သဘာဝသည် အတုမြင်လျှင် အတတ်သင်တတ်ကြသည်။ တံငါနားနီးတံငါ၊ မုဆိုးနားနီး မုဆိုးဆိုသကဲ့သို့ အတုယူမှားတတ်ကြသည်။ ပတ်ဝန်းကျင်သည် ကလေးသူငယ်တို့ဘဝကို ကောင်းအောင်လည်း လုပ်နိုင်သည်။ ဆိုးအောင်လည်း ဖန်တီးနိုင်ပေသည်။

ရှေးအခါက ပုံပြင်တစ်ပုဒ်တွင် တစ်မိဝမ်းတွင်အတူ မွေးဖွားလာသော ကျေးညီနောင်ရှိလေသည်။ တစ်နေ့တွင် လေပြင်းမုန်တိုင်း တိုက်ခတ်သဖြင့် ထိုကျေးညီနောင်တို့သည် တစ်နေရာစီသို့ ရောက်ရှိသွားကြသည်။

ကျေးတစ်ကောင်မှာ ရွာဦးဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်၍ ကျန်သောတစ်ကောင်မှာ သူခိုးဓားပြတို့၏ လက်တွင်းသို့ ကျရောက်သွားသည်။ အရွယ်ရောက်သောအခါ သူတို့သည် သူတို့ကြီးပြင်းရာ ပတ်ဝန်းကျင်ကိုလိုက်၍ ဘုန်းကြီးကျောင်းတွင် နေရသောကျေးက စကားပြောချိုသာသည်။ သူခိုးဓားပြများနှင့်အတူ နေရသောကျေးက ခက်ထန်ရိုင်းစိုင်းသည်။ တစ်နေ့တွင် ဘုရင်ကြီးတစ်ပါးသည် လှည့်လည်သွားလာရင်း သူခိုးဓားပြများနေထိုင်ရာ အနီးသို့ ရောက်သွားသည်။

ထိုအခါကျေးငှက်က ဒီလူကိုသတ်လော့၊ ပစ္စည်းဥစ္စာကိုယူကြလော့ ဟု အသံပေးသည်။ ဘုရင်ကြီးလည်း ဘေးလွတ်ရာကို ရှာဖွေကာ ထွက်ခွာခဲ့ရာ ဘုန်းတော်ကြီးကျောင်းအနီးသို့ ရောက်ရှိသွားသည်။ ထိုအခါ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သောကျေးက ဘုရင်ကြီးကိုမြင်သည်နှင့် လာပါကြွပါ၊ အေးမြသောရေကို သောက်ပါ။ ဒီနေရာ အပန်းဖြေပါ ဟုယဉ်ကျေးစွာဖိတ်ခေါ်သည်။ ဘုရင်ကြီးကကျောင်းအတွင်းဝင်ကာ အကြောင်းစုံကို ဘုန်းတော်ကြီးထံ လျှောက်ထားလိုက်သည်။ ဘုန်းတော်ကြီးက ဤကျေးနှစ်ကောင်မှာ ညီနောင်ဖြစ်ကြောင်း လေပြင်းမုန်တိုင်းကြောင့် ကွဲကွာသွားကြခြင်း ဖြစ်ကြောင်း ရှင်းပြသည်။ ဆိုလိုသည်မှာ တစ်မိဝမ်းတွင်းအတူ ဆင်းသက်လာသော်လည်း ကြီးပြင်းရာ ပတ်ဝန်းကျင်ကိုလိုက်၍ ပြောင်းလဲသွားခြင်းကို ဖော်ပြလိုရင်း ဖြစ်ပေသည်။ ထို့ကြောင့် ကလေးသူငယ်တို့ဘဝတွင် ပတ်ဝန်းကျင်သည် အရေးကြီးသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

နိုင်ငံနှင့်လူမျိုးကိုချစ်သူတိုင်းသည် မိမိတို့နိုင်ငံအနာဂတ်အတွက် ကလေးသူငယ်များကို ပြုစုပျိုးထောင်ပေးကြရပေမည်။ ကလေးသူငယ်များ၏ ဘဝအစသည် ရိုးသားဖြူစင်သည်။ ဟန်ဆောင်လိမ်ညာခြင်းမျိုး မရှိလှပါ။ ထိုကလေးသူငယ်တို့ ဘဝတိုးတက်မြင့်မားရေးသည် မိဘများနှင့် ဆရာသမားများ၏ ထိန်းကျောင်းပဲ့ကိုင်မှု အပေါ်တွင် အများကြီး မူတည်လေသည်။ လိမ်ညာပြောဆိုတတ်ခြင်း၊ ဟန်ဆောင်တတ်ခြင်းတို့သည် ကလေးသူငယ်တို့၏ အကျင့်စာရိတ္တကို ဖျက်ဆီးလိုက်သည်နှင့်တူပေသည်။

ထို့ပြင်ကလေးသူငယ် အားလောင်းကစားရန်သွေးဆောင်ခြင်း၊ တိုက်တွန်းခြင်း သို့မဟုတ် အားပေးခြင်း၊အရက်၊ ဘီယာအရောင်းအဝယ် ပြုလုပ်သော လုပ်ငန်းတွင် အလုပ်လုပ်ကိုင်ရန်ခန့်အပ်ခြင်း၊ ခိုင်းစေခြင်း သို့မဟုတ် ခွင့်ပြုခြင်းတို့သည် ကလေးသူငယ်ဘဝကို ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။ ထို့အတူ ဘေးအန္တရာယ် ရှိသောအလုပ်ကိုဖြစ်စေ၊ ကျန်းမာရေး ထိခိုက်စေသော အလုပ်ကိုဖြစ်စေ ခိုင်းစေခြင်း သို့မဟုတ် လုပ်ကိုင်ရန် ခွင့်ပြုခြင်း၊ အဓမ္မအလုပ်ခိုင်းစေခြင်း သို့မဟုတ် အဓမ္မဝန်ဆောင်မှုပေးခြင်းတို့သည် ကလေးသူငယ်များကို ဖျက်ဆီးခြင်းဖြစ်ပေသည်။

ကလေးသူငယ်ဆိုသည်မှာ အသက် ၁၈ နှစ်  မပြည့်သေးသောသူကိုဆိုလိုသည်။ မြန်မာနိုင်ငံတွင် ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်၍ ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင်ပြဋ္ဌာန်းထားသည်။ ဤဥပဒေအရ ကလေးသူငယ်များကို ကာကွယ်ပေးထားသည်မှာ ဝမ်းမြောက်ဖွယ် ကောင်းလှသည်။ ကလေးသူငယ်ကိုရောင်းချခြင်း၊ ပြည့်တန်ဆာပြုလုပ်ခိုင်းစေခြင်း သို့မဟုတ် ကလေးသူငယ်ညစ်ညမ်းပုံ ပြုလုပ်ဖြန့်ဖြူးခြင်းဆိုင်ရာ ပြစ်မှုတစ်ခုခုကိုကျူးလွန်လျှင် အနည်းဆုံးတစ်နှစ်မှ အများဆုံး ခုနစ်နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရမည့်အပြင် အနည်းဆုံးကျပ်တစ်ဆယ်သိန်းမှ အများဆုံး ကျပ်သိန်း ၂၀ အထိ ငွေဒဏ်လည်း ချမှတ်နိုင်ပေသည်။ အနှစ်ချုပ်ရလျှင် အနာဂတ်အတွက် ကလေးသူငယ်များကို အားကိုးပါ။ မဖြစ်မနေလည်း အားကိုးရမည်ဖြစ်ပေရာ ရိုးသားဖြူစင်သော ကလေးသူငယ်တို့၏ ဘဝကိုမြင့်သည်ထက်မြင့်အောင် ဝိုင်းဝန်းလုပ်ဆောင်နိုင်ပါစေကြောင်း ရေးသား လိုက်ရပေသည်။      ။