နေပြည်တော်၌ ၅၀ ကီလိုမီတာခရီးရှည် မြင်းစီးပြိုင်ပွဲ ကျင်းပမည်

နေပြည်တော်၌  ၅၀ ကီလိုမီတာခရီးရှည် မြင်းစီးပြိုင်ပွဲ ကျင်းပမည်

နေပြည်တော်  သြဂုတ်  ၁၄

    မြန်မာနိုင်ငံမြင်းစီး အားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့်     ၅၀ ကီလိုမီတာ ခရီးရှည်မြင်းစီးပြိုင်ပွဲကို သြဂုတ် ၂၀ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

‘ဒါက နိုင်ငံတကာ မြင်းစီးအားကစားနည်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပမယ့်  (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ဒါကိုထည့်သွင်းကျင်းပဖို့ရှိတယ်။ ဒီအတွက်ကို ရည်ရွယ်ပြီးတော့ အရည်အချင်းစစ်ပွဲ ကျင်းပတာဖြစ်ပါတယ်။  ကမ္ဘာ့မြင်းစီးအဖွဲ့ချုပ်ရဲ့ နည်းစနစ်အရ (ဝမ်းစတား)အဆင့်ရမှ နိုင်ငံတကာပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိတာပါ။  လူရောမြင်းရော(ဝမ်းစတား) ရှိရမှာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ်  အထွေထွေ အတွင်းရေးမှူး ဦးဌေးကျော်က ပြောသည်။

ဝမ်းစတားအဆင့်ရရှိရန် ကီလို ၅၀ နှင့် ၈၀ ကြား  နှစ်ကြိမ်နှင့် ကီလို ၈၀ နှင့် ၁၀၀ ကြားနှစ်ကြိမ် စုစုပေါင်းလေးကြိမ် စီးရမည်ဖြစ်ပြီး ယင်းလေးကြိမ် စီးနင်းနိုင်မှသာ အရည်အချင်းစစ်ပွဲ အောင်မြင်မည်ဖြစ်ကာ ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်နှင့် နီးစပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ ၅၀ ကီလိုမီတာခရီးရှည် မြင်းစီးပြိုင်ပွဲကို မန္တလေးတိုင်း ဒေသကြီး၊ မိတ္ထီလာ၊ ပုဂံနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အားကစားမြင်းနှင့် လူ ၂၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မြင်းစီး အားကစားအဖွဲ့ချုပ်မှ သိရသည်။