နိုင်ငံတော်အစိုးရကလည်း အားကြိုးမာန်တက် နောင်လာနောက်သား သားသမီးတွေအတွက် ဗုဒ္ဓဘာသာအရှည်တည်တံ့နိုင်အောင် ကြိုးစားတာဖြစ်ပါတယ်

နိုင်ငံတော်အစိုးရကလည်း အားကြိုးမာန်တက် နောင်လာနောက်သား သားသမီးတွေအတွက် ဗုဒ္ဓဘာသာအရှည်တည်တံ့နိုင်အောင် ကြိုးစားတာဖြစ်ပါတယ်

ဦးအာစိဏ္ဏ

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်   ဉာဏ်တော်အမြင့်ဆုံး ဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းလောင်း ပူဇော်ခြင်း၊ ကျောက်စာရုံစေတီတော်များအား ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့် ရေစက်ချအောင်ပွဲ မင်္ဂလာကုသိုလ်တော် မဟာမင်္ဂလာ အခမ်းအနားများကို  သြဂုတ် ၁ ရက်  ဒုတိယဝါဆိုလပြည့်နေ့တွင် အောင်မြင်စွာ ကျင်းပခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ အများပြည်သူများ ဖူးမြော်နိုင်စေရန်အတွက်  ဖွင့်လှစ်ပေးခဲ့ကာ ဖူးမြော်ကြည်ညိုကြသူများဖြင့် အထူးစည်ကား များပြားလျက်ရှိသည်။

ဘုရားဖူးရောက်ရှိလာသော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘပြည်သူများနှင့်တွေ့ဆုံပြီး ယင်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာခေါ် ဆိုသံများကို နိဗ္ဗာန်အကျိုးမျှော်ကာ နှိုးဆော်၍ ပြန်လည်ရေးသားမျှဝေလိုက်ရပါသည်။

ဦးအာစိဏ္ဏ (ရမည်းသင်းမြို့နယ်မြောက်ညောင်ကျောင်းတိုက်)

မာရဝိဇယဘုရားကြီးကို   လာရောက်ဖူးမြော်ဖို့အတွက် ဘုန်းကြီးအပါအဝင် ရမည်းသင်းမြို့ပေါ်က ရွှေစည်းခုံကျောင်းဆရာတော် ဦးကောသလ္လ၊ ရမည်းသင်းမြို့နယ်နှင့် ၁၀ မိုင်လောက်ဝေးတဲ့  အိုင်ဘုတ်အလယ်ကျွန်းကျောင်းက ဆရာတော် ဦးနန္ဒောဘာသတို့နဲ့လာရောက်ခဲ့တာပါ။ ဒီဘုရားကြီးကို လာရောက်ဖူးမြော်ချင်နေတာ ကြာလှပါပြီ။ စတည်ကတည်းက လာချင်နေတာပါ။ ဒါပေမဲ့ လာခွင့်မရခဲ့လို့သာ ဘုန်းကြီးတို့အနေနဲ့အမြန်လမ်းကနေပြီး လှမ်းလှမ်းဖူးနေခဲ့ရတာပါ။ မုခ်ဦးကြီးတော့နောက်ကျောဘက် ကနေဖူးရပါတယ်။ စကျင်ကျောက်ကြီးတွေ သယ်တုန်းကလည်း မန္တလေးတောင်ဘက် တံတားဦးတိုးဂိတ်မှာ နှစ်ကြိမ်လောက်ဖူးလိုက်ရပါတယ်။ အခုလို နေပြည်တော်လာပြီး ဘုရားကြီးကိုဖူးမြော်ရတာ အလွန့်အလွန်ကို

အားရဝမ်းသာဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီလောက်ဉာဏ်တော်မြင့်တဲ့ ကျောက်ဆင်းတုကိုယ်တော်ကြီးကို မြင်လည်းမမြင်ဖူးဘူး။

ရှိလည်းမရှိဘူး။   အဲဒါကြောင့်မို့စတည်ကတည်းက    ကျောက်တုံးတော်ကြီးကိုဖူးလိုက်ရတာ အင်မတန်မှ ဝမ်းသာမဆုံးဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုဘုရားကြီးမျိုးက ဒီတစ်ဆူပဲရှိတာဆိုတော့ ကမ္ဘာမှာလည်းကျော်ကြားသွားမယ်။  ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာဟာ  ဘုရားကြီးနဲ့ပတ်သက်ပြီး ကမ္ဘာမှာပွင့်လင်းသွားပြီ နိုင်ငံတော်အစိုးရကလည်း  အားကြိုးမာန်တက် နောင်လာနောက်သား   သားသမီးတွေအတွက် ဗုဒ္ဓဘာသာ အရှည်တည်တံံ့နိုင်အောင်ကြိုးစားတာကိုလည်း   ညတိုင်းညတိုင်း တီဗွီမှာ ကြည့်တယ် သတင်းစာမှာလည်းကြည့်တယ်။  ယခုလို ဘုရားဖူးတွေ လာရောက်နေတာဆိုရင်လည်း သတင်းစာမှာ အားရဝမ်းသာကြည့်လိုက်ရတဲ့အတွက် အင်မတန်မှဝမ်းသာတယ်။ အဲဒါကြောင့်လည်း လာဖြစ်အောင်လာခဲ့တာပါ။ ဘုရားကြီးကိုတည်ဆောက်တဲ့  ပညာရှင်တွေရဲ့   လက်ရာတွေကလည်း အင်မတန်မှကောင်းပါတယ်။   နိုင်ငံတော်က  ဦးဆောင်ပြီး ကြိုးစားကြတဲ့အတွက် အလှူရှင်တွေလည်း ဝမ်းမြောက်ဝမ်းသာပီတိ ဖြစ်ရတဲ့အပြင် နောင်သံသရာ  အများကြီး ကောင်းမွန်ပါတယ်။ အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများအနေဖြင့် ကမ္ဘာကျော်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို     မကြာမကြာလာရောက်ဖူးမြော်ကြပါ။ ဖူးနိုင်အောင်လည်း ကြိုးစားကြပါ လိုတိုက်တွန်းပြောကြားလိုပါတယ်။

ဦးမောင်ချို(ဥတ္တရသီရိမြို့နယ်)

ကုသိုလ်အနေဖြင့် အသက်ကြီးသူတွေ၊မလာနိုင်တဲ့သူတွေကို ပို့ဆောင်ပေးတာပါ။အခုလို   ကမ္ဘာမှာဉာဏ်တော် အမြင့်ဆုံး ကျောက်ဆစ်ရုပ်တုကို ရှေ့ကအသက်ကြီးတဲ့ သူတွေ၊ ကိုယ့်အရွယ်တွေ၊ ကိုယ့်ထက်ငယ်တဲ့သူတွေအပါအဝင် ပထမဆုံးအနေဖြင့် ဖူးမြော်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အရင်ကလည်းမကြားခဲ့မမြင်ခဲ့ဖူးဘူး။ ဒါကြောင့် ဂုဏ်ယူမိတာအမှန်ပါ။ လာရောက်ဖူးမြော်ခွင့်ရလိုလည်း ပီတိလည်းဖြစ်မိပါတယ်။ ဘုရားဖူးမလာရောက်နိုင်သေးတဲ့ ပြည်သူတွေအနေဖြင့်လည်း  လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းပါရစေ။

ဦးချစ်လှိုင် (စလောင်းကျေးရွာ)

ဒီဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရရှိတဲ့အတွက် ကျေနပ်ပီတိဖြစ်မိတဲ့အပြင် စိတ်ထဲမှာလည်း ဝမ်းသာအားရဖြစ်မိပါတယ်။ အခုလာရောက်ဖူးမြော်ခွင့်ရရှိတဲ့ အချိန်မှာ အနုပညာလက်ရာမြောက်စွာ တည်ဆောက်ထားတဲ့အပြင် လူငယ်တွေ လေ့လာနိုင်စေရန် ဗုဒ္ဓဖြစ်စဉ်တွေ၊  ပိဋကသုံးပုံကျောက်စာရုံ စေတီတွေ၊ ရှေးခေတ်အနုပညာလက်ရာတွေ သိမ်၊ ဇရပ်တွေအများကြီးကို ရှေးမူမပျက်   အဆင့်မြင့်စွာ ဆောက်လုပ်ထား တာတွေ့ရပါတယ်။  မြန်မာနိုင်ငံမှာတော့ တကယ်လက်ရာကောင်းမွန်လှပြီး ကမ္ဘာမှာ အထူးခြားဆုံး ကျောက်ဆစ်ရုပ်တုဖြစ်တဲ့အတွက်  ဗုဒ္ဓဘာသာဝင် တစ်ဦးအနေဖြင့် ဂုဏ်ယူမိပါတယ်။ ရွာမှာကဘုရားဖူးပြန်လာတဲ့သူတွေက ဝမ်းသာပီတိဖြစ်ပြီး ပြောကြတဲ့အတွက်  လာရောက်ဖူးမြော်ရတာပါ။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေဖြင့်လည်း မြန်မာနိုင်ငံသာမက ကမ္ဘာမှာအခုလို   ထူးခြားကောင်းမွန်စွာ ထုဆစ်ပုံဖော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက် ဖူးမြော်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။

မယဉ်ယဉ်ထွေး(မလှိုင်မြို့နယ်)

ဘုရားကြီးစတည်ကတည်းက လာရောက်ချင်နေတာပါ။ အခုမှလာရောက်ဖြစ်တာပါ။ အခုလို မြန်မာနိုင်ငံမှာ အကြီးဆုံးဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရလို အရမ်းဝမ်းသာပီတိဖြစ်မိပါတယ်။   အခုလို ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီးကို ထုဆစ်ပုံဖော် တည်ဆောက်နိုင်တဲ့အတွက် ဗုဒ္ဓဘာသာ ဝင်တိုင်းက ဂုဏ်ယူမိမှာအမှန်ပါ။ ဗုဒ္ဓဥယျာဉ်တော်အတွင်းမှာလည်း မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန် ၊ သိမ် ၊ ဇရပ် ၊ တံတား ၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊  ကျောက်စာရုံစေတီတို့ကို စနစ်တကျတည်ဆောက်ထားတာတွေ့ရပါတယ်။ ဒါကြောင့်လည်း အဝေးကြီးကလာရောက်ခဲ့ရတာပါ။ အခုဆိုအနယ်နယ် အရပ်ရပ်က ဘုရားဖူးပြည်သူတွေကလည်း စည်စည်ကားကား လာရောက်ဖူးမြော် နေတာကို တွေ့ရတဲ့အတွက် ဝမ်းသာကျေနပ်မိပါတယ်။ ကမ္ဘာပေါ်မှာ  အကြီးမားဆုံး ရုပ်ပွားတော်ကြီး ဖြစ်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ကြပါလို  တိုက်တွန်းပါရစေ။   ။

ကျော်သက်နိုင်