မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသူများ၏ ကြည်နူးပီတိစကားသံများ

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသူများ၏ ကြည်နူးပီတိစကားသံများ

ဦးပညာသီဟာလင်္ကာရာဘိဝံသ

ဦးဇင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထန်းတစ်ပင်တောရ ဆုတောင်းပြည့် ကျောင်းတိုက်ကနေ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ လိုင်းပေါ်မှာတော့ ဒီဘုရားကြီးကို ဖူးနေကြတဲ့သူတွေကိုတွေ့တဲ့အခါ မိမိကိုယ်တိုင်လည်း ဒီဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်ချင်တဲ့စိတ် တဖွဖွဖြစ်မိပါတယ်။ အခုလိုမျိုး ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးတွေ့ရတဲ့အခါ  ဒီမှာလာပြီးတော့ဖူးနေကြတဲ့ ဒါယကာ၊ ဒါယိကာမတွေရော၊ ရဟန်း၊ ရှင်လူတွေရော သီလရှင်တွေရော အများကြီးတွေ့ရတဲ့အတွက် လိုင်းပေါ်မှာ တွေ့ရတာထက်ကို ပိုပြီးတော့ ရင်ထဲမှာဝမ်းသာပီတိဖြစ်ရပါတယ်။ ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ခွင့်ရတဲ့ အတွက်လည်း အမှတ်တရ ဖြစ်မိပါတယ်။ ဒီလိုမျိုး နိုင်ငံသူနိုင်ငံသားတွေ နိုင်ငံတော်အတွင်းမှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်အပေါင်း သူတော် ကောင်းတွေကိုဖူးမြင်ခွင့်ရအောင်၊ ကြည်ညိုခွင့်ရအောင် မြတ်စွာဘုရားရှင်ရဲ့ ဥဒ္ဒိဿစေတီ၊ ဓာတုစေတီဖြစ်တဲ့ ဒီဘုရားဆင်းတုတော်ကြီးကိုတည်ထားပြီး ကိုးကွယ်ဖို့ လုပ်ပေးကြတဲ့ ဒါယကာကြီး၊ ဒါယိကာမကြီးများ လည်း ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေလို့ နိဗ္ဗာန်ကိုလည်း မျက်မှောက်ပြုနိုင် ကြပါစေလို့ ဆုတောင်းပေးပါတယ်။ ဘုရား ကြီးကလည်းကြီးမားပြီး တော်တော်လေးသပ္ပာယ် ကြည်ညိုစရာကောင်းတယ်။ ဉာဏ်တော်အမြင့်ကလည်း ကမ္ဘာမှာအမြင့်မားဆုံး ဖြစ်တယ်။ ဒီဘုရားကြီးကို အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ ဗုဒ္ဓဘာသာဝင်သူတော်စင် တွေ  လာရောက် ဖူးမြော်ကြဖို့အတွက်လည်း နေပြည်တော်ကနေပြီး ဖိတ်ခေါ်ပါတယ်။

ဒေါ်ဉာဏသိင်္ဂီ

ဆရာလေးက သာဝတ္ထိရသေ့တောင်ကနေ လာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ဘုရားကြီး တည်ထားတာသိပြီး ကတည်းက လာပြီးဖူးချင်နေခဲ့တာ။ သူများတွေလည်း လာရောက်ဖူးမြော်ကြပြီး ပြန်လည်ကြားသိရတဲ့အတွက် လာရောက်ဖူးဖြစ်တာပါ။ ဒီနေ့လာတော့လည်း လကွယ်နေ့ဖြစ်တဲ့အတွက် ဥပုသ်သီလယူပြီးတော့မှထွက်လာတာဖြစ်ပါတယ်။ ဆရာလေးတွေရယ်၊ ဆရာလေးရဲ့ မိခင်ရယ် မိသားစု၊ ဆွေမျိုးတွေပေါင်းပြီး ဘုရားကြီးကို ကားငှားပြီးလာဖူးခြင်းဖြစ်ပါတယ်။ ယခုလို ဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အင်မတန်မှ ဝမ်းသာပီတိဖြစ်မိပါတယ်။ ဘုရားကြီးကိုတည်ထားကိုးကွယ်ဖို့ ဦးဆောင်ဦးရွက်ပြုကြတဲ့ နိုင်ငံတော်အကြီးအကဲများနဲ့ အလှူ့ဒါယကာ၊ ဒါယိကာမများအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ဆရာလေးတို့က တခြားနိုင်ငံက ဘုရားများကိုလည်း  သွားရောက်ပြီး   မဖူးမြော်နိုင်ပါဘူး။ ယခုလို ကမ္ဘာမှာအကြီးဆုံးဘုရားကြီးကို ကိုယ့်နိုင်ငံ

မှာတင် အလွယ်တကူ လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။ ဆရာလေးတို့လို လာရောက်ဖူးမြော်ချင်နေတဲ့ ဘုရားဖူးဧည့်သည်များကိုလည်း လာခဲ့ပါလို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒီကနေ့ ဘုရားကြီးမှာ ထမင်းတွေလည်းကျွေးတယ်။ ကားလည်း   အခမဲ့ပို့ဆောင်ပေးပါတယ်။ အားလုံးပဲလာရတာ   စိတ်ချမ်းသာတဲ့ အတွက် ဘုရားကြီးကို လာရောက်ဖူးစေချင်ပါတယ်။

 ဦးဆန်းပြည့်

ကျွန်တော်က    ရမည်းသင်းမြို့နယ်သပြေပင်ကျေးရွာကပါ။ ကျွန်တော်အိမ်မှာ တီဗွီကြည့်ရင် ဘုရားကြီး အကြောင်း မကြာခဏတွေ့ဖြစ်ပါတယ်။ တီဗွီထဲမှာ တအား စည်ကားနေတော့ မလာဘဲမနေနိုင် ဖြစ်နေတာပါ။ ဒါ့ကြောင့် မိသားစုရော အိမ်ဘေးနားက ဘုရားကြီးကို လာရောက်ဖူးချင်နေတဲ့ မိတ်ဆွေတွေကိုရောခေါ်ပြီး တကူးတက လာရောက်   ဖူးမြော်ခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဆီကနေ ကားနဲ့ ဒီဘုရားကြီးဆီရောက်ဖို့ လေးငါးနာရီလောက်မောင်းရပါတယ်။   အသွားအပြန်ဆို  ၉  နာရီ ၁၀  နာရီလောက်ရှိပါတယ်။ ဒီနေ့နံနက် အစောကြီးလာကြတာပါ။ ဒီကို ၁၁နာရီလောက်ရောက်ပါတယ်။ လမ်းခရီးမှာတော့ အခက်အခဲမရှိပါဘူး။ ဒါပေမဲ့ ဘုရားကြီးကိုလာတဲ့အခါ လမ်းမှာလမ်းညွှန်ဆိုင်းဘုတ် မတွေ့ရလို့ ပြည်သူလူထုလာရောက်ဖူးမြော်တဲ့အခါ ဘုရားကြီးဆီအလွယ်တကူရောက်ဖို့ မြားလေးတွေနဲ့ ဆိုင်းဘုတ်လေးတွေ ပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်လည်းဖြစ် ဒီလိုမျိုး ကမ္ဘာ့အကြီးဆုံးဘုရားကြီးကို မြန်မာ နိုင်ငံမှာတည်ထားကိုးကွယ်လိုက်တဲ့အတွက် ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ ဂုဏ်ယူ ဝမ်းသာပီတိဖြစ်မိပါတယ်။ ယခုလို ဘုရားကြီးကို တည်ထားကိုးကွယ်ဖို့ ပြုလုပ်ပေးကြတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ အဖွဲ့ဝင်များအားလုံးကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ပြောလိုပါတယ်။ ယခုကျွန်တော်တို့ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာက လာရောက်ဖူးမြော်ကြသလို တခြားသောအနယ်နယ်အရပ်ရပ်ကမိသားစုများကိုလည်း လာရောက်ဖူးကြပါလို့ ပြောချင်ပါတယ်။

ဒေါ်ညိုညိုညွန့်

အန်တီက    ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မင်းကုန်းစံပြကျေးရွာကနေ ဘုရားကြီးကို လာရောက် ဖူးမြော်ခြင်း ဖြစ်ပါတယ်။ ဘုရားကြီးတည်ဖို့အတွက် ကျောက်တုံးတော်ကြီးတွေကို စပြီးသယ်လာတာကို SkyNet မှာတွေ့ပြီးကတည်းကဖူးချင်နေခဲ့တာ အခုမှဖူးခွင်ရတာဖြစ်ပတယ်။ အန်တီတို့နေရာနဲ့ ဒီဘုရားကြီးနဲ့က လာရတာဝေးပေမယ့် ဘုရားကြီးကို အရမ်းဖူးချင်နေတာကြောင့် လာရောက်ဖူးဖြစ်တာပါ။ ယခုလိုလာရောက်ဖူးခွင့်ရတဲ့အတွက်လည်း ကြည်နူးပါတယ်။ ဝမ်းမြောက်ပါတယ်။   ဒီဘုရားကြီးကို တည်ဖို့အတွက် ကျောက်တုံးတော်ကြီးတွေကို သယ်လာတဲ့ရွာကစပြီး ထုဆစ်တဲ့သူတွေအကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ အကုန်လုံးလည်း ကျန်းမာချမ်းသာကြပါစေလို့။ ဘဝဆက်တိုင်းဆက်တိုင်း စိတ်ချမ်းသာပါစေ။ ကိုယ်ချမ်းသာပါစေလို့  ဆုတောင်းပေးပါတယ်။ ကျောက်တုံးကြီးကနေ နောက်ဆုံး ဒီဘုရားကြီး ဖြစ်အောင်ထုတဲ့ အထိလူတွေ အားလုံးကို တံမြက်စည်းလှည်းကအစ ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။ အရမ်းလည်းပျော်မိပါတယ်။ ပီတိလည်းဖြစ်တယ်။ ဒီဘုရားကြီးကို ဖူးရတဲ့အတွက်လည်း   တော်တော်ကို စိတ်ချမ်းသာပါတယ်။ ဝမ်းလည်းဝမ်းသာပါတယ်။ ဒီဘုရားကြီးကို အန်တီတို့ပတ်ဝန်းကျင်က မင်းကုန်းဈေးသူ၊ ဈေးသားတွေစုပြီးတော့ လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ မိုင် ၂၀၊ ၅ ဖာလုံမှ နံနက် ၄ နာရီလောက်က ဘုရားကြီးဆီကို စထွက်လာတာပါ။ အန်တီ့အသက် ၆၀ ပြည့်မှာ ဘုရားကြီးကို လာရောက်ဖူးခွင့်ရတဲ့အတွက် အမှတ်တရလည်းဖြစ်   တော်တော်လေးကိုဝမ်းသာကြည်နူးမိပါတယ်။    ဘုရားကြီးကိုလည်း အများပြည်သူတွေ လာရောက်ဖူးမြော်ကြပါလို့ ပြောလိုပါတယ်။

ဦးတင်ထွန်း

ဒီလိုနေ့ထူးနေ့မြတ်ဖြစ်တဲ့   ဒုတိယ ဝါဆိုလကွယ်နေ့ ဥပုသ်နေ့မှာ  ကုသိုလ်ပြု ဖူးမြော်ခွင့်ရတဲ့အတွက် အထူးပဲဝမ်းသာပီတိ ဖြစ်ရပါတယ်။ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ထုဆစ်ပုံဖော် တည်ဆောက်နိုင်တဲ့အတွက် ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ဂုဏ်ယူမိမှာအမှန်ပါ။ ဗုဒ္ဓဥယျာဉ်တော် အတွင်းမှာလည်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ရတနာပုံခေတ်ဟန်၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များသာမက အဆောက်အအုံများကိုလည်း တစ်နေရာတည်းနဲ့ လာရောက်ဖူးမြော် လေ့လာနိုင်တဲ့အတွက် နိုင်ငံတော် အကြီးအကဲများကိုလည်း   အထူးပင်ကျေးဇူးတင်ရှိပါတယ်ဗျာ။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအနေဖြင့်လည်း မြန်မာနိုင်ငံသာမက ကမ္ဘာမှာအခုလို ထူးခြားကောင်းမွန်စွာ ထုဆစ်ပုံဖော်ထားတဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက် ဖူးမြော်ကြပါလို့  တိုက်တွန်းပြောကြားလိုပါတယ်။     ။

ပြည့်စုံအောင်