အသိ သတိနှင့် အသက်ကိုချမ်းသာခွင့်

အယ်ဒီတာ့အာဘော်

(၂ဝ၂ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၁၃ ရက်)

မော်တော်ယာဉ်မောင်းနှင်မည့်ယာဉ်မောင်းများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများတွင် ထားရှိသင့်သော စိတ်ဓာတ် မှာ အသိနှင့် သတိတရားဖြစ်သည်။ သူလည်းယာဉ်မောင်း၊ ကိုယ်လည်း ယာဉ်မောင်းပါလား။ သူ့မှာလည်း စောင့်မျှော်နေမည့် မိဘ၊ သားသမီး၊ ဇနီးသည်နှင့်၊ ကိုယ့်မှာလည်းစောင့်မျှော်နေရှာမည့် မိဘ၊ ဇနီး၊ သားသမီးရှိနေ သည်။ ကိုယ်အန္တရာယ်ကင်း ဖို့လိုသလို  သူလည်း အန္တရာယ်ကင်းရမည်ဟူသော စိတ်ထား မျိုးဖြင့် သွားလာ မောင်းနှင်နေလျှင် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းသွားနိုင်သည်။

ယနေ့ယာဉ်မောင်းသူတိုင်းကြုံတွေ့နေရသည့်ပြဿနာ တစ်ရပ်ရှိသည်။ ညအချိန် သို့မဟုတ် ရာသီဥတု ဆိုးရွားချိန် ခရီးသွား လာရာတွင် မော်တော်ယာဉ်တိုင်းသည် မီးများဖွင့်၍မောင်းမှသာ လမ်းကိုကောင်းစွာ မြင်နိုင်ပေမည်။ ဖြစ်တတ်သည်မှာ ယာဉ်ချင်းမျက်နှာချင်း ဆိုင်ဆုံတွေ့သည့်အခါ မျက်နှာချင်းဆိုင်မှ လာနေသော ယာဉ်၏ အောက်ချ မပေးသော ရှေ့မီးများကြောင့် အခြားယာဉ်မောင်းမှာ ရှေ့မြင်ကွင်းဝေဝါးသွားသည်။ စူးခနဲ ဝင်လာ သော အလင်းရောင်တန်းများကြောင့် အခက်ကြုံရသည်။ ထိုအခါ အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားသည်။ ဤသည်လည်း ယာဉ်အန္တရာယ် ဖြစ်ပွားခြင်း တစ်ခုဖြစ်ရလေသည်။

ယာဉ်မတော်တဆတစ်ခုခုဖြစ်လိုက်သည်နှင့် လူသားတို့အတွက် ဆုံးရှုံးမှုသာကြုံရပေမည်။ မည်သည့်ယာဉ် မတော် တဆမှုကြောင့်မျှ လူသားတို့ ကောင်းကျိုးရသည်ဟူ၍ ရှိမည်မဟုတ်ပါ။ အသက်အိုးအိမ်စည်းစိမ် ဥစ္စာတို့ တစ်ခုခုစွန့်လွှတ် လိုက်ရပေလိမ့်မည်။ ထို့ကြောင့်လည်း ယာဉ်မတော်တဆမှု၊ ယာဉ်တိုက်မှုမဖြစ်ပွား စေရေး ကြိုတင် အသိပညာပေးခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်နေ သည့်ကြားမှပင် ယာဉ်မတော်တဆဖြစ်ပွားမှုများရှိနေဆဲဖြစ်သည်။ ပထမဦးဆုံးဖော်ပြလိုသည်မှာ ဆိုင်ကယ် နှစ်စီးမျက်နှာချင်းဆိုင် တိုက်မိသော သတင်းဖြစ်သည်။ ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက် ဗိုလ်ချုပ် လမ်းမကြီး၌ နိုဝင်ဘာ ၈ ရက် နံနက် ၁ဝ နာရီခွဲတွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့သည်။

ထိုယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ နှစ်ဦးဒဏ်ရာရရှိပြီး ဟားခါးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူ ကြရသည်။

ဒုတိယသတင်းတစ်ခုမှာ မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ ဆိုင်ကယ်အားဝင်ရောက် တိုက်မိပြီး လူနှစ်ဦး သေဆုံးသွားသောသတင်းဖြစ်သည်။ ရှမ်းပြည်နယ်(တောင်ပိုင်း)နမ့်စန်မြို့နယ် အမှတ်(၅) ကျေးရွာအုပ်စု နမ့်စန်-မိုင်းစိတ်သွား ကားလမ်း၌ နိုဝင်ဘာ ၈ ရက် ည ၉ နာရီခွဲတွင် မော်တော်ယာဉ်တစ်စီး အရှိန် မထိန်းနိုင်ဘဲ  ရှေ့မှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိသည်။  ယာဉ်တိုက်မှုဖြစ်စဉ်တွင်  နောက်မှ ဝင်တိုက်သည့် ယာဉ်မောင်း သူရော၊ ရှေ့မှမော်တော်ဆိုင် ကယ်စီးနင်းသူရော နှစ်ယောက်စလုံးသေဆုံးသွားကြသည်။ တတိယ သတင်းတစ်ပုဒ်မှာ  ဆိုင်ကယ်များ တင်ဆောင်လာသော ကုန်တင်ယာဉ်တိမ်းမှောက်သည့် သတင်းဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်း၌ နိုဝင်ဘာ ၈ ရက်  နံနက် ၃ နာရီ မိနစ် ၅ဝ တွင် ဆိုင်ကယ်များတင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား ခဲ့သည်။ ယာဉ်တိမ်း မှောက်ခြင်းမှာ အရှိန် မထိန်းနိုင်ဘဲ ချောင်းမကြီး တံတားလက်ရန်းအား ဝင်ရောက်တိုက်မိကာ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ စတုတ္ထ သတင်းတစ်ပုဒ်မှာ ရပ်ထားသည့် ၂၂ ဘီးယာဉ်အား ဆိုင်ကယ်ကဝင်တိုက်မိ၍ ဆိုင်ကယ်မောင်းနှင် သူသေဆုံးပြီး နောက်မှလိုက်ပါသူမှာ ဒဏ်ရာရသွားသည့် သတင်းဖြစ်သည်။   ဖြစ်သည့် နေရာမှာ  ရှမ်းပြည်နယ်(မြောက်ပိုင်း)  ကွတ်ခိုင်မြို့နယ်  လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်၌ နိုဝင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဤဖြစ်စဉ်များကိုသုံးသပ်ကြည့်မည် ဆိုပါလျှင် ဖြစ်ပျက်သမျှအကြောင်းရင်းခံသည် လူသားတို့၏ပေါ့ဆမှု ကြောင့်ဖြစ်ပေသည်။ ယာဉ်မတော်တဆဖြစ်ပွားရခြင်း အကြောင်းများကို လေ့လာကြည့်လျှင် မော်တော်ယာဉ် စက်ကိရိ ယာကြောင့် ဖြစ်ပွားရခြင်း၊ လူကြောင့်ဖြစ်ပွားရခြင်း၊ လမ်းကြောင့်ဖြစ်ပွားရခြင်း၊ ရာသီဥတုကြောင့် ဖြစ်ပွားရခြင်းဟူ၍ တွေ့ရှိရမည်ဖြစ်ပေသည်။ ဖြစ်ပွားမှုများကို အနှစ်ချုပ်လိုက်လျှင် အဓိကဖြစ်ပွားရသည်မှာ လူသားတို့ညံ့ဖျင်းမှုကြောင့်ဟူသော အဖြေကို ဖော်ထုတ်နိုင်သည်။

လူသည်စဉ်းစားဆင်ခြင် ဉာဏ် အပြည့်အဝရှိသည်။ ရှိလည်းရှိရမည်။ ကြိုတင်မြော်တွေးကာ ကြိုတင် ပြင်ဆင်မှုလည်းရှိနေရပေမည်။ ထိုစဉ်းစား ဉာဏ်ကို သတိနှင့်ထိန်းချုပ်နိုင်ရမည်။ အရာရာကို သတိထား လိုက်မည် ဆိုလျှင် ယာဉ်မတော်တဆမှုများ လျော့နည်းသွားမည်မှာ အမှန်ဖြစ်သည်။ အသက်ဆုံးရှုံးသည် အထိ ဖြစ်ပွား ရသောဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင်လည်း သတိပေါ့လျော့မှုကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။ လူတိုင်းသည် မိမိအသက်ကို တန်ဖိုးထားသည်။ သေရမှာကြောက်ကြသည်။ သေရမှာကြောက် နေကြပါလျက် သေပွဲဝင်နေရခြင်းမှာ အသိတရား၊ သတိတရားလျော ့ပါး၍သာ ဖြစ်ပါကြောင်း ရေးသားလိုက် ရပေသည်။     ။