နာတာရှည် အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်းရောဂါ (COPD)

ဒေါက်တာလွင်သန့်

ကမ္ဘာပေါ်မှာ   နာတာရှည် အဆုတ်ပွ  အသက်ရှူလမ်းကြောင်းကျဉ်းရောဂါ ခံစားနေရသူ သန်း ၂၅ဝ ရှိတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထဲမှာ ဆေးလိပ်သောက်သုံးမှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သက်ကြီးရွယ်အို အရေအတွက်မြင့် မားလာမှု၊ လေထု ညစ်ညမ်းမှုတွေကြောင့် လာမယ့် နှစ် ၃ဝ မှာ အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါကြောင့် သေဆုံးသူ ပိုလာနိုင် တယ်။ နှစ်စဉ်လူဦးရေသုံးသန်း ယင်းရောဂါနဲ့သေဆုံးနေကြရပါတယ်။  

၂ဝ၃ဝ ပြည့်နှစ်မှာ ၄ ဒသမ ၅ သန်း သေဆုံးနိုင်တယ်။ ၂ဝ၃ဝ ပြည့်နှစ်  လူသားတို့သေဆုံးရတဲ့ တတိယမြောက် အများဆုံး ရောဂါဖြစ်လာနိုင်တယ်။ နိုဝင်ဘာ ၂၁ ရက်နေ့ဟာ ကမ္ဘာ့နာတာရှည် အဆုတ်ပွ အသက်ရှူ လမ်းကြောင်း ကျဉ်း ရောဂါနေ့ (World COPD Day) ဖြစ်တယ်။

ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ ဆေးလိပ်သောက်ခြင်း၊ အိမ်တွင်း လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်လေထု ညစ် ညမ်းခြင်း၊ လုပ်ငန်းခွင် ဖုန်မှုန့်များ၊ ဓာတုပစ္စည်းများကြောင့်ဖြစ်တယ်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ စက်ရုံ၊ မော်တော် ယာဉ်များပြားလာမှု၊ မြစိမ်းရောင် သစ်ပင်သစ်တော ရှားပါးမှုတွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ စတဲ့လေထု ညစ်ညမ်းမှုကပိုနေကာ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါ ဖြစ်လာရခြင်းဖြစ် တယ်။

အဆုတ်အတွင်းမှာ  သေးငယ်တဲ့ လေအိတ်များ ပျက်စီးရောဂါနဲ့  နာတာရှည် အဆုတ်ပွ  လေပြွန် ရောင်ရမ်း ရောဂါ တို့ဟာ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါဖြစ်စေတယ်။

ရောဂါ လက္ခဏာတွေက အသက်ရှူခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူရင် ရွှီရွှီမြည်ခြင်းတို့ဖြစ်တယ်။ ယင်းလက္ခဏာတွေဟာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ရေရှည်ထိတွေ့ရာ မှဖြစ် ပေါ်တယ်။ စီးကရက် မီးခိုးငွေ့ကြောင့်ဖြစ်တယ်။

နာတာရှည်အဆုတ်ပွ လေပြွန် ကျဉ်းဖြစ်ပွားသူတွေဟာ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ အဆုတ်ကင်ဆာ ရောဂါတို့ ခံစား ရနိုင်တယ်။

ရောဂါဖြစ်နိုင်ခြေများ သူများမှာ ဆေးလိပ်သောက်သူများ၊ တစ်ဆင့်ဆေးလိပ်ငွေ့ ရှူမိသူများ၊ ဆေးလိပ်သောက် တဲ့ ပန်းနာရင်ကျပ် ရောဂါခံစား ရသူများ၊ လုပ်ငန်းခွင်ဖုန်မှုန့်များ၊ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့နေရ သူများ၊ လေဝင် လေထွက် မကောင်းတဲ့အိမ်တွေမှာ ချက်ပြုတ်ရာမှထွက်တဲ့ အငွေ့တွေနဲ့ ထိတွေ့သူများ၊ အသက် ၄ဝကျော်သူ များနဲ့ အယ်ဖာ(၁)အင်တီထရပ်ဆင်  AAt ချို့တဲ့သူတွေဖြစ်တယ်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်း ရောဂါသည်   ဆေးလိပ်သောက်သူ တွေမှာ ၂ဝ မှ ၃ဝ ရာခိုင်နှုန်းထိဖြစ်နိုင်တယ်။ နာတာရှည် အဆုတ်ပွ၊ လေပြွန် ကျဉ်းရောဂါရဲ့ လက္ခဏာတွေက အသက်ရှူခက်ခဲခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ထွက်ခြင်း၊ မောပန်းခြင်း၊ အသက်ရှူပါရွှီရွှီမြည်ခြင်း တို့ဖြစ်တယ်။ ရောဂါလက္ခဏာ တွေဟာ ရောဂါဖြစ်စေတဲ့ အကြောင်းရင်းနဲ့ ရေရှည် ထိတွေ့ရာ မှာဖြစ်ပေါ်လာတယ်။ နာတာရှည်အဆုတ်ပွ လေပြွန် ကျဉ်းဖြစ်ပွားသူတွေဟာ နှလုံးရောဂါ၊ အဆုတ် ရော ဂါဖြစ်နိုင်တယ်။

၁ ရာခိုင်နှုန်းဟာ  AAt  ချို့တဲ့လို့ဖြစ်တယ်။ အဆုတ်ကိုကာကွယ်ဖို့   AAt ကို အသည်းကထုတ်၍ သွေးကြောထဲ ထုတ်လွှတ်တယ်။  AAt  ချို့တဲ့ရင်  အသည်းနဲ့ အဆုတ်ထိခိုက်နိုင်တယ်။

ရောဂါရဲ့နောက်ဆက်တွဲ ပြဿနာတွေက အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း၊ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြင်း၊ အဆုတ် ကင်ဆာ ဖြစ်ပွားနိုင်ခြင်း၊ အဆုတ်ထံ သွေးပု့ိဆောင်တဲ့သွေးလွှတ်ကြောတွေမှာ သွေးပေါင်ချိန် မြင့်တက်ခြင်းနဲ့ စိတ်ဓာတ်ကျခြင်း၊ အိပ်မရခြင်း၊  အမြဲတမ်းစိတ်တို စိတ်ဆတ်ခြင်း၊  ပတ်ဝန်းကျင်နဲ့ ဓာတ်မတည့် မှုပိုဖြစ်ခြင်း၊ အထီးကျန် ဆန်ခြင်းတို့ဖြစ်နိုင်တယ်။ ကလေးတွေမှာဖြစ်ရင် စာမလိုက်နိုင်ခြင်း၊ ကိုယ်ရည်ကိုယ်သွေး ကျဆင်းခြင်းတို့  ဖြစ်တတ်တယ်။

နာတာရှည် အဆုတ်ပွ လေပြွန် ကျဉ်းရောဂါကုသရာမှာ ရောဂါဖြစ်နိုင် ခြေတွေကိုလျှော့ချခြင်း၊ ဆေးဝါးနဲ့ ကုသခြင်း၊ ဆေးဝါးမဟုတ်တဲ့  ကုသမှုနဲ့ကုသခြင်း၊ ရောဂါရုတ်တရက်ဆိုးရွားလာမှုကို ကုသပေးခြင်းရှိ တယ်။ ရောဂါကုသရာမှာ ရောဂါလက္ခဏာအခြေအနေ၊ အသက်ရှူ စမ်းသပ်ကိရိယာနဲ့ စမ်းသပ်မှု အခြေအနေ၊ ရောဂါ ရုတ်တရက် ဆိုးရွားလာ မှုအခြေအနေနဲ့ အခြားရောဂါရှိ၊ မရှိတို့ကို ထည့်သွင်းစဉ်းစား ဆန်းစစ် ရတယ်။ နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါနဲ့ ရင်ကျပ်ရောဂါ ကုသရာမှာ အဆုတ် လေပြွန်ကျယ်စေတဲ့ ရှူဆေး ပေးနိုင်တယ်။

အသက်ရှူရ ခက်ခဲသည့် လက္ခဏာရှိသူများကို အဆင့်ဆင့် ချဉ်းကပ်နည်းနဲ့ ရောဂါ ရှာဖွေဖော်ထုတ်နိုင်တယ်။ အဆင့် ငါးဆင့်ရှိတယ်။

၁။ လူနာရဲ့ နာတာရှည် အသက်ရှူလမ်းကြောင်းရောဂါရှိ၊   မရှိမေးမြန်းခြင်း။

၂။ အရွယ်ရောက်ပြီးလူနာများမှာ နာတာရှည် အဆုတ်ပွ လေပြွန် ကျဉ်းရောဂါ၊   ပန်းနာရင်ကျပ်ရောဂါ၊ နာတာ ရှည် အဆုတ်ပွ လေပြွန် ကျဉ်းနဲ့ပန်းနာ နှစ်မျိုးရှိတဲ့ရောဂါတို့ရှာဖွေဖော်ထုတ်ခြင်း။

၃။ အသက်ရှူတိုင်းကိရိယာနဲ့ စမ်းသပ်ခြင်း။

၄။ ကနဦး ဆေးကုသမှုစတင်ခြင်း။

၅။ လိုအပ်ရင် အဆုတ်နှင့်ရင်ခေါင်းအထူးကု သို့မဟုတ် ဆေးရုံ ပို့ဆောင်ရေးတို့ဖြစ်တယ်။

လူနာတွေမှာ အဆုတ် လေပြွန်ကျယ်စေသည့် ရှူဆေး  စတီးရွိုက် ရှူဆေး၊ စားဆေး၊ အမိုင်နို သို့မဟုတ် ဗင်တို လင်စားဆေး၊  ပဋိဇီဝ ဆေးတို့ အရန်သင့်ထားရှိကာ ခဏကျပ်လာကတည်းက  ရှူပေး ဖို့လိုတယ်။  ပြင်းထန် လာရင် ဆရာဝန်ထံသွားရောက်ရမည်။  ဆရာဝန် က ပဋိဇီဝဆေး၊ လေပြွန် ကျယ်ဆေး၊ စားဆေး၊   ထိုးဆေး ပေးနိုင်တယ်။

ရောဂါကာကွယ်နည်းလမ်းတွေက နာတာရှည် အဆုတ်ပွ လေပြွန်ကျဉ်းရောဂါကိုကာကွယ်ရန် ဆေးလိပ်ဖြတ်ခြင်း၊ လုပ်ငန်းခွင်မှာ အသက်ရှူ ကာကွယ်ရေးကိရိယာအသုံးပြုခြင်းတို့ဖြစ်တယ်။ နာတာရှည်၊ အဆုတ်ပွ၊  လေပြွန် ကျဉ်းရောဂါရှိသူတွေအနေနှင့် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းမှ ကာကွယ်ရန်အတွက် တုပ်ကွေးရောဂါ ကာကွယ် ဆေးနှင့် အဆုတ် နဲ့ဦးနှောက် အမြှေးရောင် ရောဂါကာကွယ်ဆေးတို့ကို   နှစ်စဉ်ထိုးဖို့ လိုအပ်တယ်။ အများဆုံး ကြုံတွေ့ကြရတာက ခုခံမှုစနစ် အားနည်းခြင်း တွေ့ကြုံကြရကာ ရာသီအပြောင်းမှာ အအေးမိ၊ နှာစေး၊  တုပ်ကွေး ရောဂါဖြစ်ပွားမှု ပိုဖြစ်တတ်တယ်။

နာတာရှည် အဆုတ်ပွ လေပြွန် ကျဉ်းရောဂါဖြစ်နိုင်ခြေများ နေသူတွေ အနေနဲ့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများဆီ သွားရောက်ကာ ဆွေးနွေး တိုင်ပင်သင့်တယ်။ နာတာရှည်၊ အဆုတ်ပွ၊ လေပြွန် ကျဉ်းရောဂါခံစား နေရသူတွေ အနေနှင့် တတ်ကျွမ်းနားလည်သည့်ဆရာဝန်များ၊ အဆုတ်နှင့် ရင်ခေါင်းအထူးကု ဆရာဝန်များနဲ့ စနစ်တကျ ကုသ အကြံ ဉာဏ် ရယူသင့်တယ်။

ကလေးလူနာတွေ သနားဖို့ကောင်းလှအောင် ရင်ကျပ်၊ အသက်ရှူ မဝရောဂါ အလူးအလဲ ခံစားရတယ်။ အဆုတ် လေပြွန်ကျယ်စေတဲ့ရှူဆေး၊ အမိုင်နို၊ ဗင်တိုလင်၊ ဆာလဗြူ တမောစားဆေး၊ ပဋိဇီဝ စားဆေးတို့  ဆောင်ထား သင့်တယ်။ ဖြစ်နိုင်ရင် အောက်ဆီဂျင်ရှူနိုင်ဖို့ပြင်ဆင်ထားရှိသင့်တယ်။ ယင်းရောဂါဖြစ်စေတဲ့ ဆေးလိပ်သောက် ခြင်း၊  အိမ်တွင်း လေထုညစ်ညမ်းခြင်း၊ ပတ်ဝန်းကျင်လေထုညစ်ညမ်းခြင်းနှင့် လုပ်ငန်း ခွင်မှာ ဖုန်မှုန့်တွေ၊ ဓာတု ပစ္စည်းတွေရှောင်ရှားသင့်ကာ ဆေးအသင့် ဆောင်ထားရတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး၊ အိမ်ကျောင်း သန့်ရှင်းရေး၊  ပတ်ဝန်းကျင်သန့်ရှင်းရေးကို   အလေးထားဆောင်ရွက်ထားသင့်ပါတယ်။    ။