မဲခေါင်ဒေသခွဲနိုင်ငံများ စီးပွားရေးစင်္ကြံဆိုင်ရာ

မဲခေါင်ဒေသခွဲနိုင်ငံများ စီးပွားရေးစင်္ကြံဆိုင်ရာ

မဟာမဲခေါင်ဒေသခွဲအဖွဲ့ (Greater Mekong Sub-Region-GMS)  ကို မဟာမဲခေါင်ဒေသခွဲခြောက် နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းထားရခြင်း၏ ရည်ရွယ်ချက်မှာ မဲခေါင်ဒေသခွဲနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရန်၊ ကုန်သွယ်ရေးနှင့်ပို့ဆောင်ရေးလုပ်ငန်းများတိုးချဲ့ရန်၊ အခြားနိုင်ငံမှပြောင်းရွှေ့အလုပ်သမားများအတွက် လူ့အရင်းအမြစ် ပြဿနာများဖြေရှင်းရန်၊ အခြေခံစီးပွားရေးအဆောက်အအုံဖွံ့ဖြိုးရေးစီမံကိန်းများ၊ ဒေသတွင်းစက်မှုနှင့်လယ်ယာကဏ္ဍများ တိုးချဲ့ဆောင်ရွက်ရန်တို့ဖြစ်သည်။

မဟာမဲခေါင်ဒေသပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် မဟာမဲခေါင်ဒေသခွဲနိုင်ငံများ၏ အခြေခံအဆောက်အဦများ တည်ဆောက်ရေးနှင့် စီးပွားရေးပေါင်းစည်းမှုတွင် မကြာမီနှစ်များအတွင်း ထူးထူးခြားခြားရလဒ်ကောင်းများရရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် လန်ချန်း-မဲခေါင်ငါးနိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ  ၃ ဒသမ ၄ ဘီလီယံခန့်ရှိသည်။

အဆိုပါ ပမာဏမှာ တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းတိုးမြင့်လျက်ရှိခြင်းဖြစ်သည်။ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၆၃၄ ခုနှင့် ယင်းအတွက် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၂၄၇ ဘီလီယံရှိကြောင်း သိရသည်။

GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများအစည်းအဝေး- ၂၀၂၃ (2023 GMS Economic Corridor Governors Forum) ကို သြဂုတ် ၁၇ ရက် နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ ယူနန်စီးပွားရေးဌာန ယုလန်ခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့်ထိုင်းနိုင်ငံတို့မှ တာဝန်ရှိသူများ၊ မဲခေါင်ဒေသသိပ္ပံနှင့်အာရှဒေသဖွံ့ဖြိုးရေးဘဏ် (ADB)  မှ တာဝန်ရှိသူများအပြင် တောင်အာရှနိုင်ငံများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

စိုက်ပျိုးရေးသည် GMS ဒေသခွဲ၏ အဓိကကျောရိုးဖြစ်ပြီး သန်းပေါင်း ၃၄၀ ခန့်ရှိသည့် ဒေသခွဲလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်သည် အသေးစားစိုက်ပျိုးရေး လုပ်ငန်းများအပေါ်တွင်  မှီခိုနေသည့်အားလျော်စွာ လူဦးရေသန်း ၂၀၀ နီးပါး၏ နေထိုင်စားသောက်မှုကို တိုက်ရိုက်အထောက်အကူပေးလျက်ရှိသည်။

ကမ္ဘာလုံးဆိုင်ရာနှင့်ဒေသတွင်းကုန်သွယ်မှုဆိုင်ရာစိန်ခေါ်မှုများကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ဒေသခွဲဈေးကွက်နှင့် လူဦးရေအရွယ်အစားသည် တရုတ်နိုင်ငံနှင့်အခြားသော ွြှ နိုင်ငံများအကြား စိုက်ပျိုးရေးကုန်သွယ်မှုကို အပြုသဘောဆောင်သည့် သက်ရောက်မှုဖြစ်စေပါသည်။ လယ်ယာ ကုန်သွယ်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေးဟူသော ရည်မှန်းချက်ပြည့်မီရေးအတွက် အလွန်အရေးကြီးလှသည်။ ထို့ပြင် ကုန်သွယ်မှုသည် လယ်သမားများနှင့် စားနပ်ရိက္ခာထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက်တွင် အလုပ်လုပ်ကိုင်နေသည့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။

GMS စီးပွားရေးစင်္ကြံတွင် ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှု စွမ်းရည်များမြင့်မားခြင်း၊ အစားအစာအမျိုးအမယ် ကွဲပြားများပြားလာခြင်း၊ အစားအစာရရှိမှု မြင့်မားလာခြင်းတို့ကိုလည်း ကူညီပေးနိုင်သည်။ လက်ရှိကာလသည် ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်ခြင်းနှင့် ရေရှည်တည်တံ့ခြင်းကဲ့သို့ အကြောင်းရင်းများက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကဖြစ်စေသည်။ အရင်းအမြစ် အကန့်အသတ်ရှိနေသည့် ကိုဗစ်ကာလအလွန် ကမ္ဘာကြီးတွင် GMS နိုင်ငံများအနေဖြင့် အတူတကွလုပ်ကိုင် ဆောင်ရွက်ကြရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ ရှာဖွေဖော်ထုတ်ကြရမည့် အချိန်ကာလ ဖြစ်သည်။

ဒေသတွင်းနှင့်ဒေသပြင်ပစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို   ပိုမိုခိုင်မာစေမည့်  လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ၊ ပိုမိုကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုဥပဒေများနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းဆိုင်ရာ မဟာဗျူဟာများနှင့် GMS ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင်ကဲ့သို့သော မူဝါဒဆိုင်ရာ အစီအမံသုံးခုသည် တစ်နိုင်ငံချင်းစီအနေဖြင့်လည်းကောင်း၊ ဒေသခွဲအနေဖြင့်လည်းကောင်းရှိပြီးဖြစ်သည်။ ထို့ပြင် GMS မဟာဗျူဟာမူဘောင်(၂၀၃၀) ကို ၂၀၂၁ ခုနှစ်တွင် ကျင်းပခဲ့သော သတ္တမအကြိမ် GMS ထိပ်သီးအစည်းအဝေး၌ အတည်ပြုခဲ့ပြီးဖြစ်သည်။ ယင်းမူဘောင်သည် ဒေသခွဲအတွင်းမူဝါဒများနှင့် စံချိန်စံညွှန်းများလိုက်လျောညီထွေရှိရန် လိုအပ်သည့် ပို့ကုန်တိုးချဲ့မှုအတွက် အစားအစာဘေးကင်းမှု ပိုမိုမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသည့် စံနှုန်းများကို မြှင့်တင်ဆောင်ရွက်ကြရန် အဓိကဖော်ပြထားသည်။

(၂၆)ကြိမ်မြောက် GMS ဝန်ကြီးအဆင့် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ၂၀၂၃ ခုနှစ်ဒီဇင်ဘာလတွင် လက်ခံကျင်းပမည်ဖြစ်ပေရာ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်ရေး၊ ဒေသအစိုးရများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ွြှ အစီအစဉ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်ရေးနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် စသည့်အကြောင်းအရာများကို ပြည့်ပြည့်စုံစုံ ဆွေးနွေးဖလှယ်ကြမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် GMS နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြင့်မားတိုးတက်ပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။