ကမ္ဘာ့အထင်ကရ မာရဝိဇယမြတ်ဗုဒ္ဓ
အယ်ဒီတာ့အာဘော်
(၂၀၂၃ ခုနှစ်၊ သြဂုတ် ၂၇ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမတို့က “ မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်း တောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ်ချက် (၄ )ရပ်ဖြင့် တည်ထား ကိုးကွယ်ရန် ရည်သန်လျက် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်း၌ သာသနာတော်ထုံး၊ ရုပ်ပွားဆင်းတုတော်ထုံး၊ မြန်မာ့ရိုးရာ တည်ထုံးများနှင့်အညီ တည်ထားပြီးဖြစ်သည်။ ထိုသို့တည်ထားပြီး ဖြစ်သည့် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ကြီးနှင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးသို့ ရဟန်းရှင်လူပြည်သူ အပေါင်းတို့ ဘုရားဖူး လာရောက်လျက်ရှိသည်မှာ နေ့စဉ်နှင့်အမျှ ကြက်ပျံမကျ စည်ကားလွန်းလှသည်။ ဘုရားဖူးလာကြသူများ၏ မ်းသာကြည်နူးဖွယ် ရင်တွင်းစကားသံများကိုလည်း နေ့စဉ်ထုတ်လွှင့်နေသည့် ရုပ်မြင်သံကြားများတွင် လည်းကောင်း၊ နေ့စဉ်ထုတ်သတင်းစာများတွင် လည်းကောင်း ကြားမြင်နေကြရပြီးဖြစ်သည်။ ကမ္ဘာမှာ မြန်မာဟေ့လို့ ဂုဏ်ယူဖွယ်ကောင်းလောက်အောင်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားမှုမှာ ထူးခြားအံ့သြဖွယ် ကောင်းလှသည်။ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသက သူ၏ တစ်ဘဝသံသရာ စာအုပ်တစ်နေရာတွင် သာသနာတော်ထွန်းကား ပြန့်ပွားရေး ဆောင်ရွက်ချက်နှင့် ပတ်သက်၍ “ ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊ ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင်ရသည်တန်ခိုး ထပ်မညှိုးအောင် အားကြိုးမာန်တက် ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း” ဟူ၍ ရေးသားခဲ့ပါသည်။ ယခုအချိန်အခါတွင်လည်း ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင် အပေါင်းတို့သည်လည်း အဆိုပါ မိန့်ကြားရေးသားချက်များနှင့် ညီလှပေသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူတိုင်းက ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ထားသည်များကို လက်တွေ့မျက်မြင်တွေ့ကြရသောအခါ ကြည်နူးခြင်း၊ ဝမ်းသာခြင်း၊ ဂုဏ်ယူခြင်း၊ တန်ဖိုးထားခြင်းဟူသော စိတ်များဖြစ်ပေါ်ကြောင်း ပြောကြားကြသည်။ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် သြဂုတ် ၁၉ ရက်က မာရဝိဇယဂေါပက ရုံး၌ ကျင်းပပြုလုပ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် “မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် အောင်မြင်ပြီးစီးခဲ့ကြောင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်သည့်နေ့တွင် ရုပ်ပွားတော် တည်ဆောက်ရေးအတွက် ရရှိသည့် လှူဒါန်းငွေအစုစုကို စာရင်းပိတ်၍ ရေစက်ချလှူဒါန်းပြီး ဖြစ်ကြောင်း၊ မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း၊ ဆင်းတုတော်ကြီး ကြည်ညိုသပ္ပာယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အနုပညာ လက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိက အဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော်ကြီး တစ်ခုလုံးအား စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့ဲခြင်း ဖြစ်ကြောင်း၊ ၎င်းကဲ့သို့ ကြီးကျယ်ခမ်းနား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည် အခြားမည်သည့်နေရာတွင်မျှ မရှိနိုင်ကြောင်း” ပြောကြားခဲ့သည်။ စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်းစဉ်လာအရ ရတနာတန်းဝင် အဖိုးတန်ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများ အနေဖြင့် ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ်ကျက်သရေရှိမှု စသော ဂုဏ်သတ္တိများကို ရရှိနိုင်သည်။ စကျင်ကျောက်တော်ကြီး ပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်မှုနှင့် ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ထပ်မံတည်ဆောက်ရန် ဖြစ်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် ပျက်စီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲမှအစ အလေးထား ထိန်းသိမ်းဆောင်ရွက် သွားကြရမည်ဖြစ်သည်။ စကျင်ကျောက်များဖြင့် ထုဆစ်ထားခြင်းဖြစ်သဖြင့် အမြဲသန့်ရှင်းမှုများ ရှိစေရေး ထိန်းသိမ်း ဆောင်ရွက်နေရန် လိုကြောင်း၊ ထိန်းသိမ်းမှုများ ဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့် ပစ္စည်းများကိုလည်း အရန်ထားရှိ၍ လိုအပ်သည့်အချိန်တွင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်နိုင်ရန် လိုကြောင်းများကိုလည်း နိုင်ငံတော်အကြီးအကဲက အသေးစိတ် လမ်းညွှန်မှုပြုခဲ့သည်။ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်တကွ ကျောက်စာရုံဘုရားစေတီများ အပါအဝင် တန်ဖိုးမဖြတ်နိုင်လောက်သည့် သာသနိက အဆောက်အဦများ နေရောင်လရောင်ပမာ ထွန်းလင်းတောက်ပကာ ကမ္ဘာတည်သရွေ့ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့စေရေး၊ တိုးတက်စည်ပင်ရေးတို့မှာ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ အရေးသာမက ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့၏ အရေးလည်းဖြစ်ပေရာ မိမိတို့၏ဘာသာ၊ သာသနာကို ချစ်မြတ်နိုး တန်ဖိုးထားသည့်စိတ်ဖြင့် ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။