အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ကျင်းပ

အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေး ဒုတိယနေ့ကျင်းပ

နေပြည်တော်  သြဂုတ်  ၂၆

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် သြဂုတ် ၂၅ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Hotel St. Regis ၌ ကျင်းပသည့် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့ကို တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အာဆီယံ ကျန်းမာရေးဝန်ကြီးများ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံ ကျန်းမာရေးဝန်ကြီးတို့က အမှာစကားများ ပြောကြား၍ အစည်းအဝေးကို ဖွင့်လှစ်သည်။ 

ဆက်လက်၍ အစည်းအဝေး အစီအစဉ်အရ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်ကာကွယ် တုံ့ပြန်ရေးမှတစ်ဆင့် ရေရှည်ထိရောက်စွာ ကာကွယ်ထိန်းချုပ် ကုသနိုင်ရေးအတွက် ကောင်းမွန်သည့် ကျန်းမာရေးစနစ်များ ဖြစ်ပေါ်လာစေရေး   ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊   ထိုကဲ့သို့ဆောင်ရွက် နိုင်ရေး အာဆီယံနိုင်ငံများ အတွက် ဖြစ်နိုင်ခြေရှိသည့် အထောက်အပံ့များ ရရှိရေးအစရှိသည့် ဆွေးနွေးပွဲများကို ကျင်းပရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊   African Union ၊ 2023 G 20 Health Working Group၊ WHO South East Asia Region၊ 2023 G7 Health Working Group၊ APEC အဖွဲ့ဝင်နိုင်ငံများ၊ World Bank ၊ ADB ၊ GAVI ၊ CEPI အဖွဲ့များမှ ပညာရှင်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်ရုံးများမှ သံအမတ်ကြီးများနှင့် တာဝန်ရှိသူများ   တက်ရောက်ခဲ့ကြသည်။ 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ရောဂါသည် လက်ရှိအချိန်တွင် အရေးပေါ်တုံ့ပြန်ရေးအခြေအနေမှ ရေရှည်ထိရောက်စွာ ကာကွယ်ထိန်းချုပ်ကုသ နိုင်ရေး ဦးစားပေး ဆောင်ရွက်ရမည့် အခြေအနေသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊  ကမ္ဘာ့နိုင်ငံများ နည်းတူ  မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်သည်လည်း ကပ်ရောဂါကာလအတွင်း အခက်အခဲများ ကြုံတွေ့ခဲ့ရကြောင်း၊   သို့သော်လည်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့်  ကျန်းမာ ရေးဝန်ကြီးဌာနအနေဖြင့် ကဏ္ဍပေါင်းစုံနှင့် စနစ်တကျပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါအား အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်  ထိခိုက်ခဲ့သော  နိုင်ငံ၏  လူမှုစီးပွားရေး   ပြန်လည်ကုစားနိုင်ရန်နှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားရေရှည် ဖွံ့ဖြိုးတိုးတက်မှုရှိပြီး လုပ်သာကိုင်သာရှိသော စီးပွားရေးဝန်းကျင် တစ်ရပ်ဖြစ်ပေါ်စေရေးအတွက် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့စေရေး စီမံချက် Myanmar COVID- 19 Economic Relief Plan ကိုရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း။     

၂၀၂၁ ခုနှစ်မှစတင်၍ ရောဂါပိုးများ၏ မျိုးရိုးဗီဇစောင့်ကြည့်ခြင်း စနစ် (Genomic Surveillance    System)   ကိုလည်း အားကောင်းစေရန်  စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိတွင်  ပြည်တွင်း၌မျိုးရိုးဗီဇ ပြောင်းလဲမှုအသစ်များကို ရှာဖွေစမ်းသပ် စစ်ဆေးအတည်ပြုနိုင်ပြီဖြစ်ကြောင်း၊ မြန်မာကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန (Myanmar Center for Disease Control)   ကိုလည်း  နေပြည်တော်တွင် တည်ဆောက်နေသည်မှာ ပြီးစီးတော့မည် ဖြစ်၍ မကြာမီကာလအတွင်း နိုင်ငံတကာနှင့် ဒေသတွင်း အဆင့်မီ ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေး စင်တာတစ်ခု ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပြီး နောင်ဖြစ်ပေါ်လာနိုင်ခြေရှိသည့် ကပ်ရောဂါများ ကူးစက်ရောဂါများကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အထူးအရေးပါသည့် ဌာနတစ်ခုဖြစ်လာမည် ဖြစ်ကြောင်း။

အာဆီယံနိုင်ငံများအတွက် ကပ်ရောဂါ ဖြစ်ပွားမှုကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ခြင်း နှင့်ပတ်သက်၍   ပံ့ပိုးကူညီမှုများရရှိရေး ဆွေးနွေးပြောကြားရာတွင် ရောဂါပိုးများ၏ မျိုးရိုးဗီဇစောင့်ကြည့်ခြင်း စနစ်  (Genomic Surveillance System) နှင့် Genomic Sequencing ဆောင်ရွက်နိုင်သည့် ဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ခြင်းသည် ပိုးအသစ်များ ဖြစ်ပေါ်လာမှုအား အချိန်နှင့်တစ်ပြေးညီ သိရှိထိန်းချုပ်နိုင်ရေး အရေးကြီးသည့်အတွက် အဆိုပါစနစ်များ   အားကောင်းစေရေး ထောက်ပံ့မှုများ ရရှိရေး၊ ဒေသတွင်းနိုင်ငံများ အချင်းချင်း သတင်းအချက်အလက်၊ အသိ ပညာမျှဝေခြင်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊  မြန်မာနိုင်ငံ အနေဖြင့်  ကိုဗစ်-၁၉  ရောဂါအတွင်း ကတိကဝတ်ပြုထားသည့်   အကူအညီ အထောက်အပံ့များ အနည်းငယ်သာရရှိခဲ့ ကြောင်း၊   အာဆီယံအဖွဲ့ကြီး အနေဖြင့် မိတ်ဖက် အဖွဲ့အစည်းများ၊ အလှူရှင်များ၏ ကူညီပံ့ပိုးမှုများအား အဖွဲ့ဝင်နိုင်ငံများ အပေါ် ခွဲခြားဆက်ဆံမှု မရှိစေဘဲ  တန်းတူညီမျှ ရရှိရေးအား ASEAN Equality,  ASEAN Centrality နှင့်အညီသာ ဆောင်ရွက်သင့်ကြောင်း၊  မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဒေသတွင်း နေထိုင်သော ပြည်သူအားလုံး၏ ကျန်းမာရေး အဆင့်အတန်းမြှင့်တင်နိုင်ရေး၊ တုံ့ပြန်နိုင်စွမ်းအား ကောင်းမွန်ပြီး ရေရှည်တည်တံ့၍ အားလုံးပါဝင်နိုင်သည့် ကျန်းမာရေးစနစ်နှင့် အာဆီယံ အသိုက်အဝန်းတည်ဆောက်ရာတွင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး၊ ပြည်သူများအားလုံးနှင့်အတူ လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် လာမည့်အာဆီယံ ထိပ်သီး အစည်းအဝေးတွင်  အတည်ပြုနိုင်ရေး တင်သွင်းမည့်  တိုက်တွန်း နှိုးဆော်ချက် (Call for Action) ကို အတည်ပြုခဲ့ကြသည်။ 

မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင်  လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။