ရွေးကောက်ပွဲရလဒ်ကို လက်မခံသေးသည့် လက်ရှိသမ္မတဒေါ်နယ်ထရမ့်နှင့် ပြည်ပမဟာမိတ်ဒေါက်တိုင်များ ကို ခိုင်မာစွာပြန်လည်တည်ဆောက်မယ့် ဂျိုးဘိုင်ဒင်

အမေရိကန်နိုင်ငံ၌  နိုဝင်ဘာ ၃ ရက်က ကျင်းပသည့်  သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတ လောင်း ဂျိုးဘိုင်ဒင် သည်   ၁၉၀၀   ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲတွင် အကြီးမားဆုံး အောင်မြင်မှုရခဲ့ သော်လည်း လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံမှုနှင့် ၎င်းသာ အောင်နိုင် ကြောင်း တွစ်တာ၌ ကြေညာနေခဲ့သောကြောင့်  မမျှော်လင့်သည့်အခက်အခဲများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ထရမ့်က ၎င်းအား ပြည်သူ ၇၁ သန်းက ထောက်ခံသောကြောင့် ၎င်းသာ စစ်မှန်သော သမ္မတအဖြစ် ယခုအချိန်ထိ သတ်မှတ်ထားပုံရကာ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် တရားစွဲဆိုမှုများလည်း ပြုလုပ်နေ သည်။ နိုဝင်ဘာ ၁၀ ရက်က ထရမ့်၏တွစ်တာ၌ ကြီးမားသောအောင်မြင် တိုးတက်မှုများရှိနေသည်ဟု ရွေးကောက်ပွဲနှင့်ပတ်သက်သည့် Post တစ်ခုတက်လာခဲ့ပြီးနောက် အမေရိကန်ရှေ့နေချုပ်၏ စုံစမ်းစစ် ဆေးခွင့်များပါ ထပ်မံထွက်ပေါ်လာသည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဗဟိုအစိုးရ ကြားဝင်မစွက်ဖက်စေရေးအတွက် ဖက်ဒရယ်ပြည်နယ် အားလုံး၏ ခွင့်ပြုချက်ရမှသာ တရားရုံးချုပ်က စုံစမ်းစစ်ဆေးခွင့်ပေး၍ ရမည်ဖြစ်သည်။ သို့သော် ယခု စုံစမ်းစစ်ဆေးခွင့်ကို အမေရိကန်တရားရုံးချုပ်က ခွင့်ပြုပေးလိုက်သည့်အတွက် သဘောထားကွဲလွဲမှုများ  ထပ်မံဖြစ်ပေါ်လာကာ အာဏာလွှဲပြောင်းရေးအတွက် ဖိအားမပေးခဲ့သည့် ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်ပင် ထရမ့်ကို အာဏာရှင်အဖြစ် စတင်ဝေဖန်လာပြီဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံသမ္မတက၂၀၂၁ ခုနှစ် ဇန်နဝါရီ  ၂၀ ရက်တွင် ကျမ်းသစ္စာ ကျိန်ဆိုပြီး အာဏာလွှဲပြောင်း ရယူရမည်ဖြစ်သော်လည်း ထရမ့်က ငြိမ်းချမ်းစွာအာဏာ လွှဲပြောင်းရေးမဆိုထားနှင့်  ရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်ကြောင်းပင် ဝန်မခံသေးပေ။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းက ထရမ့်ထက်  ဂျိုးဘိုင်ဒင်ရွေးကောက်ခံရမှုကို များစွာကျေနပ်ခဲ့ကြသည်။ အမေရိကန်နှင့် ဥရောပတို့သည် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့တွင် အရင်းနှီးဆုံး မိတ်ဖက်နိုင်ငံများဖြစ်ကာ အမေရိကန်၏ အခိုင်မာဆုံးဒေါက်တိုင်များဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။ ထိုအချက်များကို အားနည်းစေခဲ့သည်က ထရမ့်ဖြစ်သည်။

ထရမ့်သည် အဓိက ဥရောပမဟာမိတ်အင်အားစုများနှင့် သဘောထားကွဲလွဲခဲ့ရုံမက ဂျာမနီစစ် အခြေစိုက် စခန်းမှ ၎င်း၏တပ်သားများကိုလည်း ပြန်လည်ရုပ်သိမ်းမိန့်ထုတ်ခဲ့ကာ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO)တွင်လည်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ထည့်ဝင်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည်။

ထို့ကြောင့် ဥရောပ၏ အဓိကဦးဆောင်သူ ဂျာမနီ၊ ပြင်သစ်နှင့် ထရမ့်တို့ လေးနှစ်တာကာလအတွင်း    ကောင်းမွန်သည့်ဆက်ဆံရေးမရှိခဲ့ဘဲ မော်တော်ယာဉ်တင်သွင်းမှုများနှင့် စတီးတင်သွင်းမှုများကိုပင်    တရုတ် အပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့သကဲ့သို့ ဥရောပပစ္စည်းများကိုလည်း  အခွန်တိုးမြှင့်ကောက်ခံခဲ့သည်။

အမေရိကန်သည် ကမ္ဘာလုံးဆိုင်ရာ စူပါပါဝါ နံပါတ်တစ်အဖြစ် ရပ်တည်နေနိုင်ခြင်းက ခိုင်မာသည့် ပြည်ပ မဟာမိတ်ဒေါက်တိုင်များကြောင့်ဖြစ်ကာ ဥရောပသမဂ္ဂက ထိပ်ဆုံးမှ ပါဝင်နေသည်။ ထိုကဲ့သို့ အကြီးမားဆုံး ဒေါက်တိုင်ကို ပြုတ်ကျလုနီးပါးအထိ ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာကယ်၊ ပြင်သစ်သမ္မတ မက်ခရွန်တို့နှင့် ထရမ့် ပြဿနာများစွာဖြစ်ခဲ့သည်။

ပြီးခဲ့သည့်လေးနှစ်အတွင်း ဥရောပသမဂ္ဂနှင့်ပတ်သက်ပြီး ထရမ့်အနေဖြင့် သဘောတူညီချက်သစ် တစ်စုံတစ် ရာရယူနိုင်မှုမရှိခဲ့ခြင်းက အမေရိကန်က ပထမဆိုသော ၎င်း၏ ဆောင်ပုဒ်ကြောင့်ဖြစ်ကာ အကျိုးအမြတ်ရမှ ပေါင်းသင်းဆက်ဆံမည်ဆိုသော ဝါဒကို  ထရမ့်က အသက်သွင်းခဲ့သည်။ ထို့ကြောင့် လွတ်လပ်သော မြောက် အတ္တလန္တိတ်ကုန်သွယ်ရေးစာချုပ်ကို ရပ်တန့်ခဲ့ကာ ၎င်းအတွက် အကျိုးများစေမည့် ကနေဒါ၊ မက္ကဆီကိုတို့နှင့် စာချုပ်သစ်တစ်ခုကို ဖိအားပေးချုပ်ဆိုစေခဲ့သည်။

ထို့ကြောင့် ကနေဒါ၊ မက္ကဆီကိုနှင့် ထရမ့်တို့ကြား အဖုအထစ်များစွာဖြစ်ခဲ့ရကာ ထိုနှစ်နိုင်ငံက အမေရိကန် အား လုံးဝပစ်ပယ်၍မရသောအချက်ကို ထရမ့်က ဆုပ်ကိုင်ထားသောကြောင့်ဖြစ်သည်။  အာရှ၌ဆိုလျှင် လည်း တရုတ်နှင့် စစ်ရေးထိပ်တိုက်တွေ့ဆုံလုနီးပါးအထိဖြစ်ခဲ့ကာ တောင်တရုတ်ပင်လယ်ပြင်အထိ လေ ယာဉ်တင် သင်္ဘောနှစ်စင်း  စေလွှတ်ခဲ့သည်။

တောင်ကိုရီးယားထံမှလည်း စစ်အသုံးစရိတ် တိုးမြှင့်တောင်းခံခဲ့ပြီး ဂျပန်ကတော့ ဝန်ကြီးချုပ်ဟောင်း   ရှင်ဇိုအာဘေးနှင့် ထရမ့်တို့ အဆင်ပြေခဲ့သောကြောင့် သက်သာရာရခဲ့သည်။ အာရှ၌ ထရမ့်၏ အကြီးမားဆုံး အောင်မြင်မှုကိုပြပါဆိုလျှင် အိန္ဒိယ၊ ဂျပန်နှင့်  သြစတြေးလျဟူသည့် အင်အားကြီးသုံးနိုင်ငံနှင့်  စစ်ရေးမဟာ မိတ်ဖွဲ့နိုင်ခဲ့သည့် အချက်သာရှိပြီး နိုင်ငံခြားရေးမူဝါဒများကတော့ ထင်သလောက်အောင်မြင်မှုမရခဲ့ပေ။

အဓိကအကြောင်းရင်းက ထရမ့်သည် အလျှော့ပေးရေးလမ်းကြောင်းကို ၎င်းကိုယ်တိုင် မည်သည့်အချိန်ကမှ မဖွင့်ပေးခဲ့သောကြောင့်ဖြစ်သည်။ အီရန်နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်စဉ်ကလည်း အိန်ဂျလာ မာကယ်နှင့် မက်ခရွန်တို့က  ဆုံးဖြတ်ချက်ကို  ပြန်လည်စဉ်းစားပေးရန် အကြိမ်များစွာ တောင်းဆိုခဲ့သည်။ 

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ(COP21)မှ နုတ်ထွက်စဉ်ကလည်း ဥရောပအသိုင်းအဝိုင်း တစ်ခုလုံး၏ သဘောထားကို ထရမ့်က နည်းနည်းလေးမှဂရုမစိုက်ခဲ့ပေ။ ထို့ကြောင့် ပြင်သစ်ဦးဆောင်သည့် ဥရောပ ကိုယ်ပိုင်ကာကွယ်ရေး စစ်တပ်ဖွဲ့စည်းရန် စကားသံများစွာ ထွက်ပေါ်လာသည်အထိဖြစ်ခဲ့ရကာ ပြည်တွင်း၌ဆိုလျှင်လည်း ထရမ့်က Affordable Care Act အိုဘားမားကျန်းမာရေး စောင့်ရှောက်မှုဟု လူသိ များသည့်ဥပဒေကို ပယ်ဖျက်ခဲ့သည်။ ယင်းဥပဒေက ဈေးနှုန်းသက်သက်သာသာဖြင့် လူနာများကို အကာ အကွယ်ပေးသည့် ဥပဒေဖြစ်ကာ ကိုရိုနာဗိုင်းရပ်ရိုက်ခတ်မှုနှင့်ကြုံရချိန်တွင် ထိုဥပဒေကိုပယ်ဖျက်ခဲ့မှုကြောင့် အမေရိကန်ပြည်သူ သန်းပေါင်းများစွာ အထိနာခဲ့ရသည်။

သန်း ၃၀ ကျော်သော ပြည်သူများ အလုပ်လက်မဲ့ဖြစ်ခဲ့ရုံသာမက အလယ်အလတ်တန်းစားလူများပင် အစား အသောက်ဝေသည့်နေရာများ၌ ကားအကောင်းစားများဖြင့် တန်းစီနေရသည်။ စီးပွားရေး လုပ်ငန်းငါးခုတွင်   တစ်ခုပိတ်ပစ်ခဲ့ရသည်အထိ နစ်နာခဲ့ရကာ ယခု ဂျိုးဘိုင်ဒင်ကတော့ ဥရောပသမဂ္ဂနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက်များ ရယူရန်အရေး၊ ရာသီဥတုတိုက်ဖျက်ရေး၊ အကြမ်းဖက်ဝါဒ  တိုက်ဖျက် ရေးအပြင် အိုဘားမားလက်ထက်က သဘောတူညီချက်အများစုကို ပြန်လည်အသက်သွင်းရန် စတင်ကြိုးပမ်း နေပြီဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။    ။

Ref;CNN