ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်

ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ ကွင်းဆင်း ဆေးကုသမှုများဆောင်ရွက်

နေပြည်တော်  သြဂုတ်  ၂၇

ကျန်းမာရေးဝန်ကြီးဌာနသည် ဒေသခံအထူးကုဆရာဝန်ကြီးများ၏ ဒေသအလိုက် ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးခြင်းအပြင် အထူးကုသမှုများ  (Super Specialty) လိုအပ်သော ပြည်သူများ အနေဖြင့် သက်ဆိုင်ရာ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများ ရရှိနိုင်စေရေး အတွက် ရန်ကုန်၊ မန္တလေးမှ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေး အဖွဲ့များဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်လျက် ရှိသည်။

သြဂုတ် ၂၆ ရက်နှင့်  ၂၇ ရက်တို့တွင် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ ဆေးရုံကြီးတို့မှ ဆီးနှင့်ကျောက်ကပ်ဆေးပညာ၊ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ အသည်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ သွေးရောဂါ ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကု ဆေးကုသရေး အဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး ပြည်မြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ အထူးကုဆေးကုသရေးအစီအစဉ်တွင် ပြည်မြို့ပေါ်သာမက ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှ မြို့နယ်ပေါင်း၁၀ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ မြို့နယ် သုံးမြို့နယ်ရှိ မြို့ပေါ်နှင့် ကျေးလက်နေ ပြည်သူများ လာရောက်ပြသခဲ့ကြသည်။

ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ ၁၂၁ ဦး၊ ရင်ခေါင်းဆေးကုလူနာ ၄၇ ဦး၊ အစာအိမ်နှင့် အူလမ်း ကြောင်းဆိုင်ရာ ၆၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာ ၁၄၂ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှုဆိုင်ရာ လေးဦး၊ အသည်းရောဂါဆေးကုသမှုဆိုင်ရာ ၂၉ ဦး၊ သွေးရောဂါဆိုင်ရာ ၁၆ ဦး၊ ဆီးနှင့်ကျောက်ကပ်ဆေးကုသမှုဆိုင်ရာ ၇၃ ဦး၊ အရိုးအကြောအဆစ်ရောဂါဆိုင်ရာ ၁၇၃ ဦး၊ အထွေထွေရောဂါဆေးပညာဆိုင်ရာ ၄၀၃ ဦး၊ မျက်စိရောဂါဆိုင်ရာ ၅၄ ဦး၊ သားဖွားမီးယပ်ရောဂါဆိုင်ရာ ၁၃ ဦး၊ အရိုးရောဂါဆိုင်ရာ ၁၆၅ ဦး၊ အထွေထွေခွဲစိတ်မှုဆိုင်ရာ ၄၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ဆိုင်ရာ ၃၁ ဦး၊ သွားနှင့်ခံတွင်းဆိုင်ရာ လေးဦး၊ ကင်ဆာဆေးကုဆိုင်ရာ နှစ်ဦး၊ ကလေးလူနာ ၁၇ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၄၀၂ ဦးတို့ကို   ကြည့်ရှုကုသမှုပေးခဲ့သည်။

အဆိုပါလူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း ၂၉ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း ငါးဦး၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း တစ်ဦး၊ ကွန်ပျူတာ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်း ၁၁ ဦး၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်း ၂၂၂ ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း ၂၇၈ ဦး၊ သွေးချိုဓာတ်တိုင်းတာခြင်း ၂၇ ဦး၊ Ultrasound ရိုက်ကူးခြင်း ၁၅၄ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း  ၂၄၅ ဦး၊ ခါးရိုးဆစ်မှ ချဉ်ဆီအရည်နမူနာယူ၍ စမ်းသပ်စစ်ဆေးခြင်း နှစ်ဦး၊ လက်ချောင်း အရွတ်အိတ် အတွင်း ဆေးထိုးကုသခြင်း သုံးဦး၊ လက်ကောက်ဝတ်အဆစ်အတွင်း ဆေးထိုးကုသခြင်း တစ်ဦးတို့ကို စမ်းသပ် စစ်ဆေးပေးနိုင်ခဲ့ပြီး အထူးကုဆေးကုသရေးအဖွဲ့ခေါင်းဆောင် ဆေးတက္ကသိုလ်(၂)ရန်ကုန် ဆီးနှင့် ကျောက်ကပ်ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာသူဇာသင်းက လာရောက် ပြသသူ ဒေသခံပြည်သူများနှင့် ဆရာဝန်၊သူနာပြုများအား ကျောက်ကပ်ရောဂါနှင့် ပတ်သက်၍ နေထိုင် စားသောက်ရန် အကြံပြုချက်များ၊ ရှောင်ရမည့် အစားအသောက်များအကြောင်း ကျန်းမာရေး အသိ ပညာပေး ဟောပြောခဲ့သည်။

ထို့ပြင်    အသည်းရောဂါဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သောလူနာ လေးဦး၊ နှလုံးရောဂါ ခွဲစိတ်ရန် လိုအပ်သောလူနာ သုံးဦး၊ အဆုတ်အတွင်း မှန်ပြောင်းကြည့်ရှုရန် လိုအပ်သောလူနာ သုံးဦးကို မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အထူးကုဆေးကုသရေးအဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့်     ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့တို့သို့ သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ခဲ့ပြီး ကျန်တိုင်းဒေသကြီး/ပြည်နယ်များသို့ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း   သိရသည်။

(သတင်းစဉ်)