နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေး

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ခွဲစိတ်ကုသပေး

နေပြည်တော်  သြဂုတ်  ၂၈

    ကျန်းမာရေးဝန်ကြီးဌာန ကုသရေးဦးစီးဌာနသည် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများနှင့်  ဂျပန်နိုင်ငံ Japan Heart အဖွဲ့မှ ခွဲစိတ်အထူးကု  သွားဆရာဝန်ကြီး   Dr.Naoko KISHI နှင့် ပူးပေါင်း၍ သြဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိ နေပြည်တော်  သွားနှင့်ခံတွင်း အထူးကုဆေးရုံတွင် Joint Operationအနေဖြင့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ  ကလေးလူနာများအား ခွဲစိတ်ကုသခြင်းနှင့် လက်တွေ့သင်ကြား ပို့ချမှုများကို ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်တွင်   နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ ကိုးဦးကို ခွဲစိတ် ကုသပေးခဲ့ပြီး   သွားနှင့်ခံတွင်းဆရာဝန်များအား စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည်။

ထို့ပြင် ၎င်းတို့တာဝန်ကျရာ ပြည်သူ့ဆေးရုံကြီးများတွင် အလားတူ ခွဲစိတ်ကုသမှုများ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီး ဌာနရှိ ပြည်သူ့ဆေးရုံကြီးများတွင် နှုတ်ခမ်း ကွဲ၊ အာခေါင်ကွဲ လူနာများကို ခွဲစိတ်ကုသ ပေးလျက်ရှိရာ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)တွင်  လူနာ ၂၂ ဦး၊ နေပြည်တော် သွားနှင့်ခံတွင်း အထူးကု ဆေးရုံတွင် လူနာ ၇၂ ဦးတို့ကို ခွဲစိတ်ပေးခဲ့သည်။ ထို့ပြင်  ၂၀၂၃ ခုနှစ်အတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဖေဖော်ဝါရီလမှ သြဂုတ်လအထိ နှုတ်ခမ်းကွဲလူနာ  ၆၃ ဦးနှင့် အာခေါင်ကွဲလူနာ  ၃၈ ဦးကို လည်းကောင်း၊ မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် ဇန်နဝါရီလမှ သြဂုတ်လအထိ နှုတ်ခမ်းကွဲ လူနာ ကိုးဦးနှင့် အာခေါင်ကွဲ လူနာလေးဦးကို လည်းကောင်း၊ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဇန်နဝါရီလမှ သြဂုတ်လအထိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ  ၈၂ ဦး ကို ခွဲစိတ်ပေးခဲ့ကြောင်းနှင့် မကြာမီ လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီး၊ ရွှေဘိုမြို့ ပြည်သူ့ဆေးရုံကြီးနှင့် မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတို့တွင် ခွဲစိတ်ကုသမှုဆောင်ရွက်ရန် တိုးချဲ့စီစဉ်လျက်ရှိသဖြင့် ခွဲစိတ်ကုသမှု ဆောင်ရွက်လိုသူများ အနေဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီးနှင့် မန္တလေး  ပြည်သူ့ဆေးရုံကြီးတို့အပြင် အထက်ဖော်ပြပါ ပြည်သူ့ဆေးရုံကြီးများရှိ သွားနှင့်ခံတွင်း ပြင်ပလူနာဌာနများသို့   ဆက်သွယ်နိုင်ကြောင်း   သတင်း ရရှိသည်။