ယခုဘဏ္ဍာနှစ် လေးလခွဲ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ ၆၃၆၁၉၂ ဒသမ ၃၀၈ တန် တင်ပို့နိုင်ခဲ့

ယခုဘဏ္ဍာနှစ် လေးလခွဲ ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ ၆၃၆၁၉၂ ဒသမ ၃၀၈  တန် တင်ပို့နိုင်ခဲ့

    ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ်၁၈ ရက်အထိ လေးလခွဲ ကာလအတွင်းပြည်ပသို့ ပဲမျိုးစုံ ၆၃၆၁၉၂ ဒသမ ၃၀၈ တန်  တင်ပို့နိုင်ခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး    ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၌  စပါး၊ ပြောင်း၊  မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကိုစိုက် ပျိုးပြီး    ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုသည်   ဒုတိယ အများဆုံးဖြစ်ကာ ပဲမျိုးစုံအနေဖြင့်   တစ်နိုင်ငံလုံး  လယ်ယာထွက်ကုန်ပစ္စည်း ထွက်ရှိမှု၏  ၃၃  ရာခိုင်နှုန်းခန့်  စိုက်ပျိုး ထုတ်လုပ်လျက်ရှိသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင်  ပဲမျိုးစုံစိုက်ပျိုးနေပြီး အဓိအားဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့ကို စိုက်ပျိုးကာ  ပဲလွမ်း၊  မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများလည်း စိုက်ပျိုးကြသည်။ လက်ရှိတွင် ပြည်ပသို့တင်ပို့သည့် ပို့ကုန်အများစုသည်  လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်ပြီး     ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်မယ်ဖြစ်သည်။

ပြည်ပသို့တင်ပို့သည့် ပဲများတွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲလွမ်းဖြူ၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ပဲကြီး၊ ပဲကတ္တီပါ  (စွန်တာနီ/စွန်တာဖြူ)၊  ပဲဖြူ လေး၊ ဗိုလ်ကိတ်ပဲ၊ ပဲပုပ်၊ ပဲနီကျား၊ နိုင်လွန် ပဲ၊  မြေပဲနှင့်  တခြားပဲများ ပါဝင်ကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၁၈ ရက်အထိ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းမှ ၅၃၀၄၉၈  ဒသမ  ၈၉၇  တန်  တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၄၂၀  ဒသမ ၅၅၆ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၁၀၅၆၉၃ ဒသမ ၄၁၁ တန် တင်ပို့မှုမှ  အမေရိကန် ဒေါ်လာ ၉၁ ဒသမ ၃၅၂ သန်း စုစုပေါင်း ၆၃၆၁၉၂  ဒသမ  ၃၀၈  တန်  တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၅၁၁  ဒသမ ၉၀၈ သန်း ရရှိကြောင်း သိရသည်။

၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်က  ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှု အနေဖြင့်  ပင်လယ်ရေကြောင်းမှ ၁၆၄၀၇၇၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ  ၁၂၆၁ ဒသမ ၈၇၄   သန်း၊    နယ်စပ်ကုန်သွယ်ရေးမှ ၂၇၈၃၇၉ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၀၈ ဒသမ ၇၈၉ သန်း စုစုပေါင်း ၁၉၁၉၁၅၆ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၇၀ ဒသမ ၆၆၃ သန်း ရရှိခဲ့ကြောင်း သိရသည်။