ရှောင်ရှားသင့်သောအီးစီးကရက်

ရှောင်ရှားသင့်သောအီးစီးကရက်

အီးစီးကရက်ဆိုသည်မှာ အီလက်ထရွန်နစ်စနစ်ဖြင့် ပြုပြင်ဖန်တီးထားသော စီးကရက်ကဲ့သို့ အငွေ့ထွက်စေသည့် ပစ္စည်းတစ်ခုဖြစ်သည်။ အီးစီးကရက်ဟု ခေါ်သော်လည်း ပုံမှားရိုက်ထားသည့် စီးကရက်

တစ်မျိုးသာဖြစ်သည်။ စီးကရက်ပုံသဏ္ဌာန်နှင့်တူအောင် ပြုလုပ်ထားပြီး မူလထုတ်လုပ်သူ၏ရည်ရွယ်ချက်မှာ ဆေးလိပ်စွဲလမ်းနေသူများကို ဆေးလိပ်ပြတ်စေလိုသည့် သဘောဖြင့် စီးကရက်အား ရှူရှိုက်ရာတွင် ပါဝင်သည့်နီကိုတင်းကို တခြားနည်းလမ်းတစ်ခုဖြင့် အစားထိုးပေးသည့် ကိရိယာတစ်မျိုးအဖြစ် တီထွင်ထုတ်လုပ်ထားခြင်း ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အီးစီးကရက်ကို  အနံ့အရသာမျိုးစုံဖြင့်  အရည်ထုတ်လုပ်ထားမှု အမျိုးအစားပေါင်း ၁၇၀၀၀ ခန့်ရှိသည်။

အီးစီးကရက်ထုတ်လုပ်သောရည်ရွယ်ချက်မှာ ဆေးလိပ်စွဲလမ်းနေသူများကို ဆေးလိပ်ပြတ်စေရန် ဖြစ်သော်လည်း အမှန်စင်စစ် မပြတ်နိုင်ဘဲ စီးကရက်သောက်ရန် အစပျိုးနေခြင်းမျှသာဖြစ်သည်။ အီးစီးကရက်ကို ၂၀၀၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တရုတ်နိုင်ငံ၌   ထုတ်လုပ်ရောင်းချလာပြီး   ဆယ်စုနှစ်အတွင်း

သောက်သုံးသူပိုမိုများပြားလာသည်။

အီးစီးကရက်တွင်ပါဝင်သော ဓာတုပစ္စည်းများ

အီးစီးကရက်တွင် ဓာတုပစ္စည်းပါဝင်မှုအချိုးအစားများကို  အတိအကျဖော်ပြထားခြင်း မရှိသော်လည်း ယင်းထဲတွင်  အောက်ဖော်ပြပါဓာတုပစ္စည်းများ ပါရှိကြောင်း တွေ့ရသည်။ (က) Benzene  (ခေါ်)စက်မှုလုပ်ငန်းသုံး အရည်တစ်မျိုးပါရှိနေပြီး   ယင်းဓာတုပစ္စည်းကို ရေနံစိမ်းမှ ချက်လုပ်ထားခြင်း ဖြစ်သည်။ (ခ) Arsenic (ခေါ်) အဆိပ်တစ်မျိုး ပါရှိနေပြီး ယင်းပစ္စည်းကို သစ်သားထည်များ တာရှည်ခံအောင် ထိန်းသိမ်းရာတွင် အသုံးပြုလေ့ရှိသည်။ (ဂ) Cadmium (ခေါ်)   ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး   ယင်းကို ဘက်ထရီများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ (ဃ) Lead (ခေါ်)ခဲဓာတ်ပါရှိပြီး ယင်းကိုလည်း ဘက်ထရီများ ထုတ်လုပ်ရာတွင် အသုံးပြုသည်။ (င) Formal-dehyde ပါရှိနေပြီး ယင်းဓာတ်ငွေ့ကို  ရင်ခွဲရုံများ၊ ရေခဲတိုက်များနှင့် သုတ်ဆေးများထုတ်လုပ်ရာတွင် အသုံးပြုသည်။  (စ) Polonium-210 (ခေါ်) ရေဒီယိုသတ္တိကြွပစ္စည်းတစ်မျိုးကို အသုံးပြုထားသည်။(ဆ) Chromium (ခေါ်) ဓာတုဆေးတစ်မျိုးပါရှိပြီး ယင်းကို ဆိုးဆေး၊ သုတ်ဆေးများနှင့် သတ္တုစပ်ပစ္စည်းများ ထုတ်လုပ်ရာတွင်  အသုံးပြုလေ့ရှိသည်။   (ဇ) Butadiene (ခေါ်) ဓာတုပစ္စည်းပါရှိနေပြီး ယင်းကို ရော်ဘာထုတ်လုပ်ရာတွင် အသုံးပြုသည်။ (ဈ) Nickel  (ခေါ်)  ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး   ယင်းကိုသတ္တုထည်များ     သံချေးတက်ခြင်းမှ ကာကွယ်ရန် အသုံးပြုသည်။  (ည) Vinyl Chloride (ခေါ်) ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ယင်းကို ပလတ်စတစ်နှင့် ဗီနိုင်းများ ထုတ်လုပ်ရာတွင်   အသုံးပြုသည်။   (ဋ) Beryllium (ခေါ်) ဓာတုပစ္စည်းတစ်မျိုး ပါရှိနေပြီး ယင်းကို အဏုမြူ ဓာတ်ပေါင်းဖိုများတွင် အသုံးပြုသည်။ (ဌ) Ethylene oxide (ခေါ်) ဓာတုပစ္စည်း တစ်မျိုးပါရှိနေပြီး ယင်းကို ဆေးရုံသုံး ပစ္စည်းများအား ပိုးသတ်ရာတွင် အသုံးပြုသည်။ (ဍ) Polycyclic (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ယင်းသည် DNA ပျက်စီးစေသောဓာတုပစ္စည်းဖြစ်သည်။ (ဎ) ortho-toluidine (ခေါ်) ဓာတုပစ္စည်းတစ်မျိုးပါရှိနေပြီး ယင်းကို ပေါင်းသတ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည်။

အနောက်နိုင်ငံများနှင့် အီးစီးကရက်စွဲလမ်းခြင်းပြဿနာ

လတ်တလော လေ့လာဆန်းစစ်မှုမှတ်တမ်းများအရ အီးစီးကရက်သောက်သုံးခြင်းနှင့် ဆက်နွှယ်သည့် အဆုတ်ရောဂါ ဖြစ်ပွားသူအရေအတွက်သည် ၈၀၅ ဦးအထိရှိနေပြီး  ၁၂ ဦးမှာ  သေဆုံးကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (CDC) က ဖော်ပြထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ တိုက်တွန်းချက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးကွန်ဗေးရှင်း အဖွဲ့အစည်းများ ညီလာခံတွင် အီးစီးကရက်ကို နိုင်ငံအများအပြား၌ သုံးစွဲလာမှုနှင့်ပတ်သက်၍  ၂၀၁၀ ပြည့်နှစ်က စတင်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်က ကျင်းပခဲ့သော ငါးကြိမ်မြောက် အဖွဲ့ဝင်နိုင်ငံများညီလာခံတွင် အီးစီးကရက်ဆိုင်ရာ အစီရင်ခံစာတင်ပြခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုအစီရင်ခံစာအရ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများအနေဖြင့် အီးစီးကရက်နှင့် ဆက်စပ်ပစ္စည်းများကို ပြည်တွင်းသို့ တင်သွင်းခွင့်   လုံးဝပိတ်သိမ်းရန်နှင့်   ပြည်တွင်း၌ အသုံးပြုခြင်းကိုလည်း ပြင်းပြင်းထန်ထန် ထိန်းချုပ်မှု၊ ကန့်သတ်မှုများပြုလုပ်ဆောင်ရွက်ရန် တိုက်တွန်းထားကြောင်း သိရသည်။ ထို့ပြင် ယင်းကိုသုံးစွဲသူများသည် အီးစီးကရက်  ဆေးရည်အမျိုးမျိုး ထည့်သွင်း အသုံးပြုခြင်းအပြင် ဆေးခြောက်နှင့် တခြားမူးယစ်စေတတ်သော အရာများကိုပါ   ထည့်သွင်းအသုံးပြုနိုင်သဖြင့် မူးယစ်ဆေးဝါးစွဲလမ်းမှုနှင့် နောက်ဆက်တွဲပြဿနာများကိုပါ ဖြစ်ပွားစေနိုင်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်တားမြစ်ချက်

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေး အသိပညာမြှင့်တင်ရေးဌာနခွဲမှ   မြန်မာနိုင်ငံအတွင်း စီးကရက် အပါအဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထုတ်ကုန်များကဲ့သို့   အီးစီးကရက်မှာလည်း သုံးစွဲသူကို စွဲလမ်းစေတတ်သော နီကိုတင်းဓာတ်များ လွန်ကဲစွာပါဝင်နေသဖြင့်  ကျန်းမာရေးကို  ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ကြောင်း တွေ့ရသည့်အတွက် အီးစီးကရက်သုံးစွဲခြင်းကို လုံးဝတားမြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင်  မြန်မာနိုင်ငံအတွင်း လတ်တလော အသစ်ပြင်ဆင်နေသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထိန်းချုပ်ရေး ဥပဒေတွင် အီးစီးကရက်နှင့် ရေပြောင်းသုံးစွဲမှုထိန်းချုပ်ရေးတို့ကိုပါ ထည့်သွင်းလုပ်ဆောင်နေကြောင်း သိရသည်။

အီးစီးကရက်နှင့် အဆုတ်ကင်ဆာ

အီးစီးကရက်သောက်သုံးမှုတွင် ၉၅ ရာခိုင်နှုန်း အန္တရာယ်မရှိဟု   ထင်ကြေးပေးနေကြသော်လည်း ယင်းအီးစီးကရက်ထဲတွင် နီကိုတင်းအရည်နှင့် အဆိပ်အတောက်ဖြစ်စေတတ်သောပစ္စည်းများ    ပါဝင်မှု အမျိုးအစား၊ ပမာဏတို့ပေါ်မူတည်ကာ အသက်ရှူလမ်းကြောင်းဆိုင်ရာ အဆုတ်နှင့်နှလုံးတို့ကို ထိခိုက်စေသည်။

အမေရိကန်နိုင်ငံ၌   အီးစီးကရက်သောက်ခြင်းနှင့် ဆက်စပ်၍ ရောဂါဖြစ်သူ ၁၂၉၉ ဦးရှိပြီး ၂၆ ဦးသေဆုံးကြောင်း အတည်ပြုထားသည်။ ယင်းနာမကျန်းဖြစ်မှုသည် THC (ခေါ်) ဆေးခြောက်၌ပါဝင်သော ဓာတ်တစ်မျိုး အသုံးပြုထားသည့် အီးစီးကရက်ဆေးရည်များကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလဆန်းပိုင်းတွင် အမေရိကန်ရှိသုတေသီများက ကြွက်များအား အီးစီးကရက် အငွေ့များဖြင့်    လေ့လာမှုတစ်ရပ်ပြုလုပ်ခဲ့သည်။ အဆိုပါလေ့လာမှုအတွင်း   ကြွက်များကို သီတင်း တစ်ပတ်လျှင် နာရီ ၂၀ ကြာ၊ သီတင်းပတ် ၅၄ ပတ်အထိ နီကိုတင်းပါဝင်သော အီးစီးကရက ်အခိုးအငွေ့များနှင့် ထိတွေ့စေပြီးနောက် ကြွက်များ၏ ၂၂ ဒသမ ၅ ရာခိုင်နှုန်းတွင် အဆုတ်ကင်ဆာတစ်မျိုး ဖြစ်ပွားကြောင်း တွေ့ရှိခဲ့သည်။ တခြားကြွက်အုပ်စုတစ်ခုကို နီကိုတင်းမပါသောအီးစီးကရက်အငွေ့များဖြင့် ယင်းအချိန်အတိုင်းပင် ထိတွေ့စေခဲ့သော်လည်း အဆုတ်ကင်ဆာမဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရသည်။

အီးစီးကရက်၏ ဘေးထွက်ဆိုးကျိုးများ

အီးစီးကရက်ငွေ့ပါဝင်သော ဓာတုပစ္စည်းများသည် ရေရှည်တွင် အဆုတ်ကိုထိခိုက် ပျက်စီးစေနိုင်သကဲ့သို့ နောက်ဆက်တွဲ ကင်ဆာရောဂါများကိုလည်း ဖြစ်ပွားစေနိုင်သည်။ အီးစီးကရက်အရည်(Vape)ကို မတော်တဆ သောက်မိခြင်း၊ တိုက်ရိုက်ရှူမိခြင်း၊ မျက်စိထဲဝင်ရောက်ခြင်းနှင့်   အရေပြားပေါ် ထိခြင်းတို့ကြောင့် အန္တရာယ်ဖြစ်စေပြီး   ကလေးငယ်များတွင်  အသက်ဆုံးရှုံးသည်အထိ  ဖြစ်စေနိုင်သည်။  အီးစီးကရက် သောက်သုံးသူများထံမှ ထွက်လာသောအငွေ့များသည် ပတ်ဝန်းကျင်မှလူများကို   ရှူမိစေခြင်းများကြောင့် တစ်ဆင့်ခံစီးကရက်မီးခိုးငွေ့    ရှူရှိုက်ရသကဲ့သို့ပင် အလားတူဆိုးကျိုးများကို ခံစားရနိုင်သည်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်များ၊ ကလေးငယ်များနှင့်သက်ကြီးရွယ်အိုများအတွက် ယင်းတစ်ဆင့်ခံ အီးစီးကရက်မီးခိုးငွေ့များက အန္တရာယ်ဖြစ်စေနိုင်သည်။

ထို့ပြင် သုံးစွဲသူကို စွဲလမ်းစေတတ်သော  နီကိုတင်းဓာတ်များ  လွန်ကဲစွာ ပါဝင်နေခြင်းကြောင့် နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် အထူးသဖြင့် လူငယ်များတွင် ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေခြင်း၊ အာရုံစူးစိုက်မှုကျဆင်းခြင်း၊ သင်ယူနိုင်စွမ်းရည်နည်းပါးလာခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။

အချုပ်အားဖြင့်ဆိုရသော် အီးစီးကရက်သောက်၍   လုံးဝဆေးလိပ်မပြတ်နိုင်ပါ။  အီးစီးကရက်က ဆေးလိပ်စွဲလမ်းနေသော သူများကို   စိတ်အာသာပြေရုံသာဖြစ်ပြီး အမှန်စင်စစ်မပြတ်နိုင်ဘဲ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်ရန် အစပျိုးနေခြင်းမျှသာဖြစ်သည်။ ယနေ့ကမ္ဘာတွင် ခြောက်စက္ကန့်တိုင်း လူတစ်ဦးနှုန်း ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများကြောင့် သေဆုံးနေကြသည်။ သို့ပါ၍ မိမိကိုယ်ကို တကယ်ချစ်လျှင်၊    မိသားစုကိုစောင့်ရှောက်လိုစိတ်ရှိလျှင် နီကိုတင်းပါသော သို့မဟုတ် နီကိုတင်းကို အခြေခံထားသော မည်သည့်အရာကိုမျှ စွဲလမ်းခြင်းမပြုကြပါရန် အကြံပြုရေးသားလိုက်ရပါသည်။  

ပေါက်ပေါက်