လဝါခေါင်

လဝါခေါင်

    ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို “နံကာ”လဟု သုံးလေ့ရှိသည်။ ဝါခေါင်တွင် “ဝါ”က တစ်ပုဒ် “ခေါင်”က တစ်ပုဒ်ဖြစ်သည်။ “ဝါ” ဝေါဟာရကို အများသိပြီးဖြစ်ပေသည်။  “ခေါင်”ကိုမူ ဤသို့ဖွင့်ဆိုကြပေ၏။ ခေါင်၊ အိမ်ခေါင်၊ ထွတ်ခေါင်၊ ခေါင်လူကြီး၊ ခေါင်ဖျား၊ ထိပ်ခေါင်တင်၊ ဖုရားခေါင်ကြီး စသည်ဖြင့် အထွတ်အထိပ်အစွန်အဖျား၊ အမြင့်အမြတ်၊ အကြီးအကဲဟူသော အဓိပ္ပာယ်နှင့် ဝေးကွာခြင်း အဓိပ္ပာယ်ကို ဆောင်ပေသည်။ အခြားတစ်နည်းမှာ အလယ်ခေါင်၊ နေ့လယ်ခေါင်၊ သန်းခေါင် စသည်ဖြင့် အလယ်ဗဟိုဟု ဆိုလိုပေသည်။

ရဟန်းတော်များ ပထမပုရိမဝါကို မဆိုဖြစ်ပါက (ဝါဆိုလပြည့်ကျော်  ၁ ရက်မှ သီတင်းကျွတ်လပြည့်နေ့ထိသည် ပုရိမဝါ) ဒုတိယပစ္ဆိမဝါကို ဆိုကြရလေသည်။ (ဝါခေါင်လပြည့်ကျော် ၁ ရက်မှ တန်ဆောင်မုန်းလပြည့်နေ့ထိ) ရဟန်းတော်များ ဝါဆိုရာတွင် ဝိနည်းတော်အရ ကထိန်အာနိသင်ရမရ ဟူသော အကြောင်းခြင်းရာများလည်း ရှိပေရာ ထို “ခေါင်”နှင့် တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေမှုလည်း ရှိပါ၏။ (သိသာရန်မျှ တင်ပြပါ၏။)

ဤဝါခေါင်ဝေါဟာရနှင့် ဆက်စပ်၍ ဆရာကြီး ဦးဖိုးလတ်(မြန်မာလအမည်များ) လှေသင်းအတွင်းဝန်  ဦးခြိမ့်(ဝေါဟာရလီနတ္ထဒီပနီ)တို့၌ ကျမ်းပြုသူတို့၏ အယူအဆများဖြင့် တင်ပြ ဖွင့်ဆိုကြ၏။

“...အကြောင်းအရာများအနက် ဝါခေါင်၌ရှိသော “ခေါင်”ဝေါဟာရသည် နေ့လယ်ခေါင်၊ အိမ်မိုးခေါင်၊ အလယ်ဗဟိုဟူသော အဓိပ္ပာယ်သာ အသင့်ဆုံးဖြစ်၏။ ဝါတွင်းသုံးလတွင် ဝါခေါင်လပြည့်ကျော် ၁ ရက်မှ တော်သလင်းလပြည့်ကျော် ၁ ရက်နေ့အထိ တစ်လတာသည် ဝါ၏ အလယ်ဗဟိုဖြစ်သောကြောင့် ထိုကာလ၏ အစပထမပိုင်းတွင် ပါဝင်သောလကို ဝါလယ်ဟူသော အဓိပ္ပာယ်ဖြင့် ဝါခေါင်ဟု ရှေးသူတော်တို့ မှတ်သားခေါ်ဆိုခြင်းပြုသည်မှာ အလွန်ဆီလျော်ပေသည်”ဟု ဆရာကြီးဦးဖိုးလတ်က ကောက်ချက်ချထားလေသည်။

ထိုဝါခေါင်ဝေါဟာရမတွင်ကျယ်မီ မသုံးမီ “နံကာ”လဟု သုံးခဲ့ကြရာ ရာဇမတ္တဏ်ဗေဒင်ကျမ်းပါ သီဟ=ခြင်္သေ့=သိဟ်ရာသီ ဝါခေါင်လကို  ပါဠိဘာသာဖြင့် “နိက္ခမနီယ”ဟု ခေါ်၏။ ဝေဒအရ နေမင်းသည် အတွင်းခရီးမှ အပြင်ခရီးသို့  ထွက်ခွာသောလဟု အဓိပ္ပာယ်ရ၏။ ထိုနိက္ခမနီယသဒ္ဒါမှ ရွေ့လျား၍ ပါဠိပျက် ပါဠိသက်အနေနှင့် “နံကာ” ဖြစ်လာသည်ဟု ကြံဆကြသည့် ပုဂ္ဂိုလ်များလည်းရှိကြပါ၏။ ဤသည်ကို ဆရာကြီး ဦးဖိုးလတ်က လိုသည်ထက်ပို၍ ပရိကပ္ပ(ကြံဆလွန်းသည်)ဟု သုံးသပ်ထားလေသည်။

ဆရာကြီး၏ဆိုလိုချက်မှာ “နံ”ပုဒ်သည် နယုန်လ၌ “နံ”ကဲ့သို့ပင်  အချိန်အခါကာလ ဟောပုဒ်ဖြစ်သည်။ “ကာ” ကား ပျော်ကာ ပါးကာ လုပ်ကာကိုင်ကာ စသည်တို့၌ “ကာ”သည် လုပ်ဆောင်မှုကိုပြသည်။ ထို “ကာ”ပုဒ် ဝေါဟာရသည် မွန်၊ ရှမ်း၊ချင်း၊ တရုတ်စသည့်လူမျိုးတို့တွင် ပြုလုပ်ခြင်း အနက်အဓိပ္ပာယ်ဟော ဖြစ်ကြောင်းကို သုတေသနပြုထားပြီး နောင်သောအခါ  လယ်လုပ်ခြင်း၊ ထွန်ထယ်နှင့် စိုက်ပျိုးခြင်းဟူသော အဓိပ္ပာယ်တို့ကို ဆောင်ကြောင်း ဖော်ပြထားလေသည်။

ထို့ကြောင့်   နံကာ(နယုန်)=မိုးရွာချိန်ကာလ၊ မြွယ်တာ=နွယ်တာ(ဝါဆို)= လယ်ယာမြေတိုင်းတာသောလ၊ နံကာ=ဝါခေါင်=လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်ကြသည့် လများဟု ကွင်းဆက်ဆက်စပ်မှုဖြင့်  ဖော်ပြထားလေသည်။

ပုဂံခေတ်အနော်ရထာမင်း လက်ထက်မှသည် ခေတ်အဆက်ဆက် ဗုဒ္ဓဘာသာ စည်ပင်ထွန်းကားလာသည်နှင့်အမျှ ဘာသာရေးကို အကြောင်းပြု၍ ဝေါဟာရအသုံးအနှုန်း၊   စီးပွားရေး၊  လူမှုရေး၊ ယဉ်ကျေးမှု  စသည်များသည်  တိုးတက်သထက် တိုးတက်လာရာ ကဆုန်၊ ဝါဆို၊ ဝါခေါင်၊ သီတင်းကျွတ် ထိုလအမည်များသည်လည်း ဘာသာရေး သဘောဆောင်သော ဝေါဟာရများ ဖြစ်လာကြလေတော့သည်။

အသုံးတွင်ကျယ် လာကြလေသည်။   ဤသည်မှာ ဝါခေါင်လ၏ အဓိပ္ပာယ် အကျဉ်းဖြစ်ပေသည်။

ဝါခေါင်လ စာရေးတံမဲပွဲ

    မြန်မာ့ဆယ့်နှစ်လရာသီပွဲတွင် ဝါခေါင်လ=စာရေးတံမဲပွဲ ကို အစောဆုံး တွေ့ရသောစာမှာ သက္ကရာဇ် ၆၃၀ နှစ် ပုဂံခေတ် စောလှဝန်းဘုရား ကျောက်စာတွင် “ မီဖုန်၊ သင်ကြန်၊ စာရယ်၊ ညောင်ရယ်သွန်း၊ မပြတ်စိတ်လျှင် တည်၏”ဟု ဆယ့်နှစ်လရာသီ ပွဲတော်များတွင် “မီးပုန်းလွတ်၊ သကြန်ကျ၊ ညောင်ရေသွန်း စာရယ် (စာရေးတံ)ပွဲလုပ်သည်မျိုး မပြတ်စိမ့်သောငှာ” ဟု ရေးထိုးချက်ကို တွေ့ရလေသည်။

ကုန်းဘောင်ခေတ်တွင်   စိန္တကျော်သူဦးသြက “မစိမ်းမဆွံ၊  စာရေးတံ၊  ရေနံမသုတ်ဘဲ”  ဟု ကဝိလက္ခဏာ သတ်ပုံသံပေါက်ကျမ်းတွင် ရေးထားသည်ကို တွေ့ရပေသည်။ ထို့အတူ  မုံရွေးဇေတဝန် ဆရာတော်၏ ကုသပျို့တွင် “မဂ်ဖိုလ်ဆုပန်၊ စာရေးတန်နှင့်၊ သီးမွန်စုံစွာ၊ ပဒေသာကို၊ လှူဒါသဘင်၊ ခမ်းနားယင်၍...” ဟု ရေးထားသည်ကို တွေ့ရပေသည်။ ဆိုလိုသည်မှာ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်အထိ စာရေးတံမဲပွဲများသည် ခေတ်အဆက်ဆက် ရှိခဲ့သည်ဟု ဆိုလိုပေသည်။

စာရေးတံဆိုသည်မှာ သံဃာတော်များကို မဲစနစ်ဖြင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခြင်းဖြစ်လေသည်။ ဗုဒ္ဓဘုရားရှင် လက်ထက်တော်ကပင် အိန္ဒိယနိုင်ငံတွင် ပေါ်ပေါက်ခဲ့သော အလှူပွဲ တစ်မျိုးဖြစ်သည်။

 အခါတစ်ပါး ဘုရားရှင်သည်  ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် (ဝါဆိုနေစဉ်)ရာဇဂြိုဟ်ပြည်တွင် ငတ်မွတ်ခေါင်းပါးသော ဘေးကြီးကျရောက်လေရာ ဒကာများသည် တစ်ကျောင်းလုံး မတတ်နိုင်ရကား မဲချ၍လှူဒါန်းကြရ၏။ ထိုမဲကို ဝါးချောင်းလေးများနှင့် လုပ်ကြသည်။ အလှူခံတော်မူမည့် သံဃာတော်များစာရင်း၊ လှူဒါန်းမည့် ပစ္စည်းစသည်တို့ကို ဝေဖန်တိက လုပ်ရသောအရာ ဖြစ်ပေသည်။ ထိုလှူဒါန်းခြင်း ၇ မျိုးကို ဘတ် ၇ မျိုး (ဝိ၊ ၃၊ ၁၃၃)ဟု ခေါ်လေသည်။ သလာကာ= စာရေးတံမဲ၊ ဘတ္တ=ဆွမ်း သလာကာဘတ္တဆွမ်းဟု ပေါ်ပေါက်လာလေသည်။ နောင်သော် ဆွမ်းမျှသာမက အခြားအပ်စပ်သော ဝတ္ထုများကိုလည်း ထိုသို့ပင် လှူဒါန်းလာကြလေသည်။(ဤ၌ ဘုရားရှင်ခွင့်ပြုတော်မူသည့် ဘတ် ၇ မျိုးကို အကျယ်မပြတော့ပြီ) စာရေးတံနှင့် စာရေးတန်စာရေးတံနှင့် စာရေးတန် အရေးသတ်ပုံရေးထုံးကို ရှေးမြန်မာစာပေပညာရှင်ကြီးများ ဖြစ်ကြသည့် ဆရာကြီး ဦးဖိုးလတ်၊ ဆရာကြီး ဦးအုန်းရွှေ(သတ်ပုံ အဘိဓာန် မိတ်လင်စုံ)၊ ဦးသာမြတ်(မြန်မာစာရေးထုံးကျမ်း) တို့ကမူ ခဲတံ၊ ကျောက်တံ၊ တံစို့-တံဖျာ ကြိမ်လုံးစသည့် အရေးများတွင် အချောင်းအတံဟော သေးသေးတင်နှင့် ရေးရမည်ဟု ညွှန်းဆိုထားလေသည်။ အချို့သောသူတို့ကမူ မွန်ဘာသာ “ဒါနမှု၊ လှူမှု၊ လှူခြင်း”အဓိပ္ပာယ်ရသည့် “စရင်ဒါန်” မှ ဆင်းသက်လာ၍ “စာရေးတန်” ဟုလည်းကောင်း၊ မဲချ၍ ခံယူရသော အလှူဖြစ်ရာ “ထိုက်တန်သင့်တော်” သည်ဟူသော “ရှာယီဒန်”ဟူသော အာရဗီပါရှန် ဘာသာမှ ဆင့်ပွားဖြစ်လာ၍ လည်းကောင်း “စာရေးတန်”ဟု ရေးရမည်ယူဆကြ၏။ လိုရာဆွဲလွန်းသည်ဟု ဆိုချင်ပါ၏။

စာရေးတံနှင့်သလာကာဘတ္တဆွမ်း အလှူအကြောင်းကို ဖွင့်ဆိုရှင်းပြသော ကျမ်းမှာ ဒုတိယအင်းဝခေတ် သာလွန်မင်းတရားကြီး လက်ထက်   ပခန်းကြီးမြို့ ရွှေဥမင်ဆရာတော် နိဿယပြန်ဆိုသောကျမ်းတွင် (စူဠဝါ-အဋ္ဌကထာနိဿယ) သစ်သားချောင်း၊ ဝါးခြမ်းပြား၊ နှီးပြား၊ ပေရွက်၊ ထန်းရွက် စသည်ဟု ဖွင့်ဆိုထားလေသည်။ ထို့ကြောင့် “စာရေးတံ” ဟု ရေးသော သေးသေးတင် အရေးသတ်ပုံသည်သာ အမှန်ဖြစ်ပေသည်။ မြန်မာစာအဖွဲ့မှ ထုတ်ဝေသော စာလုံးပေါင်းသတ်ပုံကျမ်းတွင် ဤသို့ပင်ရှိလေသည်။

တောင်ပြုန်း မင်းညီနောင်ပွဲ

    ဝါခေါင်လထဲတွင်ပင် အခြားပွဲတော် တစ်ခုရှိပေသေးသည်။ ဘာသာရေးပွဲတော့ မဟုတ်ပေ။ တောင်ပြုန်းညီနောင် နတ်ပွဲဖြစ်၏။ တောင်ပြုန်းပွဲတော်သည် ပုဂံခေတ် အနော်ရထာမင်း လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။ မြန်မာ့သမိုင်း ရေးရာတွင် မှတ်တမ်းမှတ်ရာ အနေနှင့် အလွန်အရေးပါသော  လောကဗျူဟာ  အင်ရုံစာတမ်းတွင် နတ်နာယက နတ်ထိန်းတို့၏ ကျင့်သုံးရမည့် ဥပဒေ စည်းကမ်းများကို  အကျယ်တဝင့် လေ့လာသိရှိနိုင်ပေသည်။ ဤပွဲတော်နှင့်ဆက်စပ်၍ မင်းညီမင်းသားများနှင့် အရပ်ဘက်များ မည်သို့ကျင့်ဆောင်ရမည်။ ဒုစရိုက် မဖြစ်ပွားအောင် မည်သို့တားဆီး ကာကွယ်ကျင်းပရမည် တို့ကို အကျယ်တဝင့် သိနိုင်ပေသည်။ ထိုအင်ရုံစာတမ်းမှာ ရှေးမင်းများ၏ ထီးမူနန်းလျာ အကြောင်းအရာ ဒုရေးသုရေးများကို မှတ်တမ်းပြုထားသော စာပေဖြစ်သည်။ ထိုကိုထောက်၍  တောင်ပြုန်းပွဲတော်သည် ကုန်းဘောင်ခေတ်ဦးကာလအထိ  အလွန့်အလွန် ထူးခြားမှုမရှိဟု ဆိုရပါမည်။    

ကုန်းဘောင်ခေတ်နှောင်း   မင်းတုန်းမင်းနှင့် ကနောင်မင်းသားတို့ လက်ထက်တွင်  အထူးဦးစားပေး ကျင်းပခဲ့ကြောင်းကို နတ်ကိုးကွယ်မှု သမိုင်းများအရ သိရပေသည်။

နောင်တော်ပုဂံမင်းကို ညီနောင်နှစ်ပါးဖြစ်သော မင်းတုန်းမင်းသားနှင့်   ကနောင်မင်းသားတို့က ထောင်ထားပုန်ကန်ရန် မတ္တရာနယ် တောင်ပြုန်းအရပ်သို့ စတင်ထွက်ခွာပြီး ထိုမှတစ်ဆင့် ရွှေဘိုမှတိုက်ခိုက်ကြရာ အောင်မြင်ခဲ့လေသည်။ (ရဲတင်းမော်ကွန်း) ထိုတောင်ပြုန်းမတ္တရာ ဒေသကို အကြောင်းပြု၍ မြန်မာ့စာပေတွင် အလွန်ထင်ရှား အလေးဂရုပြုဖွယ်ဖြစ်သော ဒုတိယ မောင်းထောင်ဆရာတော်ကြီး၏ ဝါသမာလိနီကျမ်းကြီး ဖြစ်ပေါ်လာခဲ့ပေသည်။ တောင်ပြုန်းပွဲတော် နတ်နာယက နတ်ထိန်းစသည် ဒေဝတာပူဇော်ပွဲဆိုင်ရာများသည် ထိုခေတ် ထိုအခါတွင် ပိုမိုပြည့်စုံ ပေါ်ထွက်လာခဲ့သည်ကို နတ်သမိုင်း မှတ်တမ်းမှတ်ရာများအရ သိရပေသည်။

 ခေတ်အဆက်ဆက်တွင် “ဝါခေါင်”လ “စာရေးတံမဲ” ပွဲနှင့် တောင်ပြုန်းညီနောင်နတ်ပွဲကို ရှေးစာဆိုတော်များဖြစ်ကြသည့် ဆီသည်ရွာစား ဦးအောင်ကြီး၊ ဦးယာ၊ မဟာအတုလမင်းကြီး၊ ဦးကြင်ဥ၊ မယ်ခွေ၊ ဖိုးသူတော် ဦးမင်း၊ လူဦးမင်း၊ ဦးကြော့ စသည်တို့က လွမ်းချင်း၊ ဟန်ချင်း၊ အဲချင်း၊ လေးချိုး၊ သဖြန်၊ လူးတား စသဖြင့် စာအလင်္ကာပုံစံအမျိုးမျိုးဖွဲ့ဆိုခဲ့ကြလေသည်။

မေတ္တာအခါတော်နေ့

    ခေတ်စနစ်တို့သည်   ပြောင်းလဲမြဲဖြစ်သည်။ လွတ်လပ်ရေးမရမီ အထိ စာရေးတံမဲပွဲများရှိခဲ့ကြသော်လည်း ယခုအချိန်အခါတွင် လုံးဝမရှိသလောက်ဖြစ်နေပေပြီ။ ထိုနေရာတွင် ဝါခေါင်လ စာရေးတံမဲပွဲ အစား “မေတ္တာအခါတော်နေ့”ကျင်းပလာကြပေသည်။

၂၀ ရာစုနောက်ပိုင်း ၁၉၈၀ ပြည့်နှစ် အကျော်တွင် မာဂဓီသာစည် ဆရာတော် ဦးဆောင်၍ မြန်မာပြည် အနှံ့အပြားတွင် ၁၂ လရာသီ အခါတော်နေ့များကို လအလိုက် ကျင်းပလာကြရာ ယခုတိုင်ပင်ဖြစ်ပါသည်။ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ ရာသီအလိုက် လအလိုက် အခါကြီးနေ့ကြီးရက်များ လုပ်ဆောင်ရာတွင် ဝါခေါင်လပြည့်နေ့ကို “မေတ္တာ အခါတော်နေ့” အဖြစ် ပြုလုပ်လေသည်။ အခြားအခါတော်နေ့များကိုလည်း  လအလိုက်ပြုလုပ်မြဲဖြစ်သည်။

တိုင်းဒေသကြီးနှင့်     ပြည်နယ်အသီးသီးတွင် ဘာသာရေး အသင်းအဖွဲ့များကလည်း ၁၂ လရာသီအခါတော်ပွဲများကို ပြုလုပ်ကြသည့်အနက် ဝါခေါင်လမမပြည့်နေ့ မေတ္တာအခါတော်နေ့သည် ပါမြဲဖြစ်သည်။

ပုဂ္ဂလိကအသင်းအဖွဲ့များ အနေနှင့်လည်း မြို့၊ ရွာ၊ ဒေသအလိုက် တတ်အားသမျှ ကျင်းပကြလေသည်။ ထိုအထဲတွင်   ပုဂ္ဂလိကအသင်း အဖွဲ့အနေနှင့် Forever Group မှလည်း မေတ္တာအခါတော်နေ့ကို ခမ်းနားကြီးကျယ်စွာ နှစ်စဉ်ကျင်းပလာရာ ယခုနှစ်ဆိုလျှင် သတ္တမအကြိမ်မြောက် တိုင်ရှိခဲ့ပြီ။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသ၊ နိုင်ငံတော်ဝိနည်းဓိုရ် မင်္ဂလာရာမပါဠိတက္ကသိုလ် ဆရာတော် ဦးရဋ္ဌသာရနှင့်  တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများကို ပင့်ဖိတ်၍ ဝါခေါင်လပြည့်နေ့တိုင်း နှစ်စဉ်ကျင်းပခဲ့လေပြီ။   

ထိုအခမ်းအနားကိုလည်း MRTV-4 မဟာဗောဓိရုပ်သံလိုင်းမှ  တိုက်ရိုက်ထုတ်လွှင့်၍ အများပြည်သူသို့  ကုသိုလ်ပြုခဲ့လေသည်။

ရှေးစာဆိုကြီးများ၏ ဝါခေါင်လအကြောင်းအရာ စာအလင်္ကာများတွင် စာရေးတံမဲပွဲနှင့် တောင်ပြုန်းနတ်ပွဲ အကြောင်းအရာများ ပါသလို  နှောင်းခေတ် ဆယ်စု၊ ရာစုနှစ်များတွင်လည်း   မေတ္တာအခါတော်နေ့ စာအလင်္ကာသည်လည်း ပါဝင်လာပေလိမ့်မည်။

ထိုမေတ္တာအခါတော်နေ့သည်လည်း နောင်တွင် ဒြပ်မဲ့ယဉ်ကျေးမှု အနေနှင့် မှတ်တမ်းဖြစ်လာမည်တည်း။ တောင်ပြုန်းပွဲကမူ ယနေ့တိုင် တည်ရှိမြဲဖြစ်ပေသည်။ လဝါခေါင်အကြောင်းကို ဆီသည်ရွာစားဦးအောင်ကြီး၏ ဝါခေါင်လဖွဲ့ လူးတားကို  ဖော်ပြနိဂုံးချုပ်အပ်ပါသည်။  ။

ဝါခေါင်လဖွဲ့

သာစွလေ-  တိမ်ခြေမှိုင်းထန်၊  လဗိမာန်နှင့်၊ သရဝဏ်နက္ခတ်၊

ပြည့်မှတ်တစ်လီ၊ သိဟ်ရာသီဟု၊ ခတ္တရီခတ္တာ၊ ပင်တိုင်းဖြာသား၊

နံကာဆန်းစ၊ ဝါခေါင်လကား၊ ကျောင်းမှမကွာ၊ ထေရ်သံဃာတို့၊

သဒ္ဓါရွှင်လန်း၊ ဆွမ်းပန်းကျွေးဟန်၊ စာရေးတံဟု၊ ကောင်းမွန်

စီရင်၊ သဘင်ဒါန၊ လှူဒါန်းကြလျက်၊ ရှေးကထိမ်းမှတ်၊ ညီနောင်

နတ်အား၊ ရိုညွှတ်သောင်းသဲ၊ တက်စမြဲနှင့်၊ လှေပွဲများစွာ၊ 

မြစ်ဧရာဝယ်၊ ကြေညာသန်းကူး၊ ပြိုင်ကြမြူးသည်၊  ကျွန်းဦး

ရှေ့မြောက် ယွန်းတည့်လေ...၊ ပွင့်လင်းစည်သည်၊ ရွှေပြည်

ရွှေဝ၊ နန်းတည့်လေး...။   ။

မောင်လူမွှေး (မြန်မာမှု)