ကိုဗစ်-၁၉ ရောဂါနှင့် ပလတ်စတစ်အမှိုက်များအန္တရာယ်

 

ကိုဗစ်-၁၉ ရောဂါနှင့် ပလတ်စတစ်အမှိုက်များအန္တရာယ်

 

ဆွစ်ဇာလန်နိုင်ငံအခြေစိုက်  World Wide Fund For Nature (WWF) မှ ၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သော Report တစ်ခုအရ ပျမ်းမျှအားဖြင့် လူတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ပတ်လျှင် ပလတ်စတစ် ငါးဂရမ်မျှ  အစားအသောက်ထဲမှတစ်ဆင့် ရောက်ရှိသွားကြောင်းနှင့်   ငါးဂရမ်ဟူသောပမာဏသည် Credit Card တစ်ခုအရွယ်ဖြစ်သည်ဟု  ရေးသားဖော်ပြထားသည်။

ယင်းမှာ  မှန်ပေသည်။  ပလတ်စတစ်များသည် လူ့ခန္ဓာကိုယ်အတွင်းတွင်လည်းကောင်း၊  လည်ပတ်နေသည့်  သွေးကြောများအတွင်းသို့လည်းကောင်းရောက်ရှိနေကြသည်။ ပလတ်စတစ်အပိုင်းအစလေးများသည် သောက်ရေဘူးများ၊ အစားအသောက်ထည့်သည့်ဘူးများမှတစ်ဆင့်ထွက်လာပြီး   လူသားတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။   ထို့ပြင်  မိမိတို့  အသက်ရှူလိုက်သည့်  လေထုထဲတွင်လည်း  ပလတ်စတစ်အမှုန်အမွှားများ ရှိနေသည်။ ၎င်းတို့ကိုမိုက်ခရိုပလတ်စတစ်(Microplastic) ဟုခေါ်သည်။ ထို့ပြင်  မျက်စိဖြင့်မမြင်နိုင်သည့်  Nanoplastic အစလေးများလည်း ရှိနေပြီး  ယင်းတို့သည်  လွန်စွာ သေးငယ်သဖြင့်  လူ့ခန္ဓာကိုယ်၏ ဆဲလ်များကြားမှ အမြှေးပါး(Membrane)များကို ဖြတ်သန်း သွားလာနိုင်ကြသည်။ ဖော်ပြပါ  Nanoplastic အစလေးများသည် အထူးသဖြင့်  ရေထုထဲတွင်  ပျံ့နှံ့နေကာ ၎င်းတို့ကို  ငါး၊ ပုစွန်၊ ပင်လယ်ငှက် (ရေပျော်ငှက်) စသည့် ရေသတ္တဝါတို့က မတော်တဆ စားသောက်မိကြသည်။ ထိုအခါ နာ့ဗ်ကြောများထိခိုက်ခြင်း၊ မျိုးဆက်ပြန့်ပွားနှုန်းကျဆင်းခြင်းတို့ ဖြစ်ပေါ်စေပြီး အစာခြေနိုင်စွမ်းလည်း ကျဆင်းသွားသဖြင့်   ဘဝသက်တမ်းတိုတောင်းလာသည်။

ဆက်လက်၍ လူသားတို့က အဆိုပါရေသတ္တဝါများကို စားသုံးမိရာကတစ်ဆင့်   လူနှင့်တိရစ္ဆာန်တို့ကြား ပလတ်စတစ်ဆိုးကျိုးသံသရာ   လည်လျက်ရှိသည်။အဘယ်ကြောင့်ဆိုသော် လူတို့ကရေထဲသို့ မဆင်မခြင် ပစ်ချလိုက်သော ပလတ်စတစ်အမှိုက်သရိုက်များကအစပြုလာခြင်းကြောင့်ဖြစ်သည်။ လူ့ပယောဂကြောင့် ပလတ်စတစ် အမှိုက်သရိုက်များသည် လူသူအရောက် နည်းသော  ကျွန်းများသာမက  ဧဝရတ်တောင်နှင့်  သမုဒ္ဒရာထဲသို့လည်းရောက်ရှိနေကြပြီး  ဂေဟစနစ်အတွက် ကြီးစွာသောဆိုးကျိုးများဖြစ်ပေါ်စေသည်။

ထို့ကြောင့် မိမိကစ၍ လူသားအားလုံးပလတ်စတစ်အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်သင့်သကဲ့သို့ ပလတ်စတစ်ပစ္စည်းသုံးစွဲမှုကိုလည်း  တတ်နိုင်သမျှ လျှော့ချသင့်ပေသည်။

ကိုဗစ်-၁၉ ရောဂါနှင့်  ပလတ်စတစ်အမှိုက်များ အန္တရာယ်

ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ၂၀၂၃ ခုနှစ် မေ ၄ ရက်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က  ကိုဗစ်-၁၉ ရောဂါအား  အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ်မှ ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း  ထပ်မံဖြစ်ပွားနိုင်ခြေရှိသည့်     အသက်ရှူလမ်းကြောင်းနှင့် ပတ်သက်သည့်   ကူးစက်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက် တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းများကို  ဆက်လက်အသုံးပြုနေရဦးမည်ဖြစ်ကြောင်း၊ ပလတ်စတစ်ကို အခြေခံ၍ ထုတ်လုပ်ထားသော   တစ်ခါသုံးပါးစပ်နှင့်နှာခေါင်းစည်းများကို  စနစ်တကျမစွန့်ပစ်ပါက  လူသားများသာမက တိရစ္ဆာန်များကိုပါ အန္တရာယ်ပေးနိုင်ကြောင်း၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ဖြစ်သည့် တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းအမှိုက်များ စနစ်တကျ စီမံခန့်ခွဲမှုစနစ်အတွက် ပူးပေါင်းအဖြေရှာကြရန် လိုအပ်ကြောင်း နိုင်ငံပိုင်သတင်းစာ များမှတစ်ဆင့် ဇူလိုင် ၁ ရက်က အသိပေးနှိုးဆော်ခဲ့သည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ကာလ ကြာရှည်လာသည်နှင့်အမျှ  ပလတ်စတစ်ပစ္စည်းများစွန့်ပစ်မှုကလည်း   ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အဟန့်အတားဖြစ်စေသည်။ ထိုပလတ်စတစ်အများစုသည် တစ်ကိုယ်ရေသုံးရောဂါ ကာကွယ်ရေးပစ္စည်းများ၊ ဆေးရုံ၊ ဆေးခန်းများမှထွက်ရှိသည့် ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများနှင့်     အွန်လိုင်းဈေးဝယ်   အစားအသောက်ထုပ်ပိုးပစ္စည်းများဖြစ်သည်။

အကယ်၍ လူအများက ပလတ်စတစ်အမှိုက်များကို တက်ညီလက်ညီ  စနစ်တကျစွန့်ပစ်မည်ဆိုလျှင် သက်ဆိုင်ရာ အမှိုက်ပုံးများသို့ ရောက်ရှိသွားမည်ဖြစ်သော်လည်း စည်းကမ်းမဲ့စွန့်ပစ်ထားသော    ပလတ်စတစ်ပစ္စည်းများမှာ ရေမြောင်းများ၊ မြစ်ချောင်းများမှတစ်ဆင့်  ပင်လယ်သို့ မျောပါသွားကြသည်။ ထိုမှတစ်ဆင့်    သေးငယ်သောအစိတ်အပိုင်းများသည် သမုဒ္ဒရာအတွင်းသို့ ရောက်ရှိသွားမည်ဖြစ်ကာ နောက်ဆုံးတွင်   အာတိတ်သမုဒ္ဒရာ၌   စုပုံလာနိုင်ကြောင်း ပညာရှင်များက သတိပေးထားကြသည်။

မြန်မာနိုင်ငံနှင့် ကိုဗစ် -၁၉ ရောဂါကာလ ပလတ်စတစ်စွန့်ပစ်မှုအခြေအနေ

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှ လက်ရှိအချိန်ထိ ဆေးရုံ၊ ဆေးခန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများနှင့် လူတစ်ဦးချင်းစီတိုင်းဗိုင်းရပ်စ်ကူးစက်ခြင်းမှကာကွယ်ရန် ပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ PPE ဝတ်စုံများနှင့် တခြားသောကာကွယ်ရေးပစ္စည်းများကို  ပိုမိုသုံးစွဲလာကြသဖြင့်  စွန့်ပစ်ပစ္စည်းများသည်လည်း   ပုံမှန်အနေအထားထက် ပိုများလာသည်။

ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်နှင့် နှိုင်းယှဉ်ပါက    ဆေးဘက်ဆိုင်ရာစွန့်ပစ်ပစ္စည်းများသည် ခြောက်ဆခန့် တိုးမြင့်လာကြောင်း သိရသည်။ အဆိုပါ အရေအတွက်တွင် လူတချို့၏ စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် လမ်းမများနှင့် နေရာအနှံ့ရှိ ပမာဏမြောက်မြားစွာသော တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းများ မပါဝင်သေးပေ။ ကပ်ရောဂါသည် ကမ္ဘာကြီးကို ပူနွေးစေသော ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို သိသိသာသာ ကျဆင်းစေခဲ့သော်လည်း ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာဂြိုဟ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်နေ၍ လူသားအားလုံးသတိပြုဆင်ခြင်သင့်သည်။

နိုင်ငံတကာနှင့်    ကိုဗစ်- ၁၉ ရောဂါကာလ ပလတ်စတစ်စွန့်ပစ်မှု အခြေအနေကမ္ဘာကြီးသည် တစ်နေ့တခြားဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ ဘေးထွက်ဆိုးကျိုး ရှိလာသည်မှာ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်း များကြောင့်ဖြစ်သည်။ ထိုစွန့်ပစ်ပစ္စည်းများကို စည်ပင်သာယာစွန့်ပစ်ပစ္စည်း၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသော စွန့်ပစ်ပစ္စည်း၊ စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော  စွန့်ပစ်ပစ္စည်း၊   ဘေးအန္တရာယ်ဖြစ်စေတတ်သော ဇီဝဓာတုစွန့်ပစ်ပစ္စည်းဟူ၍ ယေဘုယျအားဖြင့် ခွဲခြားလေ့ရှိသည်။ ယင်းတို့အနက် ဆေးရုံ၊ ဆေးခန်းများမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည်လည်း ဘေးအန္တရာယ်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည်။

နိုင်ငံအသီးသီးအနေဖြင့် ယင်းစွန့်ပစ်ပစ္စည်းများကို မိမိတို့နိုင်ငံ၌ ပြဋ္ဌာန်းထားသည့် ဘေးအန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ နည်းဥပဒေများအတိုင်း စနစ်တကျ စွန့်ပစ်လျက်ရှိသည်။ သို့သော် ပြည်သူလူထုကြား အသုံးပြုပြီးသော တစ်ခါသုံးပါးစပ်နှင့်နှာခေါင်းစည်း စွန့်ပစ်အမှိုက်များ စီမံခန့်ခွဲမှုအတွက်ကိုမူ လက်ရှိအချိန်ထိ မည်သည့်နိုင်ငံတွင်မျှ သီးခြားထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ မရှိသေးပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ အစီရင်ခံစာက   တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းလိုအပ်ချက်သည် တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် တစ်လလျှင် ၈၉ သန်းရှိမည်ဟု ၂၀၂၀ ပြည့်နှစ် မတ်လက ခန့်မှန်း ခဲ့သော်လည်း လက်တွေ့တွင် တစ်လလျှင် ၁၂၉ သန်းအထိ အသုံးပြုခဲ့သည်ဟုဆိုသည်။  သို့သော် ယင်းစွန့်ပစ်ပစ္စည်းများသည်  သက်ဆိုင်ရာအမှိုက်ပုံများအတွင်း  စနစ်တကျစွန့်ပစ်ခြင်း မခံရပေ။ တရုတ်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအခြေစိုက်  သုတေသီအဖွဲ့တစ်ဖွဲ့က နိုင်ငံပေါင်း ၁၉၃ နိုင်ငံသည်  ကိုဗစ်-၁၉ ရောဂါနှင့်ဆက်စပ်သော ပလတ်စတစ်အမှိုက် မက်ထရစ်တန်ချိန် ရှစ်သန်းခန့်ကို အသုံးပြုခဲ့ကြောင်း ၂၀၂၂ ခုနှစ်ကထုတ်ဝေခဲ့သည့်  သိပ္ပံဂျာနယ်တစ်စောင်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ ရောဂါကာလအတွင်း စွန့်ပစ်အမှိုက်များဖြစ်သည့်  တစ်ခါသုံးပါးစပ်နှင့်နှာခေါင်းစည်းများ၊ လက်အိတ်များ၊ PPE ဝတ်စုံများ၊ လက်သန့်ဆေးရည် ဘူးခွံ၊   အရက်ပြန်ပုလင်းခွံများသည်   လူအများနေထိုင်ရာ မြို့ပြပတ်ဝန်းကျင်ရှိ  လမ်းမပေါ်၊  လမ်းဘေး၊ ရေမြောင်းများနှင့်  အမှိုက်ပုံများသာမက ပင်လယ်အတွင်းထိရောက်ရှိခဲ့သည်။ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)က ကိုဗစ်- ၁၉ ရောဂါကာလအတွင်း    ကမ္ဘာတစ်ဝန်းအသုံးပြုခဲ့သော  တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းများအနက်    အရေအတွက် ၁ ဒသမ ၅၆ ဘီလီယံ (ပလတ်စတစ်တန်ချိန်အားဖြင့် ၆၂၄၀ တန်)ကို ပင်လယ်အတွင်းသို့ စွန့်ပစ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

အချုပ်အားဖြင့်ဆိုသော် ဓာတုနည်းပညာဖြင့် ပြုလုပ်ထားသောပလတ်စတစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ်များ အသုံးပြုခြင်းကြောင့်  နှစ်စဉ် ရင်ဆိုင်တွေ့ကြုံနေရသည့်  ရာသီဥတုပြောင်းလဲမှုနှင့်  သဘာဝဘေးအန္တရာယ် ကျရောက်နေမှုများမှာ    တစ်ရက်ထက် တစ်ရက်၊ တစ်နှစ်ထက် တစ်နှစ် ကြောက်ခမန်းလိလိ တိုး၍လာသည်။  ဘေးအန္တရာယ်ရှိ  စွန့်ပစ်ပစ္စည်းများကို   စနစ်တကျ    စီမံခန့်ခွဲ ဆောင်ရွက်ခြင်းဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို  ထိန်းချုပ်နိုင်မည့်အပြင် နိုင်ငံသားများ၏ ကျန်းမာရေး ထိခိုက်မှုများကိုလည်း ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အများပြည်သူအနေဖြင့် မိမိတို့အသုံးပြုပြီးသော တစ်ခါသုံးပါးစပ်နှင့် နှာခေါင်းစည်းများကို  စနစ်တကျ  စွန့်ပစ်ကြရန် လိုအပ်သည်။  သို့မှသာ လူတို့၏  ပယောဂကြောင့် ဖြစ်ပေါ်လာရသော အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ၏   ဘေးထွက်ဆိုးကျိုးကို ရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပါသည်။   ။

ပေါက်ပေါက်