သပ္ပာယ်လွန်းစွ မာရဝိဇယမြတ်ဗုဒ္ဓ

 

သပ္ပာယ်လွန်းစွ မာရဝိဇယမြတ်ဗုဒ္ဓ

 

မာရဝိဇယဆိုသည်မှာ မာရ်နတ်မင်း၏ အနှောင့်အယှက်ရန်စွယ်အန္တရာယ်အပေါင်းကို အထူးအောင်မြင်တော် မူသောမြတ်စွာဘုရား ဟု အဓိပ္ပာယ်ရပေသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရည်ရွယ်ချက်(၄)ချက်ဖြင့် ဆရာတော်ကြီးများ၏သြဝါဒကိုခံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်-

(၁)မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက် ရှိမှုအား ကမ္ဘာကိုပြသရန်။

(၂) မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှု၏ဗဟိုချက်ဖြစ်စေရန်။

(၃) နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်။

(၄) ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်တို့ဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်သည်ဟု သိရပါသည်။

တကယ်တော့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ဆောက်ခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေး၊ မြန်မာ့ငြိမ်းချမ်းရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတရားများဖြင့် ငြိမ်းချမ်းရေးကို နှောင့်ယှက်နေကြသူများကို အောင်မြင်ရန် နိမိတ်လည်းဖြစ်ပေသည်။

ကမ္ဘာ့အံ့ဖွယ်၊ မြန်မာ့အံ့ဖွယ်ဖြစ်လာမည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးတည်ဆောက် သယ်ယူထုဆစ်ရာတွင် လွယ်လွယ်နှင့်ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။

ထုထည်ကြီးမားသောစကျင်ကျောက်တော်ကြီးကို    စနစ်တကျထုလုပ်ခဲ့ရသည်။ ထုထည်ပမာဏ   ကြီးမားသောကြောင့် မူလဉာဏ်တော်အမြင့်ကို မထိခိုက်စေဘဲ ရုပ်ပွားတော်၏ အစိတ်အပိုင်း(၄)ပိုင်း၊ ပလ္လင်တော်အတွက် အစိတ်အပိုင်း(၅)ပိုင်းကိုလည်း နည်းပညာဖြင့်   အပိုင်းလိုက်ဖြတ်တောက်ခဲ့ရပေသည်။

တပ်မတော်(ရေ)မှလည်း စကျင်ကျောက်တော်ကြီးများ ပင့်ဆောင်ရန်သယ်ယူမည့် သင်္ဘောပြင်ဆင်ခြင်း၊ တွဲသင်္ဘောများ ပြင်ဆင်ခြင်း၊ ရေအနက်တိုင်းတာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရသည်။ သင်္ဘောပေါ်ကျောက်တော်ကြီးများ တင်ရာတွင်လည်း နည်းပညာသုံးကာ ကရိန်းကြီးများ Modular Trailer များဖြင့် ခက်ခဲစွာတင်ခဲ့ရသည်။၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို စတင် ပင့်ဆောင်ခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့သည်။

ကုန်းလမ်းမှသယ်ယူနိုင်ရန် ဆီမီးခုံဆိပ်ကမ်းမှ စကားအင်းအဝိုင်းကြား ၂၂ မိုင် ၅ ဖာလုံအရှည်လမ်းကို တပ်မတော်အင်ဂျင်နီယာများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အင်ဂျင်နီယာများက   ခက်ခဲစွာ ဖောက်လုပ်ခဲ့ရသည်။ နေပြည်တော်သို့ သယ်ဆောင်နိုင်ရန်အတွက် အမြန်လမ်းမကြီးအား ခံနိုင်ရည်စစ်ဆေးခြင်း၊ တံတားများအား ခံနိုင်ရည်ရှိရန် သံငြမ်းများကြိုတင်ထောက်ထားခြင်း၊ တိုးဂိတ်နေရာများတွင် ရှောင်ကွင်းလမ်းမကြီးများ ဖောက်လုပ်ခြင်း၊ တည်ထားကိုးကွယ်မည့် ဗုဒ္ဓဥယျာဉ်တော်

နေရာကို မြေပြုပြင်ခြင်း၊ လမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ၂၅-၁-၂၀၂၁ရက်နေ့မှစ၍ မန္တလေး-ရန်ကုန်အမြန်လမ်းမကြီးအတိုင်း  Modular Trailer များဖြင့် ခက်ခဲစွာပင့်ဆောင်ခဲ့ရသည်။

ကုန်းလမ်းခရီးဖြင့်သယ်ယူရာတွင် စုစုပေါင်း ၇ ခေါက်၊   တန်ချိန် ၇၆၃၂ တန်ကို ပင့်ဆောင်သယ်ယူခဲ့ရသည်။

ကျောက်တုံးတော်ကြီးများ ပင့်ဆောင်ရာတွင် ကမ္ဘာပေါ်တွင် တန်ချိန်အများဆုံးပင့်ဆောင်မှု   ရေလမ်းခရီးအရလည်းကောင်း၊ ကုန်းလမ်းခရီးအရလည်းကောင်း အဝေးဆုံးစံချိန်ရရှိခဲ့သည်ဟုလည်း သိရပါသည်။ တပ်မတော်သားတို့၏ စွမ်းဆောင်မှုသည်    ကိုဗစ်ရောဂါဖြစ်ပွားနေချိန် ကြိုးစားဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ညီညွတ်သော၊ ခိုင်မာသော၊ နည်းပညာမြင့်မားသောတပ်မတော်အဖြစ် ပြသနိုင်ခဲ့ပေသည်။

နေပြည်တော်သို့   ရောက်လာသည့် စကျင်ကျောက်တုံးတော်ကြီးများကိုလည်း အဆင့်မြင့်နည်းပညာ Hydraulic Jack များဖြင့် ပုံဖော်ထုဆစ်ခြင်းလုပ်ငန်းများကို  ပြည်တွင်းကျွမ်းကျင် ပညာရှင်များက နေ့မနား၊ ညမအားကြိုးစားဆောင်ရွက်ခဲ့ကြသည်။   နည်းပညာမြင့်မားသဖြင့် တပ်မတော်နည်းပညာ   တက္ကသိုလ်ဗိုလ်လောင်းများပင် လက်တွေ့လာရောက်လေ့လာခဲ့ကြရသည်။ သယ်ယူရန်ခက်ခဲသလို ထုဆစ်ရန်ခက်ခဲသောပညာရပ်ကို ပြည်ပပညာရှင်များမပါ  မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် တပ်မတော်သားအင်ဂျင်နီယာများဖြင့်သာ ဆောင်ရွက်နိုင်ခဲ့ခြင်းမှာ    ဂုဏ်ယူစရာအတိပင်ဖြစ်သည်။

ဆင်းတုတော်ကြီး အပိုင်း ၁၊ ၂၊ ၃ တို့ကို တွဲဆက်ကာ ၂၆-၁-၂၀၂၃ ရက်နေ့ မင်္ဂလာအချိန်မှစ၍ ရတနာပလ္လင်ထက် ပင့်ဆောင်ခဲ့ရာ ဇန်နဝါရီ ၃၁ ရက်နေ့တွင်    ပလ္လင်တော်ပေါ်သို့အောင်မြင်စွာ ပင့်ဆောင်နိုင်ခဲ့သည်။ ရုပ်ပွားတော်ကြီး၏ ဉာဏ်တော်မှာ အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့် ၁၈ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိပြီး အလေးချိန်မှာ ၁၇၈၂ တန်၊ ပလ္လင်တော်အလေးချိန် ၃၅၁၀ တန် စုစုပေါင်းအလေးချိန် ၅၂၉၂ တန်ရှိသည်ဟု သိရပါသည်။ အဆိုပါ ရုပ်ပွားတော်ကြီးကို ပင့်ထောင်ခြင်းပညာ၊ သံမဏိမျှော်စင်ဝန်ချီစက်များ၊    သံမဏိပန်းတောင်း Hydraulic Jack များဖြင့် ပလ္လင်ထက်သို့ အတိအကျတင်ခြင်းပညာတို့မှာ အံ့ချီးဖွယ်ကောင်း လောက်ပေသည်။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည် ဆိုသည့်အတိုင်း ပြည်တွင်းအသိပညာရှင်၊ အတတ်ပညာရှင်များ၏ စွမ်းဆောင်ရည် အရည်အသွေးကို မှတ်ကျောက်တင် ခံခဲ့ရခြင်းပင် ဖြစ်ပေသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်ဝန်းကျင်တွင် အံ့ဖွယ်ကောင်းသော ကျောက်စာရုံစေတီတော်များ၊ မာရဝိဇယကျောင်းတော်၊ သာသနာ့ဗိမာန်တော်ကြီး၊  သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး၊ သုဓမ္မာဇရပ်များ၊ သံဃာနားနေဆောင်၊ မုစလိန္ဒအိုင်၊  နဂါးရုံဘုရား၊ မဟာရံတံတိုင်း၊ မော်ကွန်းတိုက်၊ အဝင်မုခ်ဦး၊  ဂေါပကရုံးနှင့်  ရွေ့လျားစက်လှေကား  စသည်တို့ကို    ခိုင်ခံ့စုံလင်လှပစွာတည်ဆောက်ထားပြီး မီးအလှများတပ်ဆင်ထားသည်ကို ကြည်နူးဖွယ်ရာတွေ့မြင်ရမည်ဖြစ်သည်။ ယူနက်စကိုစာရင်းဝင်ခဲ့သည့် ကမ္ဘာ့အကြီးဆုံးစာအုပ်ဟု   တင်စားခေါ်ခဲ့ကြသော မင်းတုန်းမင်း၏ကောင်းမှု ပဉ္စသင်္ဂါယနာတင် မန္တလေးမဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ကျောက်စာရုံစေတီနှင့်ကျောက်စာချပ်ပေါင်းမှာ   ၇၂၉ ချပ်စိုက်ထူထားသည်။  ယခုမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရှေ့တည့်တည့်တွင်   အဆိုပါ ပုံစံပိဋကတ်ကျောက်ချပ်ရေ    ၁၄၄၀နှင့် ပင်မကျောက်စာ ၄ ချပ် စုစုပေါင်းကျောက်စာ ၁၄၄၄ ချပ် တည်ဆောက်ထားသည်ဟုသိရသည်။  အလယ်ဗဟိုကျောက်စာရုံစေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိပြီး အခြားကျောက်စာရုံစေတီများမှာ   အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေရှိကာ ဆဋ္ဌသင်္ဂါယနာမူဖြစ်သည့်ပိဋကတ်တော်လာကျမ်းစာများကို ပါဠိအက္ခရာနှင့် ရိုမန်ဘာသာတို့ဖြင့် ရေးသားပူဇော်ထားသည်ဟု သိရသည်။ အဆိုပါကျမ်းစာများကို ဆရာတော်ကြီးများက စနစ်တကျပြုစုရေးမှတ်ကြပြီး   CNC စက်ကြီးများဖြင့် ခေတ်မီစွာ ထိုးထွင်းရေးသားထားသည်ဟု သိရသည်။

ဥယျာဉ်တော်ကြီးကိုလည်း ဆောက်လုပ်ထားပြီး အမြဲတမ်းသာယာလှပစေရန် ကျည်းပင်၊    အိန္ဒိယနိုင်ငံမှ ရရှိသော မဟာဗောဓိပင်နှင့်   လုမ္ဗိနီအင်ကြင်းပင်များ၊ လင်းလွန်းတောအုပ်၊ ကံ့ကော်ပင်တစ်ထောင် စသည့်ပန်းမန်မျိုးစုံစိုက်ပျိုးထားရှိသည်။ သဘာဝချောင်းငယ်တစ်ခုကို စနစ်တကျပြုပြင်ကာ စီးဆင်းစေပြီးရတနာပုံခေတ်ဟန် မန္တလေးမင်္ဂလာတံတားပုံစံတံတားတစ်စင်း တည်ဆောက်ထားသည်ကို တွေ့ရပါသည်။ ထို့ပြင် သံဃာအပါး ၉၀၀၊ ပရိသတ် ၁၂၀၀ ဦးဝင်ဆံ့သည့် သာသနာ့ဗိမာန်တော်ကြီးကိုလည်း ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည်ကို တွေ့ရပါသည်။ သာသနာ့ဗိမာန်တော်တွင် မာရဝိဇယပုံတူနောင်တော်ကြီးရုပ်ပွားတော် ၉ ပေအရွယ်တစ်ဆူပူဇော်ထားရှိသည်ကို တွေ့ရသည်။ အောင်မြေကို ပန္နက်ချရာတွင်လည်း မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားစေတီများမှ အောင်မြေများကိုစုစည်း၍ ပန္နက်ချမင်္ဂလာအခမ်းအနားကျင်းပခဲ့ရာ သာသနာ့အောင်မြေမှာ မြန်မာ့အောင်မြေအဖြစ်  ထူးခြားနေသည်ဟု  သိရပေသည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် သာသနိက အဆောက်အအုံများကို မြန်မာနိုင်ငံရှိ ရဟန်းပြည်သူ လူတန်းစားအသီးသီးမှ စေတနာထက်သန်လှူဒါန်းထားသောငွေများဖြင့် တည်ဆောက် ပူဇော်ထားခြင်း ဖြစ်သည်။ အင်မတန်ကြီးကျယ်ခမ်းနားသော သာသနာ့အမွေပစ္စည်းများ ဖြစ်သဖြင့် တန်ဖိုးများစွာကုန်ကျမည်ဟုခန့်မှန်းမိပါသည်။ လောလောဆယ်တွင် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဆောင်ရွက်နေကြသည့် ဓမ္မမိတ်ဆွေများ နိုင်ငံတော်စီးပွားရေး   တိုးတက်စေရန်ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊   နိုင်ငံ့ဂုဏ်ဆောင်တာဝန်ထမ်းဆောင်ခဲ့ကြသည့် အလှူရှင်ပုဂ္ဂိုလ်များမှ ၂၀၂၃ ခုနှစ်ဇွန် ၂၉ ရက်တွင် လှူဒါန်းမှုများမှာ ငွေကျပ် ၁၆၁၇၇ သန်း(၁၆ ဒသမ ၁၇၇ ဘီလီယံ)ဖြစ်သည်ဟု ကြည်ညိုဖွယ်ရာသိရှိရပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပလ္လင်ပေါ်တင်ဌာပနာတည်ရာတွင် ပါဝင်လှူဒါန်းသူတို့၏  ရွှေ၊ ငွေ၊ ကြေး၊ ကျောက်သံပတ္တမြား လက်ဝတ်ရတနာများပြားစွာဖြင့် ဌာပနာတည်နိုင်ခဲ့သည်။ ၂၀၂၃ ခုနှစ်ဇူလိုင် ၂၃ ရက်နေ့တွင် လှူဒါန်းမှုများမှာ ငွေကျပ်  ၁၇၄၁၅ သန်း (၁၇ ဒသမ ၄၁၅ ဘီလီယံ)ဖြစ်သည်။ ဇူလိုင် ၂၉ ရက်နေ့တွင် ပြည်တွင်း၊ ပြည်ပအလှူရှင်များကလှူဒါန်းငွေ ၅ ဒသမ ၀၄ ဘီလီယံ(ငွေကျပ်သန်း ၅၀၀၀ကျော်)၊ အမေရိကန်ဒေါ်လာ၂၃၀၀၀၊ ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်  လှူဒါန်းခြင်း၊ ကျောက်စာရုံစေတီတော်ထီးတော်တင်ခြင်းနှင့်   ရေစက်ချမဟာမင်္ဂလာအခမ်းအနားကြီးကို  ၂၀၂၃ ခုနှစ် သြဂုတ် ၁ ရက်(ဝါဆိုလပြည့်နေ့)တွင် ပြည်တွင်းပြည်ပဆရာတော်ကြီးများ၊   ဥပါသကာများ၊ သံဃာတော်များ၊  ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊  အလှူရှင်များ၊ ဝန်ကြီးဌာနအလိုက်တာဝန်ရှိသူများ၊ တပ်မတော်အကြီးအကဲများ၊ သာသနာ့အဖွဲ့အစည်းများဖြင့် ခမ်းနားစွာဆောင်ရွက်သွားခဲ့ပါသည်။ ပြည်သူအပေါင်းကိုလည်း အခမ်းအနားပြီးဆုံးသည့်အချိန်မှ စက်တင်ဘာ ၃ ရက်နေ့အထိ ဖူးမြော်ခွင့်ပေးသွားမည်ဟုသိရပါသည်။ ဗုဒ္ဓဘုရားရှင်ဘုရားဖြစ်ခါနီး အချိန်တွင်  မာရ်နတ်နှင့် အပေါင်းအပါများက တိုက်ခိုက်ခဲ့သော်လည်း ဗုဒ္ဓမြတ်စွာဘုရားကား ငြိမ်းချမ်းစွာ တရားကျင့်ခြင်းဖြင့် အောင်မြင်ခဲ့ပေသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အနေကဇာတင်ပွဲပြီးဆုံးချိန်မှစ၍ တိုင်းပြည်၏ အနှောင့်အယှက်၊  အဖျက်အဆီးများ၊ အကြမ်းဖက်တိုက်ခိုက်နေမှုများကိုအောင်မြင်ပြီး နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်ရေးလမ်းစသို့   ရောက်ရှိလာလိမ့်မည်ဟု ယုံကြည်မိပါကြောင်း   တင်ပြလိုက်ရပါသည်။    ။

ရဲမွန်ကျော်