ပြည်လုံးကျွတ်သန်းခေါင်စာရင်း

ပြည်လုံးကျွတ်သန်းခေါင်စာရင်း

နိုင်ငံတကာနှင့်မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သည့် သန်းခေါင်စာရင်းအတွေ့အကြုံများအရလူဦးရေ  သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် လုပ်ငန်းပမာဏကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်ကြီးမား ခြင်းကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ်လျှင်တစ်ကြိမ်သာ လူဦးရေသန်းခေါင်စာရင်းများကောက်ယူ လေ့ရှိကြသည်။ မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ပြီး ၁၀ နှစ်အကြာ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ်သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည် ဖြစ်သည်။

ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ  ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် သြဂုတ် ၂၂ ရက်ကကျင်းပခဲ့သည့်၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိရရှိနိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် စမ်းသပ် သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် မြို့နယ် ၂၀ အတွင်းရှိ စာရင်း  ကောက်ကွက် ၁၀၀ တွင် ပဏာမဆောင်ရွက်မည်ဖြစ်သည်။ ပြည်လုံးကျွတ်လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်မည် ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူခြင်း လုပ်ငန်းများတွင် ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၃ ခုနှစ် မတ် ၃၁ ရက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် လမ်းညွှန်မှာကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် လက်ရှိတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆောင်ရွက်နေသည့် သန်းခေါင်စာရင်း ယူနစ်များ  ဖွဲ့စည်းခြင်းလုပ်ငန်းနှင့် မကြာမီဆောင်ရွက်မည့် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းများတွင် သတ်မှတ်အချိန်ဇယားအတိုင်း အောင်မြင်စွာဆောင်ရွက်ပြီးစီးနိုင်ရေး တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ကြရမည်ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်  လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည့် အတွေ့အကြုံများရှိထားပြီးဖြစ်သည်။ ယခုအခါတွင်လည်း ၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို သတ်မှတ်အချိန်ဇယား အတိုင်းအကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

ယခုဆောင်ရွက်မည့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူမှုကို အစိုးရဌာနများ၊ အဖွဲ့အစည်း များ၏စွမ်းအား၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်ပင် အဓိကကောက်ယူမည်ဖြစ်ပြီး လိုအပ်သည့်ဘဏ္ဍာငွေ များကိုလည်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့်သာ ဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိရသည်။ ယခင်သန်းခေါင် စာရင်းများကောက်ယူခဲ့စဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာအထောက်အပံ့များကိုရယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယခုအခါ ပြည်တွင်းအင်အားဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ပြည့်အင်အားသည်ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက် မည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူသည့် အခါတွင်လည်း အချက်အလက်များမှန်ကန်ပြီး အရည်အသွေး ကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်ကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက်အလက်များဖြည့်ဆည်းရရှိရန်  အထူးအလေးထားဆောင်ရွက်ရမည်ဖြစ်သည်။ သန်းခေါင်စာရင်းသည် အားလုံးနှင့်သက်ဆိုင်သည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများက နည်းပညာ အပါအဝင် သန်းခေါင်စာရင်းလုပ်ငန်းကို အထောက်အပံ့ဖြစ်စေမည့်ရင်းမြစ်များကို အကျိုးရှိရှိမျှဝေသုံးစွဲ ကြရန်ကိုလည်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက က အထက်ပါ အစည်းအဝေးတွင်မှာကြားခဲ့သည်။

၂၀၂၄ ခုနှစ်တွင်  ကောက်ယူမည့်  လူဦးရေနှင့်အိမ်အကြောင်းအရာ  သန်းခေါင်စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်၊ နိုင်ငံတော်ဘတ်ဂျက်နှင့် အစိုးရဝန်ကြီးဌာနများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက်အသုံးဝင်သည့် အချက်အလက်များဖြစ် သည့်အတွက်  လုပ်ငန်းစဉ်တစ်ခုလုံးပြီးမြောက်အောင်မြင်ရေးကို  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။