လူငယ်တိုင်း ဗလငါးတန်ပြည့်ဝရေး(စာရိတ္တဗလ)

 

လူငယ်တိုင်း ဗလငါးတန်ပြည့်ဝရေး(စာရိတ္တဗလ)

နိုင်ငံတစ်ဝန်းမှာရှိတဲ့ ကျောင်းတွေမှာ ဗလငါးတန်ဖွံ့ဖြိုးရေးနဲ့ လူငယ်အသိပညာပေး ဟောပြောပွဲတွေ ကျင်းပနေတာမြင်ရတော့ မျိုးဆက်သစ်လူငယ်တွေအတွက် ဝမ်းသာမိပါတယ်။  ပိုပြီးဝမ်းသာမိတာကတော့ ပါဝင်ဆွေးနွေးကြတဲ့ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့တက်ကြွတဲ့ ဟန်ပန်အမူအရာ၊ လေယူလေသိမ်း၊ ပြေပြစ်တဲ့စကား အပြောအဆိုတွေကို မြင်တွေ့ရတာပဲ ဖြစ်ပါတယ်။   စာရေးသူကဗလငါးတန်အကြောင်းနဲ့ ပတ်သက်ပြီး ရေးသားနေတာဖြစ်လို့ ကာယဗလအကြောင်း၊ ဉာဏဗလအကြောင်း ရေးသားခဲ့ပြီးပါပြီ။ အခုအခါမှာတော့ ဗလငါးတန်ထဲမှာ အဓိကအခြေခံဖြစ်တဲ့ စာရိတ္တဗလအကြောင်းကိုပြောပြမှာ ဖြစ်ပါတယ်။

စာရိတ္တဗလကိုအမြင်သာဆုံး၊ အလွယ်ကူဆုံး ဥပမာပြောပြရရင် ခရီးတစ်ခုသွားတဲ့အခါ လေယာဉ်မောင်းသူ၊ မော်တော်ယာဉ်မောင်းသူ၊ ရေယာဉ်မောင်းသူတွေဟာ ရည်မှန်းချက်ခရီးကိုရောက်အောင် ပို့ဆောင်ပေးနိုင်သူတွေ  ဖြစ်ပါတယ်။ အဲလိုပါပဲ  စာရိတ္တဗလဆိုတာ  လူငယ်မောင်မယ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရည်မှန်းချက်ကိုရောက်အောင် ပို့ပေးနိုင်တဲ့အရာဖြစ်ပါတယ်။  ဆရာဝန်ဖြစ်ချင်သလား၊ အင်ဂျင်နီယာဖြစ်ချင်သလား၊ တပ်မတော်အရာရှိ ဖြစ်ချင်သလားဖြစ်အောင် ကြိုးစားလို့ရပါတယ်။   သို့သော်စာရိတ္တကောင်းဖို့ လိုပါတယ်။  စာရိတ္တမကောင်းဘူးဆိုရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

စာရိတ္တဆိုတာ လူတွေရဲ့ကိုယ်ကျင့်တရားပါပဲ။ ကိုယ်ကျင့်တရားဟာလူတစ်ဦးစီရဲ့ အသက်သွေးခဲဖြစ်ပါတယ်။ စာရိတ္တကောင်းသူဟာ    လူကောင်းဖြစ်မယ်။

နိုင်ငံတော်က အားထားရမယ့်သူဖြစ်မယ်။ စာရိတ္တမကောင်းတဲ့သူ၊ ယိုယွင်းပျက်စီး နေသူဟာ   လူဆိုးသူခိုးပဲဖြစ်ပါလိမ့်မယ်။ အများပြည်သူတွေကို အနှောင့်အယှက် ပေးနိုင်တဲ့သူ၊ နိုင်ငံတော်ကိုအန္တရာယ်ပြုနိုင်သူတွေသာဖြစ်ပါလိမ့်မယ်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီက  ပြုစုပျိုးထောင်ရမယ့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်မှာ စာရိတ္တဗလဟာ  အမွန်မြတ်ဆုံး၊  အရေးအကြီးဆုံး ဗဟိုမဏ္ဍိုင်ဖြစ်ပါတယ်။

ဒီကနေ့ လူငယ်တွေကို ဗလငါးတန်နဲ့ဘာလို့ပြည့်စုံစေချင်တာလဲဆိုရင် အနာဂတ်မှာ ခေါင်းဆောင်ဖြစ်လာကြမယ့် သူတွေမို့လို့ပါပဲ။ မိဘတိုင်းက  သားသမီးတိုင်းကို ဆင်စီးပြီးမြင်းရံတာကိုပဲ မြင်တွေ့ချင်ကြတဲ့ဆန္ဒတူညီရှိကြပါတယ်။ ဘယ်မိဘကမှ မိမိရဲ့သားသမီးဆင်နင်းလို့ မြင်းကန်ခံရတာမျိုး မဖြစ်စေချင်ပါဘူး။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ထို့အတူပါပဲ။ မိမိတို့ရဲ့ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်တွေကို နိုင်ငံ့သားကောင်းလေးတွေ ဖြစ်စေချင်ပါတယ်။ ဖြစ်စေချင်လွန်းလို့လည်း ပြုစုပျိုးထောင်ပေးနေတာဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူကလေးအရွယ်က စတင်ကာ အသိပညာ၊ အတတ်ပညာတွေကိုဆည်းပူးရင်း စာရိတ္တကောင်းမွန်အောင် ကျင့်ကြံနေထိုင်သွားကြရပါမယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ လူငယ်တွေနဲ့ပတ်သက်လို့ ဦးတည်ချက်တစ်ရပ်ကို ထင်ထင်ရှားရှားသတ်မှတ်ထားပါတယ်။ ဒါကဘာလဲဆိုရင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့်  အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့ဦးတည်ချက်ဖြစ်ပါတယ်။   လူငယ်များရဲ့တန်ဖိုးကို နိုင်ငံတော်က အသိအမှတ်ပြုသလို လူငယ်များအနေနဲ့ကလည်း ဗလငါးတန်နဲ့ပြည့်စုံတဲ့လူငယ်တွေဖြစ်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ကြိုးစားကြရမှာဆိုတာက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်တွေ အတွက်ပါပဲ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့သည်ကနေ့ကာလမှာ မိမိမကြိုးစားရင်မိမိကျန်ခဲ့မှာပဲ။  ဒါကတော့ တကယ့် အမှန်တရားပါပဲ။ မကြိုးစားတဲ့သူ၊ ဗလငါးတန်မပြည့်ဝတဲ့သူဟာ  ဗလငါးတန်ပြည့်ဝတဲ့သူ၊ ကြိုးစားတဲ့သူရဲ့နောက်မှာနေရမှာဖြစ်ပါတယ်။ ဒါကမိမိကိုယ်တိုင်လုပ်ဆောင်လိုက်တဲ့ အချက်ပါပဲ။

စာရိတ္တဗလဆိုတာဘာလဲလို့မေးရင် အလွယ်ကူဆုံးဖြေရမယ်ဆိုရင် ငါးပါးသီလကို လုံခြုံစွာစောင့်ထိန်းနိုင်ခြင်းလို့ပဲ အနှစ်ချုပ်ပြောချင်ပါတယ်။ သူတစ်ပါးအသက်ကိုအကြောင်းမဲ့သက်သက်မသတ် ဖြတ်ဘူး၊ သတ်ဖြတ်လိုတဲ့စိတ်မမွေးရဘူး။ ဒီနေရာမှာ လူငယ်တွေဘက်ကနေ မေးခွန်းထုတ်စရာရှိမှာပေါ့။ ကျွန်တော့်အသက်ကိုလာပြီးရန်ရှာတဲ့သူကို   ကျွန်တော်က ခေါင်းငုံ့ခံရမှာလားလို့။ ဒီလိုတော့မဟုတ်ပါဘူး။ မိမိအသက်ကိုရန်ရှာလာရင်တော့ ဘယ်သူကမှခေါင်းငုံ့ မခံခိုင်းပါဘူး။ အထူးသဖြင့် မိမိနိုင်ငံ၊ မိမိလူမျိုးကို လာရောက်စော်ကားတဲ့ သူတွေကိုတော့ ခေါင်းငုံ့ခံလို့မရပါဘူး။   လောကဗျူဟာကျမ်းမှာရေးထားတဲ့ စစ်သည်တို့၏သစ္စာလေးပါးမှာ ပထမဦးဆုံးကတော့ မိမိတိုင်းပြည်နှင့်မိမိလူမျိုးအတွက် ပါဏာတိပါတာကံကို ခံယူခြင်းလို့ ဖော်ပြထားပါတယ်။

ကျောင်းသား၊   ကျောင်းသူလူငယ်မောင်မယ်ဆိုတာ  ရိုးသားနေရပါမယ်။ကြိုးစားနေရပါမယ်။ သူတစ်ပါးပစ္စည်းကို မခိုးဘူး။ စာသင်ချိန်မှာ စာကိုပဲစိတ်ဝင်စားမယ်။ အချစ်အကြောင်းတွေ စိတ်မဝင်စားဘူး။ လိမ်ညာမပြောဘူး။ ငယ်ငယ်ရွယ်ရွယ်ဘဝလမ်းဆုံးစေမယ့် မူးယစ်စေတတ်တဲ့ အရာမှန်သမျှ ရှောင်ကြဉ်မယ် ဆိုရင် ဒါဟာစာရိတ္တဗလခိုင်မာတာပါပဲ။

စာရိတ္တဗလခိုင်မာပြီး ရိုးသားဖြောင့်မတ်သူဟာ ချစ်သူခင်သူနဲ့မိတ်ဆွေကောင်းတွေပေါများပြီး ကြီးပွားတိုးတက်မှာ အမှန်ပါပဲ။ စာရိတ္တဗလမခိုင်မာသူ၊ မရိုးသားသူဟာ  ပညာတတ်လေလေ အကျိုးယုတ်လေလေဖြစ်နေမှာပါ။ ဒါ့ကြောင့် ကျောင်းသား၊ ကျောင်းသူ   လူငယ်မောင်မယ်တွေကို စာရိတ္တဗလပြည့်ဝ စေချင်ပါတယ်။ စာရိတ္တဗလဆိုတာ   ကိုယ်ကျင့်သီလထိန်းသိမ်း စောင့်ရှောက်ခြင်း ဖြစ်တဲ့အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်မောင်မယ်တိုင်းက စောင့်ထိန်းမယ်ဆိုရင် အနာဂတ်ကာလမြန်မာ့လူ့အဖွဲ့အစည်းဟာ   ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ မကောင်းမှုပြုရမှာကို ကြောက်ခြင်း၊ မကောင်းမှုလုပ်ဆောင်ရမှာကို ရှက်ခြင်းဆိုတဲ့   စာရိတ္တကောင်းတွေ ပိုင်ဆိုင်မယ်ဆိုရင် ဒီကနေ့မြန်မာ့နိုင်ငံရေး ခရီးရဲ့ပန်းတိုင်ဖြစ်တဲ့ စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဆိုတာလည်း ခိုင်ခိုင်မာမာရှိနေမှာ ဖြစ်ပါတယ်။

စာရိတ္တဗလချို့ယွင်းနေတဲ့   လူငယ်မောင်မယ်များ   ကြီးပြင်းလာခဲ့သော် နိုင်ငံတော်အတွင်း ငြိမ်းချမ်းသာယာမှုကို ပျက်ပြားစေပြီး နိုင်ငံတော်ရဲ့ ကောင်းကျိုးတွေ ဆုတ်ယုတ်စေမှာ ဖြစ်ပါတယ်။ နိုင်ငံတော် တစ်ဝန်းလုံး  ငြိမ်းချမ်းသာယာ၍  အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့၊ တိုင်းရင်းသားအချင်းချင်း ခင်မင်ချစ်ကြည်ဖို့၊ ပြည်ထောင်စုကြီးတည်တံ့ သာယာဝပြောဖို့ဆိုရင် ကျောင်းသား၊ ကျောင်းသူကအစ လူငယ် မောင်မယ်များအလယ်၊ သက်ရွယ်ကြီးသူများအဆုံး စာရိတ္တဗလပြည့်ဝနေကြဖို့ လိုပါတယ်လို့ ပြောကြားချင်ပါတယ်ခင်ဗျာ။   ။

အာကာမောင်မောင်