နည်းပညာတိုးတက်လာပြီ . . . လနဲ့နေနှစ်ပါးစုံညီ . . . လေ့လာရေး အိန္ဒိယစတင်ပြီ

နည်းပညာတိုးတက်လာပြီ . . . လနဲ့နေနှစ်ပါးစုံညီ . . . လေ့လာရေး အိန္ဒိယစတင်ပြီ

အကယ်၍ အာရှတိုက်ရှိ နိုင်ငံအများ အပြားအနေနဲ့  တစ်ချိန်တစ်ခါတုန်းက သူ့ကျွန်ဘဝကို မရောက်ခဲ့ရဘူးဆိုရင် အခုချိန်မှာ အနောက်အင်အားကြီးနိုင်ငံများနဲ့  ရင်ပေါင်တန်းနိုင်နေလောက်ပြီ။

သူ့ကျွန်ဘဝရောက်ခဲ့တော့ အရာရာမှာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျခဲ့ရတယ်။ ပျက်စီး သွားတဲ့ ပြည်သူတွေရဲ့စာရိတ္တနဲ့ အသိပညာ၊ အတတ်ပညာကို အဆင့်အတန်းမြင့်မားလာစေဖို့ အချိန်တော်တော်ကြာကြာပေးဆပ်ခဲ့ရတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်မှာ အာရှတိုက်ကနေ ကမ္ဘာ့အင်အားကြီး နိုင်ငံများကို အန်တုယှဉ်ပြိုင် ရင်ဆိုင်နိုင်တဲ့ နိုင်ငံကြီးတွေ ထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီနိုင်ငံကြီးတွေထဲ မှာ အိန္ဒိယနိုင်ငံလည်း တစ်နိုင်ငံအဖြစ်ပါဝင် ပါတယ်။

အိန္ဒိယနိုင်ငံဟာ  မကြာသေးခင်ကပဲ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံအဖြစ်ကို ရောက်ရှိသွားခဲ့သလို  နည်းပညာပိုင်းမှာလည်း အရှိန်အဟုန်နဲ့ တိုးတက်လာတာမြင်တွေ့ကြမှာပါ။

ဒီလိုတိုးတက်မှုရဲ့ပြယုဂ်အဖြစ် လပေါ်ကို လေ့လာရေးယာဉ်တစ်စင်း အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သလို ဒီကနေ့ စက်တင်ဘာ ၂ ရက်မှာ နေကိုလေ့လာမယ့် အာကာသ ယာဉ်နောက်တစ်စင်းကို ထပ်မံလွှတ်တင် နိုင်ခဲ့ပါတယ်။

အခုလိုမျိုးလွှတ်တင်နိုင်မှုဟာ အိန္ဒိယနိုင်ငံအတွက် ပထမဆုံးအကြိမ်ဖြစ်သလို ဒီလိုပထမဆုံးအကြိမ် လွှတ်တင်မှုကလည်း အောင်မြင်သွားပါတယ်။

သူတို့ရဲ့   နေလေ့လာရေးအာကာသယာဉ်ကို   အာဒိတယာ (မြန်မာလိုဆိုရင် နေမင်းကြီးလို့  အဓိပ္ပာယ်ရပါတယ်)လို့ နာမည်ပေးထားပြီး ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ အချိန်မှာ ဆာတစ်ဒါဝမ် အာကာသဌာနချုပ်ကနေ    ဝင်ရိုးစွန်းဂြိုဟ်တုလွှတ်တင်ရေးယာဉ် (PSLV) ကို အသုံးပြုပြီး လွှတ်တင် လိုက်တာပါ။

PSLV က အာဒိတယာကိုသယ်ဆောင် ထွက်ခွာပြီးနောက် ၆၃ မိနစ်ခန့်အကြာမှာ အာကာသယာဉ်ကို မူလအစီအစဉ်အတိုင်း ကမ္ဘာပတ်လမ်းအနိမ့်ထဲမှာ ခွဲထုတ်ထားခဲ့ နိုင်ပါတယ်။

အခုဆိုရင် အာကာသယာဉ်က ကမ္ဘာပတ်လမ်းထဲမှာ  လှည့်ပတ်နေပြီး အချိန်တစ်ခုကျရင်တော့ ကမ္ဘာပတ်လမ်းမှခွဲထွက်ကာ နေဆီကို ဦးတည်သွားတော့မှာ ဖြစ်ပါတယ်။

အိန္ဒိယတို့လွှတ်တင်လိုက်တဲ့ လလေ့လာရေးယာဉ်က သြဂုတ် ၂၃ ရက်မှာ လရဲ့တောင်ဝင်ရိုးစွန်းမှာ ညင်သာစွာဆင်းသက်လိုက်နိုင်ပါတယ်။

အဲဒီအချိန်တုန်းက လပေါ်မှာ ရာသီဥတုအခြေအနေပြင်းထန်လွန်းတဲ့အတွက် လေ့လာရေးယာဉ်အနေနဲ့ ပျက်ကျသွား နိုင်တယ်လို့ အများက မျှော်လင့်ခဲ့ကြတာပါ။

ဒါပေမဲ့လည်း မထင်မှတ်ထားလောက်အောင် အံ့သြဖို့ကောင်းစွာပဲ လေ့လာရေးယာဉ်က   ညင်သာစွာဆင်းသက်နိုင်တာ တွေ့ရပါတယ်။ ဒါဟာ မမျှော်မှန်းထားတဲ့ အောင်မြင်မှုပါ။

အခုအချိန်မှာတော့ အာဒိတယာရဲ့ ခရီးလမ်းရှည်ကြီးက နေဆီကိုသွားဖို့အတွက် စတင်လိုက်ပါပြီ။ ကမ္ဘာပတ်လမ်း အနိမ့်မှာ ရောက်ရှိနေတဲ့ အာဒိတယာက စစ်ဆေးမှုတွေများစွာ လုပ်ပြီးတဲ့နောက်မှာ ကမ္ဘာကနေ မိုင်ပေါင်း ၁ သန်းခန့် အကွာအဝေးမှာရှိတဲ့နေရာဆီ ဦးတည်ပျံသန်းသွားမှာပါ။

အဲဒီနေရာက ဆွဲငင်အားတည်ငြိမ်တဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေရာကိုတော့ Langrage Point 1 (L1) လို့ နာမည်ပေးထားပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်  Langrage Point ဆိုတာ အာကာသထဲရှိ အဆင်ပြေပြေ ရပ်နားနေလို့ ရတဲ့နေရာကို ခေါ်တာပါ။

အလေးချိန် ပေါင် ၃၂၆၀ ရှိတဲ့ အာဒိတယာက အဲဒီနေရာကိုရောက်ရှိဖို့အတွက် အချိန်အားဖြင့် လေးလခန့်ကြာအောင် ခရီးနှင်ရမှာဖြစ်ပါတယ်။ ဒါတောင်မှ အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်လာဦးမှပါ။

L1 နားမှာရှိတဲ့ပတ်လမ်းမှာ အာကာသယာဉ်ကိုနေရာချထားရတာ အဓိကအားသာချက်ကြီးတစ်ခုကြောင့်ပါ။ အဲဒါကတော့ ဘယ်လိုမြင်ကွင်းမျိုးမှပိတ်ဆို့လာစေခြင်း မရှိဘဲ နေကိုအဆက်မပြတ် စောင့်ကြည့် နေနိုင်ခြင်းပါပဲ။ ဒီလိုစောင့်ကြည့်နိုင်ခြင်းကြောင့် နေရဲ့လှုပ်ရှားမှုအ၀၀နဲ့ သူ့ကြောင့်အာကာသရဲ့ ရာသီဥတုအပေါ် သက်ရောက်မှုတွေကို အချိန်နဲ့တစ်ပြေးညီသိရှိနိုင်မှာပါလို့ အိန္ဒိယ အာကာသသုတေသန အဖွဲ့က ပြောပါတယ်။

အာဒိတယာအနေနဲ့ L1 နေရာကိုရောက်ရှိ   အခြေချပြီးပြီဆိုတာနဲ့   သူ့ပတ်ဝန်းကျင်မှာရှိတဲ့ အမှုန်များနဲ့ သံလိုက်စက်ကွင်းများကို လေ့လာဖို့အတွက် သိပ္ပံကိရိယာသုံးမျိုးကို အသုံးပြုပါလိမ့်မယ်။

ဒါ့အပြင် နေရဲ့အလင်းဝန်းလို့လူသိများတဲ့ နေရဲ့မျက်နှာပြင်နဲ့ လေထုလွှာကို လေ့လာဖို့အတွက် နောက်ထပ် ကိရိယာလေးမျိုးကို အသုံးပြုသွားမှာပါ။

ဒီလိုလေ့လာခြင်းအားဖြင့် နေအလင်းရောင်လှုပ်ရှားမှုများနဲ့ နေကထွက်ရှိတဲ့ ဓာတ်ငွေ့တို့ရဲ့  လှုပ်ရှားမှုများ အပါအဝင် နေရဲ့လုပ်ဆောင်မှုကို သိပ္ပံပညာရှင်များက ပိုမိုနားလည်လာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်နှစ်ခုစလုံးက ကျွန်တော်တို့ ကမ္ဘာအပေါ် ရိုက်ခတ်မှုနဲ့သက်ရောက်မှုရှိပါတယ်။ ပလစမာဓာတ်ငွေ့များ ပြင်းထန်စွာပေါက်ကွဲခြင်းကြောင့်    ကမ္ဘာ့သံလိုက်မုန်တိုင်းများ ဖြစ်ပေါ်စေပြီး ဂြိုဟ်တုလမ်းညွှန်စနစ်များနဲ့   ဓာတ်အားလိုင်းများအပေါ် အဟန့်အတား ဖြစ်စေပါတယ်။

နောက်တစ်ချက်က နေရဲ့လေထုအလွှာက နေရဲ့မျက်နှာပြင်ထက် ဘာကြောင့်အပူချိန်ပိုများနေရတာလဲဆိုတဲ့ အကြောင်းရင်းကို အာဒိတယာကရှာဖွေသွားမှာပါ။

NASA ရဲ့ထုတ်ပြန်ချက်အရဆိုရင် နျူကလီးယားပေါက်ကွဲမှုများကြောင့် စွမ်းအင်ထွက်ရှိစေတဲ့  နေရဲ့မျက်နှာပြင် အပူချိန်က ၅၅၀၀ ဒီဂရီစင်တီဂရိတ်သာရှိချိန်မှာ နေရဲ့လေထုအလွှာအပူချိန်က ၁ ဒသမ ၁ သန်းဒီဂရီစင်တီဂရိတ်ရှိနေပါတယ်။

အိန္ဒိယနိုင်ငံဟာ အာကာသလေ့လာရေးနဲ့ပတ်သက်လာရင် အတတ်နိုင်ဆုံးချွေတာနိုင်တယ်ဆိုတာ အားလုံးအသိဖြစ် ပါတယ်။ အခုနေကိုလေ့လာရာမှာလည်း ကုန်ကျငွေစုစုပေါင်းက အမေရိကန်ဒေါ်လာ ၄၆ သန်းမျှသာရှိပါတယ်။

NASA ကလွှတ်တင်ထားတဲ့ ပါကာဆိုလာလေ့လာရေးယာဉ်လွှတ်တင်မှုအတွက် စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ ဘီလီယံခွဲရှိတာကို တွေ့ရပါတယ်။ ဒါဟာ အဆပေါင်းများစွာ ကွာလွန်းနေတာပါ။ ထားပါတော့လေ။ အဓိကပြောချင်တာက အဲဒါမဟုတ်ပါဘူး။

အခုဆိုရင် အိန္ဒိယနိုင်ငံဟာ နည်းပညာအရာမှာ ထိပ်တန်းအဆင့်ကိုရောက်ရှိလို့ လာနေပါပြီ။ သူသည် တစ်ချိန်က ဘယ်လိုမျိုးဒုက္ခတွေပဲ ရင်ဆိုင်ခဲ့ရပါစေ၊ မလျှော့သော ဇွဲ၊ လုံံ့လနဲ့ ရည်မှန်းချက်ပန်းတိုင်တစ်ခုဆီ ဦးတည်ချီတက်လာခဲ့တာပါ။ လက်ရှိအချိန်မှာတော့   အဲဒီရည်မှန်းချက်ပန်းတိုင်ဆီရောက်ရှိနိုင်ဖို့ မဝေးတော့ပါဘူး။

မည်သို့ပင်ဆိုစေကာမူ အိန္ဒိယနိုင်ငံ၏အောင်မြင်မှုသည် အာရှတိုက်၏အောင်မြင်မှုအဖြစ်သတ်မှတ်နိုင်သလို မိမိတို့အနေနဲ့လည်း ဒီအောင်မြင်မှုကို အသိအမှတ်ပြုချီးကျူးပြီး လက်ခုပ်တီးပေးရမည်မှာ အမှန်ပင် ဖြစ်ပါတော့တယ်။      

  Ref: Space