ရထားဥသြသံညံစေချင် တို့မြန်ပြည်တစ်ခွင်

ရထားဥသြသံညံစေချင် တို့မြန်ပြည်တစ်ခွင်

မြန်မာနိုင်ငံ၏   ပို့ဆောင်ရေးကဏ္ဍအစပျိုးမှုကိုကြည့်မည်ဆိုလျှင် ရှေးယခင်က နယ်ချဲ့အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို ကိုလိုနီအဖြစ် ကျွန်ပြုအုပ်ချုပ်ခဲ့စဉ်က ၎င်းတို့၏ အကျိုးစီးပွားကို အထောက်အကူဖြစ်စေသည့် ရထားလမ်း၊ ကားလမ်းများကိုသာ ဦးစားပေးဖောက်လုပ်ခဲ့ကြောင်း တွေ့ရှိရပြီး နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ရေးဟူသော ရည်ရွယ်ချက်ကောင်းများ မရှိခဲ့သည့်အတွက် ကိုလိုနီခေတ်နှင့် လွတ်လပ်ရေး ရပြီးနောက်ပိုင်း ကာလတစ်လျှောက်လုံး နယ်မြေဒေသအများစုသည်   လမ်းပန်းဆက်သွယ်မှုခက်ခဲ၍ ဖွံ့ဖြိုးမှုနောက်ကျ ကျန်ခဲ့ကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

၁၈၇၇ ခုနှစ် မေ ၁ ရက်တွင် ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ် ပြေးဆွဲခဲ့ခြင်းနှင့်အတူ မြန်မာနိုင်ငံတွင် ရထားလုပ်ငန်း ပေါ်ထွန်းခဲ့သည်မှာ ၁၄၆ နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါသည်။ မြန်မာ့မီးရထား ဌာနကြီးသည် ရှည်လျားလှသည့် သမိုင်းကြောင်းနှင့်အတူ ရထားပြေးဆွဲခြင်းလုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးရင်း အခက်အခဲများစွာကို ရင်ဆိုင်ကျော်လွှားခဲ့သည့် အောင်မြင်မှု၊ ဆုံးရှုံးမှုများ အစရှိသည့် အတွေ့အကြုံများစွာဖြင့် ဖြတ်သန်းခဲ့သည့် ဌာနကြီးတစ်ခုဖြစ်ပါသည်။  အထူးသဖြင့် အများစုဖြစ်သော အခြေခံလူတန်းစားပြည်သူများအတွက်   ယနေ့ထက်တိုင်အကျိုးပြုလျက်ရှိပေသည်။  စရိတ်စကသက်သာစွာ  ခရီးသည် အများအပြားကို ခရီးနီးနီးဝေးဝေး သက်သောင့်သက်သာဖြင့် လိုရာခရီးသို့ ပို့ဆောင်ပေးလျက်ရှိပါသည်။ ကုန်စည်အများအပြားကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ စရိတ်ကျဉ်းကျဉ်းဖြင့် အချိန်တိုအတွင်း ပို့ဆောင်ပေးလျက်ရှိပါသည်။ ဤသည်ကား မိမိတို့နိုင်ငံအတွင်း နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းဖြစ်သော  မြန်မာ့မီးရထား၏ ထူးခြားသော ဝိသေသများပင်ဖြစ်ပါသည်။

ရထားလမ်းခရီးမိုင်နှင့် ဘူတာရုံများ

မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က ရထားလမ်း တိုးချဲ့ဖောက်လုပ်နိုင်ခဲ့မှုများအနေဖြင့် ရထားလုပ်ငန်း စတင်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်ခန့်နှင့် ဘူတာရုံပေါင်း ၄၇၆ ခု တည်ရှိခဲ့ရာ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရထားလမ်းခရီးမိုင် ၅၄ မိုင်ခန့်နှင့် ဘူတာရုံ ၁၁ ခု တိုးတက် တည်ဆောက်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင်ခန့်နှင့် ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ ဖောက်လုပ်တည်ဆောက်နိုင်ခဲ့သည့်အတွက် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင်စုစုပေါင်း ၃၈၀၀ မိုင် ကျော်ခန့်နှင့် ဘူတာရုံပေါင်း ၉၆၀ ခု ရှိနေပြီဖြစ်ကြောင်း  တွေ့ရှိရပါသည်။

ဌာနကြီးများဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းတာဝန်များ

အဆိုပါရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့မီးရထားတွင် ရထားပို့ဆောင်ရေး လုပ်ငန်းကို ပင်မလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ရသည့် ဌာနကြီးသုံးခု၊ စီမံခန့်ခွဲရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ရထားပြေးဆွဲရေး လုပ်ငန်းများအပေါ် ပံ့ပိုးကူညီပေးရသည့်     ဌာနကြီးရှစ်ခုနှင့် စက်ရုံကြီးသုံးရုံတို့ဖြင့် ဖွဲ့စည်းထားရှိပြီး ဌာနကြီးများအလိုက်  တာဝန်ထမ်းဆောင်နေကြသော   ဌာနအကြီးအကဲများ၊ အရာထမ်း/အမှုထမ်းများ အားလုံးတွင် ကိုယ်စီလုပ်ငန်း တာဝန်ဝတ္တရားများ စနစ်တကျပေးအပ်ထားရှိပါသည်။ ဝန်ထမ်းတစ်ဦးချင်းစီတိုင်းက မတူညီသော လုပ်ငန်းတာဝန် အသီးသီးကို ထမ်းဆောင်နေကြရသော်လည်း  တူညီသောရည်မှန်းချက် ထားရှိကြခြင်းက  ရထားပို့ဆောင်ရေးဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းကို အသက်ဝင်စေလျက် ရှိနေပါသည်။

ရထားတစ်စင်း ပြေးဆွဲနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးရှိ  ဝန်ထမ်း များက ကိုယ်စီတာဝန်ယူ ဆောင်ရွက်ကြမှုများကို အကျဉ်းမျှ မိတ်ဆက်တင်ပြလိုပါသည်။ မီးရထားတစ်စင်းထွက်ခွာနိုင်ရန် ဆောင်ရွက်ရသော  အဆင့်များစွာရှိပါသည်။ အဓိကကျသည့်  ဌာနကြီးသုံးခု ဖြစ်သော သွားလာ၊ စက်မှု၊ မြို့ပြဌာနများမှ ဝန်ထမ်းအသီးသီးတို့က ညီညွတ်စွာနှင့် ဟန်ချက်ညီညီ ဆောင်ရွက်ကြရပါသည်။ မိမိအဆင့်အလိုက်၊ လုပ်ငန်းတာဝန်အလိုက်လုပ်ဆောင်ရမည့်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် လိုပါသည်။ ဝန်ထမ်းအသီးသီးသည် သက်ဆိုင်ရာကိုယ်စီတာဝန်ကို ထမ်းဆောင်နိုင်ရန် ကနဦးအစတွင် ပညာရပ်ဆိုင်ရာသင်တန်းများကို အချိန်ကာလတစ်ခုကြာ  သင်ကြားလေ့ကျင့်ရခြင်း၊ လုပ်ငန်းခွင်အကြို လေ့လာမှုများ ပြုလုပ်ရခြင်း၊ အတွေ့အကြုံပေါ်မူတည်၍ ဆင့်ကဲရာထူးတိုးမြှင့်ထမ်းဆောင်ရခြင်းများ ပြုလုပ်ရပါသည်။  ထိုသို့ဆောင်ရွက်နိုင်မှသာလျှင် ရထားတစ်စင်းသည် ခရီးစဉ်အစ၊ အလယ်၊ အဆုံး ချောမောစွာပြေးဆွဲနိုင်ပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ လိုရာခရီးကို ပို့ဆောင်နိုင်မည်ဖြစ်ပါသည်။

ရထားတစ်စင်းထွက်ခွာနိုင်ရန် ဆောင်ရွက်ရသည့်လုပ်ငန်းဆောင်တာများ

ရထားတစ်စင်းထွက်ခွာနိုင်ရေးအတွက် စက်မှုဌာနမှ ဝန်ထမ်းများသည် ရထားစက်ခေါင်းအား စက်ခေါင်းစက်ရုံသို့သွင်း၍ ကြံ့ခိုင်မှုများစစ်ဆေးခြင်း၊ ဆီဖြည့်ခြင်းများ ပြုလုပ်ရပါသည်။ စက်ခေါင်းတစ်ခေါင်းအား နေ့စဉ်စစ်ဆေးခြင်း၊ ခုတ်မောင်းချိန်နာရီအလိုက် စစ်ဆေးခြင်းနှင့် အကြီးတန်းပြုပြင် စစ်ဆေးခြင်း စသည်တို့ကို တာဝန်ယူပြုလုပ်ကြရပါသည်။ အလှည့်ကျစက်ခေါင်းမောင်း (စက်ဗိုလ်)နှင့် လက်ထောက်စက်ခေါင်းမောင်း(မီးထိုး/ဆီလောင်း)တို့သည် ရထားမထွက်ခွာမီ မိနစ် ၄၀ အလိုတွင် စက်ခေါင်းရှိရာသို့ရောက်ရှိပြီး  လက်ခံမှုပြုလုပ်ရပါသည်။ အလားတူ တွဲပြင်ဌာနမှ တာဝန်ရှိသူများသည် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဌာနများက တောင်းခံထားသည့် တွဲအမျိုးအစားနှင့် အရေအတွက်များအတိုင်း တွဲစီယာဒ်ဝင်းအတွင်း တွဲဆိုင်းဖွဲ့ဆင်မှုကို  ကြိုတင်ဆောင်ရွက်ရပြီး တွဲသန့်ရှင်းရေးပြုလုပ်ခြင်း၊  တွဲအောက်ပိုင်းကြံ့ခိုင်ရေးစစ်ဆေးခြင်းများ    ပြုလုပ်ပြီး ရထားထွက်ခွာမည့်  အချိန်မတိုင်မီ ၁ နာရီအလိုခန့်တွင် တွဲရွှေ့စက်ခေါင်းနှင့် ချိတ်ဆက်၍ ဘူတာအတွင်း ပြေးလမ်း ပေါ်သို့   ပို့ဆောင်ပေးထားရပါသည်။

ထိုသို့ပြင်ဆင်ထားသည့် တွဲဆိုင်းကို အသင့်ပြင်ဆင်ထားသည့် စက်ခေါင်းမှလာရောက်ချိတ်ဆက် ဆောင်ရွက်ရပါသည်။ ဘူတာတွင်ထွက်ခွာရန်ပြင်ဆင်ထားသော ရထားအား စက်ဗိုလ်(စက်ခေါင်းမောင်း)နှင့် ဂတ်ဗိုလ်(ရထားထိန်း)တို့ပူးပေါင်းပြီး တွဲဆိုင်းအား စစ်ဆေးခြင်း၊ လေဘရိတ် သို့မဟုတ် လေဟာဘရိတ် စသည်ဖြင့် ပါဝါရရှိမှုတို့အား စစ်ဆေးပြီး ရထားထွက်ခွာနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရပါသည်။ အားလုံးပြည့်စုံပြီးနောက် သတ်မှတ်အချိန်တွင် ခရီးသည်များအား ဝင်ခွင့်ပေးပြီးနေရာယူစေပါသည်။

သွားလာရေးဌာနမှ  ရုံပိုင်သည် ရထားမထွက်ခွာမီ ပထမဦးဆုံး ဆိုက်ရောက်မည့်ဘူတာသို့ ရထားအား လက်ခံနိုင်ခြင်း ရှိ/မရှိမေးမြန်း၍  လမ်းရှင်းတောင်းခံပြီး ရထားအား သတ်မှတ်အချိန် ထွက်ခွာနိုင်ရန် ဆောင်ရွက်ကြရပါသည်။

မြို့ပြဌာနမှ ဇာဝီလှည့်(လမ်းလျှောက်)ဝန်ထမ်းများသည် ယင်းအားသတ်မှတ်တာဝန်ပေးထားသည့် ၄ မိုင်ရှိသော ရထားလမ်းပိုင်းအား သံလမ်း၊ ဇလီဖား၊ လမ်းခင်းကျောက်များ ပုံမှန်ဖြစ်/မဖြစ်၊ သံလမ်းထိန်းကလစ်များပြည့်စုံမှု ရှိ/မရှိ၊ သံလမ်းကြံ့ခိုင်မှုတစ်စုံတစ်ရာ လျော့နည်းနေခြင်း ရှိ^မရှိ တို့ကို နေ့စဉ်နံနက် စောစောတွင် အသွားအပြန်စစ်ဆေးမှုပြုလုပ်ရပါသည်။ 

လမ်းပိုင်းအလိုက် တာဝန်ကျအငယ်တန်းအင်ဂျင်နီယာ(သံလမ်း)များသည် ရထားလမ်းနှင့်တံတားများ၏   ကြံ့ခိုင်မှုအနေအထားပေါ် မူတည်၍ ဖြတ်သန်းခွင့်ပြု/မပြုနှင့် ဖြတ်သန်းသင့်သောမိုင်နှုန်းများ စိစစ်သတ်မှတ် ပေးရပါသည်။  ရထားမောင်းနှင်ထွက်ခွာနေစဉ် အတွင်းမှာလည်း သွားလာပို့ဆောင်ရေးဌာန၏ ရထား ကြီးကြပ်ရေးရုံးများက   သက်ဆိုင်ရာ နယ်မြေအလိုက် ရထားသွားလာမှုများကို တိုက်ရိုက်ကြီးကြပ် စောင့်ကြည့်ပြီး မှတ်တမ်းတင်ခြင်း၊ ရထားလမ်းတစ်ခုတည်းပေါ်တွင် ပြေးဆွဲနေသော ရထားတစ်စင်းနှင့် တစ်စင်း ဘူတာများ၌ဆုံခြင်း၊ ကျော်ခြင်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ သတ်မှတ်ရထား အချိန်ဇယား များအတိုင်း မှန်ကန်စေရန် ထိန်းညှိပေးခြင်းတို့ကို ဆောင်ရွက်ကြရပါသည်။

ရထားတစ်စင်းပြေးဆွဲမှုအတွက် ဌာနအလိုက်အသီးသီးတာဝန်ယူ ဆောင်ရွက်ကြရသကဲ့သို့ ဝန်ထမ်းများ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက ကျွမ်းကျင်မှုရှိစွာနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးမှာလည်း အထူးအရေးပါလှပါသည်။  ခရီးသည်များ၏ အသက်အန္တရာယ်ဘေးကင်းစွာ လိုရာခရီးကို သတ်မှတ်ချိန် အမီရောက်ရှိနိုင်ရေးအတွက် ဂိတ်စောင့်၊ လမ်းခွဲကိုင်၊ လမ်းလျှောက်၊ တွဲစစ်၊ တွဲထိန်းအစရှိသော ဝန်ထမ်းများသည် ရာထူးပင်ငယ်လင့်ကစား အရေးကြီးတာဝန်ကို ထမ်းဆောင်နေကြသူများဖြစ်ကြပါသည်။  ယင်းတို့၏တာဝန်ဝတ္တရားများကို  ပေါ့လျော့မှားယွင်းစွာ လုပ်ကိုင်မိလျှင် ရထားမတော်တဆမှုများကြောင့် ခရီးသည်များနှင့်ဌာနပိုင်ပစ္စည်းများ ထိခိုက်ပျက်စီးနိုင်ဖွယ်ရှိပါသည်။  ရထားတစ်စင်းပြေးဆွဲရန်အတွက် ယခုတင်ပြခဲ့သည့်လုပ်ဆောင်မှု များစွာရှိနေလေရာ ရထားအရေအတွက် များပြားလာသည်နှင့်အမျှ လူအင်အား၊ လုပ်ဆောင်မှုများစွာဖြင့် ဆောင်ရွက်ရမည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ ရထားတစ်စင်း ပြေးဆွဲနိုင်ရေးအတွက် ဌာနအသီးသီးမှ  ဝန်ထမ်းအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ဇွဲရှိရှိဖြင့်    အပင်ပန်းဆင်းရဲခံနိုင်မှုစသည့် မီးရထားဝန်ထမ်းစိတ်ဓာတ်ကောင်းများဖြင့် ဆောင်ရွက်မှုများမှာ အထူး အရေးပါလှပါသည်။ 

နိုင်ငံတော်အစိုးရ၏ လုပ်ငန်းလမ်းညွှန်မှုများ

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက တာဝန်ယူခဲ့သည့်အချိန်မှစ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ အနေဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက်  အဓိကအလေးထားပြီး နိုင်ငံတော်အဆင့် အခမ်းအနားများ၊ ညှိနှိုင်းအစည်းအဝေးများတွင်လည်းကောင်း၊ တာဝန်ရှိသူများအား လည်းကောင်း မကြာခဏဆိုသလိုတွေ့ဆုံလမ်းညွှန်မှုများပေးလျက်ရှိပါသည်။   မြန်မာ့မီးရထား၏ စက်ရုံများ၊ ဘူတာကြီးများ၊ ရထားလမ်းစီမံကိန်းနယ်မြေများသို့   နိုင်ငံတော်အကြီးအကဲသည်    (၇) ကြိမ်တိုင်တိုင် ကိုယ်တိုင်ကိုယ်ကျကွင်းဆင်းစစ်ဆေးခဲ့ပြီး အဆိုပါခရီးစဉ်များတွင်  ရထားလမ်းများ ကြံ့ခိုင်ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်းဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများအတိုင်း တိကျစွာ လိုက်နာ၍ ရေရှည်အတွက်  ဦးစားပေးစဉ်းစားဆောင်ရွက်ရန်၊  ရထားစက်ခေါင်းနှင့် တွဲများပြုပြင်ထိန်းသိမ်းခြင်း၊ တည်ဆောက်ခြင်း၊ ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် ထပ်မံတိုးချဲ့ဖောက်လုပ်ခြင်း လုပ်ငန်းများတွင် ပြည်တွင်းအင်ဂျင်နီယာပညာရှင်များကို အဓိကထားအသုံးပြု၍ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်ရန်၊ အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများ ဆောင်ရွက်

ရန်၊ စက်ခေါင်းနှင့်တွဲများ တည်ဆောက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ ပြင်ပမှဝယ်ယူနေမှုကို တဖြည်းဖြည်း လျှော့ချပြီး ပြည်တွင်းတွင် ထုတ်လုပ်တည်ဆောက်နိုင်ရေး သုတေသနပြု၍ နည်းပညာများ လေ့လာပြီး ကြိုးပမ်းဆောင်ရွက်သွားရန်စသည့် လမ်းညွှန်မှာကြားမှုများ  ပြုလုပ်ခဲ့သည့်အပြင်    လိုအပ်သည်များကိုလည်း ဖြည့်ဆည်းပံ့ပိုး ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာ့မီးရထားဌာနသည် ပြည်သူကိုဝန်ဆောင်မှုပေးရသည့် လုပ်ငန်းဌာနကြီးဖြစ်သည်နှင့်အညီ ရထားစီး ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းပြီး လိုရာခရီးသို့ စိတ်ချမ်းမြေ့စွာ သွားလာနိုင်ရေးအတွက်သာမက နိုင်ငံနှင့်အဝှမ်းမြေပြန့်၊ တောင်တန်း၊ တစ်ဒေသနှင့်တစ်ဒေသ သွားလာကူးလူးဆက်ဆံမှုအား  အထောက်အပံ့ဖြစ်စေပါသည်။  ထို့ပြင် တစ်ချိန်တည်းတွင် ကုန်စည်အများအပြားကို အချိန်တိုအတွင်း ဈေးနှုန်း သက်သာစွာဖြင့် ပို့ဆောင်ပေးနေခြင်းကြောင့် ပြည်သူများ၏ လူသုံးကုန်၊ စားသောက်ကုန်များ နေရာဒေသမခွဲခြားဘဲ များစွာ ကွာခြားမှုမရှိသည့် ဈေးနှုန်းဖြင့် ရောင်းဝယ်ဖောက်ကားနိုင်ရေးကိုလည်း အထောက်အကူ ဖြစ်စေသည့်အပြင် နိုင်ငံနှင့်အဝှမ်း ကုန်ဈေးနှုန်း တည်ငြိမ်မှုကိုလည်း အထိုက်အလျောက် ပံ့ပိုးပေးလျက်ရှိပါသည်။ ထို့ကြောင့် အနာဂတ်ကာလများတွင်လည်း ခရီးသွားပြည်သူများအား ကောင်းမွန်ပြည့်စုံသည့် ဝန်ဆောင်မှုများပေးနိုင်ရန်   ခေတ်စနစ် နှင့်အညီ ရထားပို့ဆောင်ရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာပြီး မြန်ပြည်တစ်ခွင် ရထားဥသြသံညံစေချင်သည့် စိတ်စေတနာကောင်းဖြင့် ရထားဝန်ထမ်းအားလုံးက  ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စဉ်ဆက်မပြတ် အပတ်တကုတ်ကြိုးပမ်း ဆောင်ရွက်ကြစေလိုပါကြောင်းနှင့် မိဘပြည်သူအပေါင်းကလည်း ရထားမတော်တဆမှု မဖြစ်ပွားစေရေးနှင့် ရထားလမ်း   ကွန်ရက်တစ်လျှောက်ရှိ ရထားသံလမ်းနှင့်  ဆက်စပ်ပစ္စည်းများ၊ အချက်ပြဆက်သွယ်ရေးနှင့်  လျှပ်စစ်ပစ္စည်းများ၊ စက်ခေါင်းနှင့်တွဲများ၊ ဘူတာရုံ အဆောက်အအုံများအစရှိသည့် အများပြည်သူပိုင် ပစ္စည်းများ ထိခိုက်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မပေါ်ပေါက်စေရေးအတွက် ဝိုင်းဝန်း စောင့်ရှောက်ပေးကြပါရန်လည်း  လေးနက်စွာတိုက်တွန်းအပ်ပါသည်။   ။