အနောက်အုပ်စု စွန့်ပစ်သွားမှာကို ကြောက်နေတဲ့ ဇီလန်စကီနဲ့ ကိုယ့်ကျော့ကွင်းကိုယ်ပြန်မိနေတဲ့ အနောက်အုပ်စု

အနောက်အုပ်စု စွန့်ပစ်သွားမှာကို ကြောက်နေတဲ့ ဇီလန်စကီနဲ့ ကိုယ့်ကျော့ကွင်းကိုယ်ပြန်မိနေတဲ့ အနောက်အုပ်စု

 

ရုရှား-ယူကရိန်းပဋိပက္ခဟာ အနောက်အုပ်စုက ယူကရိန်းကိုကြားခံအဖြစ်အသုံးပြုပြီး ရုရှားနဲ့ထိပ်တိုက် ရင်ဆိုင်နေတဲ့ ပဋိပက္ခဆိုတာ အားလုံးအသိဖြစ်ပါလိမ့်မည်။

တချို့ကလည်း ထင်ကောင်းထင်ကြမည်။ ရုရှားက ယူကရိန်းကို အတင်းကျူးကျော်တဲ့အတွက် ယူကရိန်း က အနောက်အုပ်စုရဲ့အကူအညီကိုယူရတာဆိုပြီးတော့လေ။

တကယ့်လက်တွေ့မှာတော့   အဲဒီလိုမဟုတ်ပေ။ သမိုင်းကြောင်းအရပြန်ကြည့်မယ်ဆိုရင် ကိုယ့်ကတိ ကိုယ်မတည်တဲ့ NATO အုပ်စုနဲ့ နိုင်ငံအတွင်း ရုရှားနိုင်ငံသားများစွာနေထိုင်တဲ့ ဒေသတွေမှာ ယူကရိန်း အစိုးရရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတို့ ပေါင်းဆုံသွားတဲ့အတွက် အခုလိုပဋိပက္ခဖြစ်လာရခြင်းပင်။

အနောက်အုပ်စုကလည်း ဒီအချက်ကိုအခွင့်ကောင်းယူပြီး ယူကရိန်းကိုမြှောက်ပေးသည်။ လက်နက်တွေ ပံ့ပိုးပေးသည်။ ထောက်လှမ်းရေးသတင်းတွေ ဝေမျှပေးသည်။ တစ်ဖက်မှာလည်း အနောက်အုပ်စုက ရုရှားအပေါ် ဘယ်တုန်းကမှ မချမှတ်ဖူးတဲ့ ပိတ်ဆို့မှုများစွာကို ချမှတ်သည်။

အခုဆိုရင် ယူကရိန်းဘက်က တန်ပြန်တိုက်စစ်လုပ်တယ်ဆိုပြီး စစ်ဆင်ရေးတွေကို ဆောင်ရွက် လာနေသည်။ ဒီလိုဆောင်ရွက်မှုမှာ ရုရှားနိုင်ငံအတွင်းပိုင်းအထိ အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဆောင် လာတာကိုတွေ့ရသည်။

လက်ရှိအချိန်အထိတော့ ရုရှားဘက်က အတိုင်းအတာတစ်ခုအထိပဲ တုံ့ပြန်မှုတွေလုပ်နေသေးသည်။ တစ်ချိန်တည်းမှာပဲ ယူကရိန်းအစိုးရက အခုလိုမျိုးတွေလုပ်လာရတာကို ခပ်လန့်လန့်ဖြစ်လာပုံရသည်။ ဘာကြောင့်လဲဆိုရင်   ယူကရိန်းသမ္မတ ဇီလန်စကီကိုယ်တိုင် ထုတ်ဖော်ပြောလာမှုကြောင့်ပင်ဖြစ်သည်။

ဘယ်လိုပြောလာလဲဆိုတော့ လက်ရှိဖြစ်နေတဲ့ ရုရှားနဲ့ပဋိပက္ခဟာ ရုရှားနယ်မြေပိုင်နက်ထဲအထိ ဝင်သွားပြီဆိုရင် အနောက်အုပ်စုရဲ့ ထောက်ပံ့မှုတွေမရတော့မှာ စိုးရိမ်တယ်လို့ဆိုလာခြင်း ဖြစ်သည်။

ယူကရိန်းအနေနဲ့ ရုရှားအပေါ် အချိန်ယူတိုက်ခိုက်ဖို့အတွက် ပြင်ဆင်ထားကြောင်း၊ သူတို့ကို ထောက်ပံ့ ပေးခြင်းက စစ်သည်တွေဒဏ်ရာရသေဆုံးမှု အတိုင်းအတာကို လျှော့ချနိုင်မှာဖြစ်ကြောင်း   အင်တာဗျူး တစ်ခုမှာဖြေထားသည်။

ဒါ့အပြင် သူတို့ရဲ့စစ်ဆင်ရေးက ရုရှားပိုင်နက်ထဲအထိရောက်သွားပြီဆိုရင် ဘာဖြစ်လာနိုင်လဲလို့ သတင်း ထောက်တစ်ဦးကမေးမြန်းရာမှာ “ဒီလိုသာဖြစ်သွားပြီဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ တစ်ယောက် တည်းကျန်ခဲ့နိုင်ပါတယ်” လို့ ဇီလန်စကီကဝန်ခံထားသည်။

ဆိုလိုတာက စစ်ဆင်ရေးက ရုရှားနိုင်ငံထဲအထိရောက်သွားတယ်ဆိုရင် ဒီစစ်ဆင်ရေးမှာ အနောက် အုပ်စုက တိုက်ရိုက်ပါဝင်ပတ်သက်နေတယ်ဆိုရင် ဒါဟာရုရှားနဲ့ အနောက်အုပ်စုကြား တိုက်ရိုက် ထိပ်တိုက် တွေ့ဆုံမှုဖြစ်လာနိုင်သည်။

အဲဒီအခါမျိုးကျရင် နှစ်ဖက်ရေကုန်ရေခန်းတိုက်တဲ့ စစ်ပွဲဖြစ်လာနိုင်သည်။ ဒါပေမဲ့ ဒီကနေ့လို အခြေအနေမှာ ဘယ်နိုင်ငံကမှတော့ အဲဒီလိုလုပ်ချင်မည်မဟုတ်ပေ။

ဒီလိုမဖြစ်လာရအောင်ကလည်း အနောက်အုပ်စုအနေနဲ့ ယူကရိန်းရဲ့ စစ်ဆင်ရေးမှာ အတိုင်းအတာ တစ်ခုအထိသာ ထောက်ပံ့ပေးမှတော်လိမ့်မည်။ အဲဒီလိုမှမဟုတ်ဘူးဆိုရင် အင်အားကြီးနိုင်ငံတွေ ထိပ်တိုက်တွေ့ဆုံသွားနိုင်သည့် အလားအလာရှိသည်။

ဒါကြောင့် ယူကရိန်းတို့ရဲ့ စစ်ဆင်ရေးက ရုရှားနိုင်ငံအတွင်း ကျွံဝင်သွားတဲ့အခါ အနောက်အုပ်စုက     ယူကရိန်းအပေါ် ထောက်ပံ့မှုရပ်တန့်သွားနိုင်သလို ဒီကိစ္စကနေလည်း လက်ရှောင်သွားနိုင်သည်။

အနောက်အုပ်စုရဲ့ ထောက်ပံ့မှုမပါလျှင် ယူကရိန်းက ရုရှားကို ဘယ်လိုမှမယှဉ်နိုင်တာကို သူတို့ကောင်း ကောင်းသိထားသည်။ ဒီအတွက်ကြောင့်ပဲ အနောက်အုပ်စုရဲ့ စွန့်ပစ်သွားမှာကို ဇီလန်စကီတစ်ယောက် ကြောက်ရွံ့နေရခြင်း ဖြစ်သည်။

အနောက်အုပ်စုမှာလည်း သူ့ဝေဒနာနှင့်သူရှိသည်။ တခြားမဟုတ် ကိုယ့်ကျော့ကွင်း ကိုယ်ပြန်မိနေသည့်     သဘောဖြစ်သည်။ အကြောင်းမှာမူကား အနောက်အုပ်စု၏ ဝါဒဖြန့်မှုများက လက်တွေ့မြေပြင်နှင့် တခြားစီဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။

အနောက်အုပ်စုရဲ့ ဝါဒဖြန့်မှုမှာ ယူကရိန်းစစ်သည်များဆိုတာ လက်နက်အင်အား တောင့်တင်းခိုင်မာမှု မရှိပေမယ့်လည်း မောပန်းနွမ်းနယ်ခြင်းမရှိဘဲ ဆက်လက်တိုက်ပွဲဝင်နိုင်သူများ ဖြစ်တယ်လို့ဆိုထားခြင်း ဖြစ်သည်။

ဒါပေမဲ့ လက်တွေ့ရှေ့တန်းစစ်မြေပြင်မှာတော့ အဲဒီလိုမဟုတ်ပေ။ ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ အနောက်အုပ်စုက ယူကရိန်းရဲ့စစ်ဆင်ရေးအတွက် ထိရောက်တဲ့လက်နက်တွေကို ပြည့်ပြည့်၀၀ ထောက်ပံ့ပေးခြင်းမရှိပေ။

စစ်ဆင်ရေးအစမှာတုန်းက ယူကရိန်းစစ်သည်များအနေနဲ့ ဂျာမနီနိုင်ငံထုတ် ဗုံးပစ်လောင်ချာများကို  ကိုင်ရမယ်ဆိုပြီး ယုံကြည်ခဲ့ကြဖူးသည်။

သို့သော်လည်း အနောက်အုပ်စုက စစ်လက်နက်ပစ္စည်းများကို ယူကရိန်းဗိုလ်ချုပ်ကြီးများ တောင်း သလောက်မပေးဘဲ ၅၀ ရာခိုင်နှုန်းနဲ့ ၆၀ ရာခိုင်နှုန်းကြားသာ ပေးသည်။

ဒီအတွက်ကြောင့် ရှေ့တန်းစစ်မြေပြင်တွင် ယူကရိန်းစစ်သည်များမှာ တဖြည်းဖြည်းနဲ့ လုံးပါးပါးလာခြင်း ဖြစ်သည်။ ဒီအခြေအနေဟာ အနောက်အုပ်စုအတွက်တော့ ကိုယ့်ဝါဒဖြန့်မှုနဲ့ ကိုယ်ဒုက္ခရောက် နေရသည့်အခြေအနေဖြစ်သည်။

အခုလိုမျိုး ယူကရိန်းတို့ရဲ့ တန်ပြန်တိုက်စစ်မအောင်မြင်မှုသည် ဘယ်သူ့အတွက်ကြောင့်ဖြစ်သလဲ ဆိုတာကို တရားခံရှာဖို့ အနောက်အုပ်စု မီဒီယာများက ကြိုးပမ်းလာသည်။

ဆိုလိုသည်က ယူကရိန်းစစ်သည်များသည် လုံလောက်တဲ့ လက်နက်မရှိသည့်တိုင် ဆက်လက် တိုက်ပွဲဝင်နိုင်သည်ဟု အနောက်အုပ်စုက ကြွေးကြော်ဝါဒဖြန့်ခဲ့ပြီး  လက်နက်များကို လိုအပ်သလောက် မထောက်ပံ့ခဲ့ချိန်တွင် ရှေ့တန်းစစ်မြေပြင်၌ ယူကရိန်းစစ်သည်များ လုံးပါးပါးကာ တန်ပြန် တိုက်စစ်သည်လည်း အောင်မြင်မှုနည်းပါးလာတဲ့အတွက် မြေပြင်အခြေအနေအမှန်က သူတို့ဝါဒ ဖြန့်ထားသလို မဟုတ်သောကြောင့် ကြားကဓားစာခံအဖြစ် နေပေးမယ့်သူကို အနောက်အုပ်စု မီဒီယာများက ရှာဖွေလာရခြင်း ဖြစ်သည်။

ဒါ့အပြင် အမေရိကန်အနေနဲ့ ၂၀၂၄ ခုနှစ်အရောက်မှာ ယူကရိန်းကိုထောက်ပံ့မှုက အခုလောက်အထိ ပေးနိုင်ဖွယ်မရှိတော့ကြောင်း ကာကွယ်ရေးတာဝန်ရှိသူများရဲ့ ပြောဆိုမှုကိုကိုးကားပြီး နာမည်ကြီး သတင်းဌာနတချို့က ထုတ်ပြန်လာသည်။

ယူကရိန်းအနေနဲ့ ရုရှားရဲ့ခံစစ်စည်းကို ချိုးဖောက်နိုင်ဖို့အတွက် လုံလောက်တဲ့ စစ်လက်နက် ပစ္စည်းများကို  ရရှိခဲ့ပြီးဖြစ်သည်ဟု အမေရိကန်က ယူဆထားသည်။ ဒီအတွက်ကြောင့် နောက်ထပ် လက်နက်များကို ထောက်ပံ့ပေးနိုင်ခြေ နည်းပါးနေပြီဟုဆိုနိုင်သည်။

ဒီလိုအခြေအနေမှာ ယူကရိန်းရဲ့တန်ပြန်တိုက်စစ်က ရုရှားနိုင်ငံ ပိုင်နက်ထဲအထိရော က်သွားလျှင် အထက်မှာ တင်ပြခဲ့သလိုပဲ အနောက်အုပ်စုက ယူကရိန်းကိုထောက်ပံ့ပေးမှု လက်ရှောင်သွားနိုင်သည်။ ဒီလိုဖြစ်လာမှာကို ယူကရိန်းသမ္မတက အကြောက်ဆုံးဖြစ်သည်။

သို့သော် အရာအားလုံးသည် ကိုယ်ကတစ်ဖက်သတ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မရပေ။

အခြေအနေအကြောင်း အကျိုးညီညွတ်မှသာ ဖြစ်နိုင်သည်။ ဒီလိုညီညွတ်ဖို့ဆိုတာကလည်း ကိုယ်တိုင် ဖန်တီးယူလို့ရတာရှိသလို ဖန်တီးတိုင်းလည်း မဖြစ်လာနိုင်တာတွေရှိသည်။

အခုတော့ မဖြစ်ချင်တာတွေဖြစ်လာမှာကို ယူကရိန်းသမ္မတ စိုးရိမ်နေပြီ။ တစ်ချိန်တည်းမှာပဲ အခြေ အနေအရပ်ရပ်က သူမဖြစ်ချင်တဲ့ အခြေအနေဆီရောက်အောင် တွန်းပို့နေပြန်သည်။

ဒါကြောင့် ယူကရိန်းအနေနဲ့ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ရင် ဖြစ်လာနိုင်တာကို ကြိုတင်မျှော်လင့် ထားပြီး အသင့်ပြင်ဆင်ထားခြင်းကသာ အကောင်းဆုံးဖြစ်မည်ဟုဆိုရမည် ဖြစ်ပါသည်။

Ref: RT

ထက်မြတ်