ကျောက်ကပ်ကျန်းမာမှ လူကျန်းမာမည်

ကျောက်ကပ်ကျန်းမာမှ လူကျန်းမာမည်

အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်သည်။   သို့သော်  ကျောက်ကပ်ဝေဒနာသည် တော်တော်များများမှာ ရောဂါအခြေအနေ ဆိုးရွားနေသည့်တိုင် ကျောက်ကပ်ပျက်စီး နေကြောင်းကို သိသာ ထင်ရှားသည့်လက္ခဏာများ     မတွေ့ရတတ်ပေ။ ထို့ကြောင့်   ကျောက်ကပ်ရောဂါကို   တိတ်တဆိတ် လူသတ်သမားဟုဆိုကြခြင်းဖြစ်သည်။

ခန္ဓာကိုယ်     ကောင်းစွာအသက်ဆက်နိုင်ရန် ကျောက်ကပ်၏ အခန်းကဏ္ဍသည်  လွန်စွာအရေးပါ သည်။  လူတစ်ဦးတွင်  တခြားကိုယ်တွင်း ကလီစာများနှင့်မတူ  ကျောက်ကပ်နှစ်ခု(တစ်စုံ) ပါရှိသည်။ ထို့ကြောင့် နှစ်စဉ် စက်တင်ဘာလ၏ ပထမရက်သတ္တပတ်ကို National Kidney Awareness Week အဖြစ် သတ်မှတ်ကာ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ကျန်းမာရေး အဖွဲ့အစည်းများက ကျောက်ကပ်ကျန်းမာရေးနှင့် ပတ်သက်၍ လူထုအသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်လေ့ရှိသည်။ ကျောက်ကပ်ကျန်းမာရေးနှင့်ပတ်သက် သည့်သတင်းအချက်အလက်များကို လူအများသိရှိစေရန်နှင့် နေ့စဉ်လူနေမှုဘဝတွင် ကျောက်ကပ်၏အခန်း ကဏ္ဍကိုသတိပြုမိစေရန်     ရေးသားဖော်ပြလိုက်ပါသည်။

ကျောက်ကပ်ပျက်စီးနေသောလက္ခဏာများ

ဆီးအခြေအနေပြောင်းလဲခြင်းအစ  ကျောက်ကပ်ရောဂါကဟုမှတ်ပါ။ ပုံမှန်မဟုတ်တော့ဘဲ ဆီးပမာဏ သိသိသာသာများလာခြင်း  သို့မဟုတ်  သိသိသာသာ နည်းသွားခြင်း၊ မကြာခဏဆီးသွားခြင်း၊ ယခင်ထက် ဆီးအရောင်ရင့်လာခြင်း၊ ခက်ခဲစွာ ဆီးသွားရခြင်းတို့ဖြစ်တတ်သည်။ အထူးသဖြင့် ညပိုင်းဆီးသွားသည့် အကြိမ်ရေများခြင်းက  ကျောက်ကပ်ပျက်စီးခြင်း၏ အစပိုင်းအခြေအနေဖြစ်၍ သတိပြုသင့်သည်။ ထိုအခြေအနေတွင် အချိန်မီကုသမှုမခံယူပါက  ကျောက်ကပ်၏ ၈၀ ရာခိုင်နှုန်းအထိပျက်စီးသွားနိုင်သည်။

ဆီးလမ်းကြောင်းပိုးဝင်သည့်အခါ   ခက်ခက်ခဲခဲ ဆီးသွားရခြင်း သို့မဟုတ် ဆီးသွားနေစဉ် နာကျင်စွာ ခံစားရခြင်း  သို့မဟုတ်  ဆီးပူ၍လိင်အင်္ဂါမှာ  ပူစပ်ပူလောင်ဖြစ်ခြင်း      စသည်တို့ခံစားရတတ်သည်။ အကယ်၍ ဆီးလမ်းကြောင်းထဲရှိပိုးသည် ကျောက်ကပ် သို့ ပျံ့နှံ့သွားပါက ကိုယ်အပူရှိန်တက်ပြီး ခါးနာတတ် သည်။

ဆီးအတွင်းသွေးပါခြင်းက ကျောက်ကပ်၌ပြဿနာ ရှိနေကြောင်းကို  ထင်သာမြင်သာစွာသိနိုင်သည်။ ထိုအခြေအနေမျိုးကြုံရပါက အမြန်ဆုံးဆေးကုသမှုခံယူသင့်သည်။

ဆီးသွားနေစဉ်      ဆီးထဲအမြှုပ်ထနေသည်ကို အလွယ်တကူတွေ့မြင်နိုင်သည်။  ထိုအခြေအနေမျိုးက ခန္ဓာကိုယ်ထဲတွင်  ပရိုတင်းဓာတ်ချို့တဲ့သောကြောင့် ဖြစ်နိုင်သကဲ့သို့  ကျောက်ကပ်ပျက်စီးသော လက္ခဏာမျိုးလည်း ဖြစ်နိုင်၍ မပေါ့ဆသင့်ပေ။

ကျောက်ကပ်၏ လုပ်ငန်းတာဝန်မှာ ခန္ဓာကိုယ်ထဲရှိ မလိုအပ်ဘဲပိုလျှံနေသောအရည်များကို  ဆီးအဖြစ် စွန့်ထုတ်ပေးသည်။ မကျန်းမာသော ကျောက်ကပ်သည် ယင်းလုပ်ငန်းစဉ်များကို မလုပ်နိုင်တော့ပေ။ ထိုအခါ ပိုလျှံနေသော  ဆီးနှင့်ဆိုဒီယမ်(အငန်ဓာတ်)များက ယူရစ်အက်စစ်အဖြစ်ဖောက်ပြန်သွားကာ ခြေဖမိုး၊ အဆစ်အမျက်၊ မျက်နှာနှင့် လက်ချောင်း၊ လက်ဖျံတို့ကို ရောင်ကိုင်းစေကာ ကွေးဆန့်နိုင်ရန် ခက်ခဲသွားသည်။ ယင်းမှာကျောက်ကပ်ပျက်စီးနေသူတိုင်းတွင် ကြုံတွေ့ရမည့်လက္ခဏာတစ်ရပ် ဖြစ်သည်။

ကျောက်ကပ်တစ်စုံက  Erythropoietin (ခေါ်) ဟော်မုန်းတစ်မျိုးကို သဘာဝအလျောက် ထုတ်လုပ်ပေးသည်။  ယင်းဟော်မုန်းက သွေးနီဆဲလ်တွေဆီ အောက်ဆီဂျင် ထောက်ပံ့ပေးပါသည်။     အကယ်၍ ကျောက်ကပ်တွင် ပြဿနာရှိနေပြီး ဟော်မုန်းထုတ်လုပ်ခြင်း ရပ်ဆိုင်းသွားပါက သွေးနီဆဲလ်လည်း လျော့ကျသွားသည်။ ထိုအခါ  သွေးအားနည်းရောဂါခံစားရသကဲ့သို့ အလွန်အမင်း မောပန်းနွမ်းနယ်၍ ဖြူဖျော့လာစေသည်။

အထက်ဖော်ပြပါ  ဖြူဖျော့နွမ်းနယ်ခြင်းကလည်း ဦးနှောက်ဆီသို့ အောက်ဆီဂျင်ရောက်ရှိမှုလျော့နည်း ခြင်းနှင့်  တိုက်ရိုက်ပတ်သက်နေသည်။  ထို့ကြောင့် ကျောက်ကပ်ရောဂါ ခံစားနေရသူများတွင် မူးနောက် နောက်ဝေဒနာများ ခံစားရလေ့ရှိကာ စိတ်အာရုံစူးစိုက်နိုင်ခြင်းလည်း နည်းပါးသွားသည်။

ကျောက်ကပ်ပျက်စီးနေချိန်တွင် သွေးနီဆဲလ်များယုတ်လျော့သွားသောကြောင့် ပူနွေးသည့် ပုံမှန်အခန်း အပူချိန်တွင် နေရသည်ပင်  ခြေလက်များ  အလိုလို အေးစက်နေတတ်သည်။ ချမ်းအေးသောရာသီဥတု ပတ်ဝန်းကျင်မျိုး မဟုတ်ဘဲ    အလွန်အမင်းမောပန်း နွမ်းနယ်၍ ခြေလက်များ  ရေခဲတုံးကဲ့သို့  အေးစက် နေခြင်းသည် ကျောက်ကပ်ပျက်စီးနေပြီ ဖြစ်ကြောင်းကို ဖော်ပြသည့်လက္ခဏာဖြစ်သည်။

ကျောက်ကပ်   ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါက ခန္ဓာကိုယ်ထဲတွင် အဆိပ်အတောက်စုပုံလာသဖြင့် အရေပြား မသန့်တော့ဘဲ ယားယံခြင်းဖြစ်ပေါ် လာတတ်သည်။  ထို့ကြောင့်  အရေပြား  ဗူူနမါပ ရောဂါခံစားရပါက မိမိတွင် အစားအသောက်တစ်စုံ တစ်ရာမှားယွင်း၍ ဓာတ်မတည့်ခြင်းလား သို့မဟုတ် ကျောက်ကပ်ကြောင့် ဖြစ်နိုင်သလားဆိုသည့် အဖြေကို တိတိကျကျ ဖော်ထုတ်သင့်သည်။

ခါး၏နောက်ဘက်  အလယ်တည့်တည့်နာခြင်းမဟုတ်ဘဲ လက်ဝဲဘက် သို့မဟုတ် လက်ယာဘက် တစ်ဖက်တစ်ချက်စီ၌ ကျောက်ကပ်ရှိသော ခါးဘေးတစ်ဝိုက် နောက်ဘက်ပိုင်းက နာတတ်သည်။ ယင်းနေရာမှစ၍ ပေါင်ခြံအထိနာကျင်တတ်သည်။

ကျောက်ကပ်ပျက်စီးစေနိုင်သောအကြောင်းများ

အကိုက်အခဲပျောက်ဆေးတွင်ပါရှိသော Ibuprofen၊ Motrin၊ Aleve၊ Acetaminophen စသည့် ဓာတ်များက  ကျောက်ကပ်ထဲရှိ  သွေးကြောများကို ကျုံ့ဝင်စေကာ    ကျောက်ကပ်ပျက်စီးစေနိုင်သည်။ ဆီးဆေး များကလည်း ကျောက်ကပ်ကို ပင်ပင်ပန်းပန်း အားစိုက်၍  အလုပ်ခိုင်းစေကာ  ရေဓာတ်ဆုံးရှုံးစေ သဖြင့်  ကျောက်ကပ်ပျက်စီးလွယ်သည်။   ကိုလက်စထရောကျဆေးတချို့နှင့်   ရိုးတွင်းခြင်ဆီကင်ဆာ ပျောက်ဆေးများ၏ ဘေးထွက်ဆိုးကျိုးများကလည်း ကျောက်ကပ်ကျန်းမာရေးကို   အဟန့်အတားဖြစ်စေ သည်။

ဆေးလိပ်သောက်ခြင်းက ကျောက်ကပ်၏လုပ်ငန်းဆောင်တာများကို     ကမောက်ကမဖြစ်စေသည်။ အကယ်၍ ဆီးချိုနှင့်သွေးတိုး ရောဂါရှိသူများ ဆေးလိပ်သောက်ခြင်းက  ကျောက်ကပ်ကျန်းမာရေးကို  ပိုမို ဆိုးရွားလာစေနိုင်သည်။

သကြားနှင့် အချိုလွန်ကဲသော အစားအစာများက ကျောက်ကပ်ပျက်စီးခြင်းနှင့် တိုက်ရိုက်ပတ်သက်မှုမရှိ သော်လည်း  အချိုဓာတ် များများစားခြင်းက  ဆီးချို၊ သွေးချိုနှင့် အဝလွန်ရောဂါကိုဖြစ်စေသည်။ ထိုရောဂါ များက  ကျောက်ကပ်ပျက်စီးစေသဖြင့်  အချိုဓာတ် လွန်ကဲသော အစာများကို ဦးစွာရှောင်သင့်သည်။

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန်  ဆား(အငန်ဓာတ်)က  မရှိမဖြစ်လိုအပ်သည်။ သို့သော်  လိုအပ်သည် ထက်ပို၍  အငန်စားသုံးမိပါက  နြစ့မသည(ခေါ်)ကျောက်ကပ်အတွင်းမှ     သွေးစစ်ပေးသည့်ဆန်ခါပျက်စီးလာသည်။   ထိုအခါ  ကျောက်ကပ်ကထိန်းမထားနိုင်တော့ဘဲ နောက်ဆက်တွဲအဖြစ် နှလုံးရောဂါဖြစ်စေသည်။

သွေးတိုးခြင်းက ကျောက်ကပ်ထဲတွင်  ပရိုတင်း ဓာတ်လျော့နည်းစေပြီး ကျောက်ကပ်ကိုဖိစီးမှုဖြစ်စေ သည်။    ထို့ကြောင့်   သွေးတိုးရောဂါ မဖြစ်အောင် ကိုယ်အလေးချိန်ထိန်းခြင်း၊     ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ခြင်း၊  အငန်လျော့စားခြင်းတို့ဖြင့် ကျောက်ကပ်ကို ကာကွယ်ပေးသင့်သည်။

Oxalates    ဓာတ်ကြွယ်ဝသော    ဗိုလ်စားပဲသီး၊ ပိန်းဥ၊  ပိန်းရိုး၊  ဟင်းနုနယ်ရွက်တို့က ဆီးကျောက် တည်စေနိုင်သဖြင့် သင့်တင့်ရုံသာစားပေးပါ။

ရေသောက်နည်းခြင်း၊ အပူကြီးဖျားနာ၊  ပျို့အန်၊ ဝမ်းသွား၊ ချွေးထွက်လွန် စသည်တို့ကြောင့်  ရေဓာတ် ခန်းခြောက်၍  ကျောက်ကပ်အလုပ်လုပ်မှု အားနည်းသွားစေသည်။

ဆီးအိမ်ကျွံခြင်း၊ သားအိမ်လျောခြင်း၊  ဆီးကျိတ် ကင်ဆာ၊ သားအိမ်တွင်းအဖုအကျိတ် စသည့်ဝေဒနာ များကလည်း   ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းကို အဟန့်အတားဖြစ်ကာ ကျောက်ကပ်ပျက်စီးနိုင်သည်။

အချုပ်အားဖြင့်ဆိုရလျှင် Precaution is better than cure ဆိုသည့်အတိုင်း  ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပေရာ ကျန်းမာပြီး သက်တမ်းစေ့နေနိုင်ရန် ကျောက်ကပ် ကျန်းမာရေးကို အထူးဂရုစိုက်ကြစေလိုကြောင်း ရေးသားတင်ပြလိုက်ပါသည်။

ပေါက်ပေါက်