ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် Óဏ်တော်အမြင့်ဆုံးဘုရားကို မြန်မာနိုင်ငံမှာ တည်ဆောက်ပူဇော်ထားတော့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော  ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်မိပါတယ်

 ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် Óဏ်တော်အမြင့်ဆုံးဘုရားကို မြန်မာနိုင်ငံမှာ တည်ဆောက်ပူဇော်ထားတော့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော  ဗုဒ္ဓဘာသာဝင်တစ်ယောက် အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်မိပါတယ်

ပြည်ထောင်စုနယ်မြေ  နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော် အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် သြဂုတ် ၈ ရက်မှစတင်၍ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဖူးမြော်ကြသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့  ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကား လျက်ရှိသည်ကို တွေ့မြင်ရသည်။

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့   ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊  ရှင်လူဘုရားဖူးပြည်သူများ၏ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုခဲ့ရသည့် ရင်တွင်းဝမ်းသာပီတိစကားသံများကို ရေးသားဖော်ပြ လိုက်ရပါသည်။

ဥူးသူရိယ (အမရပူရခရေပင်ကျောင်းတိုက်၊ မန္တလေးမြို့)

ကိုယ်တိုင်လည်းဖူးမြော်ချင်တဲ့ ဆန္ဒရှိတာကြောင့် ဒါယကာ၊ ဒါယိကာမတွေကို လိုက်ပို့ရင်း လာရောက်ဖူးမြော်တာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဘုရားကို ပထမဆုံးဖူးမြော်ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုယ့်ဘာသာသာသနာကို  ကမ္ဘာ့အလယ်မှာ အားလုံးသိအောင် ချပြနိုင်တဲ့အတွက်လည်း ဝမ်းမြောက်မိတယ်။ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးဆိုရင်လည်း  သံဃာတော် အပါး ၉၀၀ နဲ့ လူပရိသတ် ၁၂၀၀ ဝင်ဆံ့တယ်လို့သိရပြီး ခမ်းနားထည်ဝါစွာတည်ဆောက်ထားတဲ့အတွက် မြင်ရတာအင်မတန် မှဝမ်းသာပီတိဖြစ်မိပါတယ်။ သာသနာတော် အတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းက သာသနိက အဆောက်အအုံတွေကိုလည်း ပန်းပု၊ ပန်းချီကအစ   ရှေးမူမပျက်အောင်  ကျွမ်းကျင်ပညာရှင်တွေနဲ့  အဆင့်အတန်းမြင့်မားစွာ တည်ဆောက်ထားတာကို   တွေ့ရတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်တဲ့  ရည်ရွယ်ချက်ကလည်း အင်မတန်မှကောင်းပါတယ်။

ဒေါ်နွေးထွေးဦး (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ဘုရားကြီးကို ဘုရားဖွင့်ပွဲမှာစပြီးမြင်ဖူးတာပါ။ ကျွန်မတို့က ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရားပဲ တွေ့မြင်ဖူးမြော်ဖူးတာပါ။ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ကမ္ဘာမှာ ဉာဏ်တော်အမြင့်ဆုံးဘုရားဖြစ်တာကြောင့်    အခုလိုကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်တဲ့အခါ ရင်ထဲမှာအလွန်ဝမ်းသာပီတိ ဖြစ်မိပါတယ်။  ဘုရားကြီးနဲ့ သာသနိကအဆောက်အအုံတွေက ဗိသုကာလက်ရာနဲ့ပတ်သက်ပြီး ဘုရားကြီးမဖွင့်ခင်ကတည်းက ရှင်းလင်းပြသထားတာကိုလည်း ရုပ်မြင်သံကြားက အစီအစဉ်တွေ၊ သတင်းစာတွေမှာ တွေ့မြင်ရပါတယ်။ ဘုရားကြီးတည်ဆောက်ပူဇော်ဖို့ စကျင်ကျောက်တော်တွေ ပင့်ဆောင်ရာမှာ အခက်အခဲ အမျိုးမျိုးကို ကျော်လွှားပြီး ပင့်ဆောင်ခဲ့ပုံအဆင့်ဆင့်ကို မြင်တွေ့ရတော့ နိုင်ငံတကာ အဆင့်လည်းမီတယ်။ ပြီးတော့  ဗိသုကာလက်ရာတွေကလည်း ပြောစရာမလိုလောက်အောင် ရှေးမူမပျက်ဘဲ ဆန်းသစ်စွာပြုလုပ်ထားတာကို တွေ့ရတယ်။ မြန်မာနိုင်ငံက အင်ဂျင်နီယာတွေရော ဘုရားကြီးကိုတည်ဆောက်ပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ဂုဏ်ယူလေးစားမိသလိုကျေးဇူးလည်းတင်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ ဘုရားကြီးမှာ လာရောက်ဖူးမြော်ကြတာတွေကို တွေ့ရတော့ တစ်နေရာတည်းမှာ ဆုံတွေ့ခွင့်ရပြီး ရင်းနှီးခွင့်လည်းရတော့   ပိုပြီးဝမ်းသာကြည်နူးမိပါတယ်။ ဘုရားကြီးကို လာရောက်မဖူးမြော်ရသေးတဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအားလုံးကို လာရောက်ဖူးမြော် စေချင်ပါတယ်။   ကျွန်မတို့ ပြည်သူတွေကလည်း   အခုလို ကြည်ညိုသပ္ပာယ်စရာကောင်းပြီး ခမ်းနားထည်ဝါတဲ့ ဘုရားကြီးကို စည်းကမ်းရှိစွာဖူးမြော်ပြီး     ဝိုင်းဝန်းထိန်းသိမ်းစေချင်သလို   တာဝန်ရှိသူတွေကလည်း  ဘုရားကြီးအဓွန့်ရှည်အောင်ပြုပြင်ထိန်းသိမ်းမှုတွေ ပြုလုပ်ပေးစေချင်ပါတယ်။ 

ဦးကိုငယ် (ရွာရှည်စံပြကျေးရွာ၊ ဝမ်းတွင်းမြို့နယ်)

ဘုရားကြီး စတင်တည်ဆောက်ပူဇော်တဲ့ အချိန်ကစပြီး တည်ဆောက်ပူဇော် အောင်မြင်ပြီးတဲ့အချိန်မှာ လာရောက်ဖူးမြော်မယ်ဆိုပြီး အားခဲထားခဲ့တာ အခုမှပဲ လာရောက်ဖူးမြော်ဖြစ်တာပါ။ ဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ မိသားစုတွေနဲ့ အိမ်နီးနားက မိတ်ဆွေတွေ စုပေါင်းပြီး ကားနဲ့မနက်စောစော လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျဖူးမြော်ရတဲ့ အတွက်လည်း အင်မတန်မှ ဝမ်းသာပီတိဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဘုရားကို မြန်မာနိုင်ငံမှာ တည်ဆောက်ပူဇော်ထားတော့  ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော  ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလို ဘုရားကြီးကို အများပြည်သူတွေ ဖူးမြော်ကြည်ညိုလို့ရအောင် တည်ဆောက်ပူဇော်ခဲ့တဲ့  နိုင်ငံတော်က တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့   အလှူရှင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဦးစိုးငြိမ်းထက် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ စီမံပေးမှုနဲ့အတူ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဌာနဆိုင်ရာ ၁၉ ခုနဲ့ ခရိုင် ရှစ်ခရိုင်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစု တွေ စုစုပေါင်းလူဦးရေ ၈၀၀ ခန့်နဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်လိုက်တဲ့အတွက် တစ်ခါမှမခံစားဘူးတဲ့ ကြည်ညိုသပ္ပာယ်မှုမျိုးကို ခံစားရတယ်။  ဘုရားဖူးပြည်သူတွေ  ဘုရားဖူးလာရင်း ရင်ပြင်တော်၊    ရေပန်းအဝိုင်းတွေနဲ့ ကျောက်စာရုံစေတီတွေမှာ    ပျော်ရွှင်ကြည်နူးစွာ ဓာတ်ပုံတွေ ရိုက်နေတာတွေမြင်ရတော့ စိတ်ထဲမှာ အလွန်ကြည်နူးဝမ်းသာဖြစ်ရပါတယ်။ ဒီဘုရားကြီးကို ဆရာတော်ဘုရားကြီးတွေရဲ့   သြဝါဒတွေခံယူပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လမ်းညွှန်ချက်တွေနဲ့အတူ  ပြည်သူတွေ၊ တပ်မတော်သားတွေ၊ ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာ့အလယ်မှာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီးတစ်ဆူ ပေါ်ထွန်းလာတာကို   အင်မတန်မှ ဂုဏ်ယူဝမ်းမြောက်မိသလို     မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။  သာမန်ရုံးပိတ်ရက်တွေနဲ့  အများပြည်သူရုံးပိတ်ရက်တွေမှာ ဝန်ကြီးချုပ်ရဲ့စီမံမှုနဲ့  ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေကို  ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့လည်းသိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ဝန်ထမ်းမိသားစုဝင်တွေကို ဒီတစ်ပတ်ရုံးပိတ်ရက်နှစ်ရက်မှာ စုစုပေါင်းဦးရေ  ၁၇၀၀ ခန့်ကိုလည်း ပို့ဆောင်ဖူးမြော်စေခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ ပြည်သူတွေကလည်း ဖူးမြော်ချင်တယ်ဆိုတဲ့ သတင်းတွေကြားရတယ်။  ဒါကြောင့် နောက်တစ်ခေါက်တွေမှာ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုဝင်များအပြင် ပြည်သူတွေကိုပါ ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်ပြီး စိတ်၏ချမ်းသာခြင်း၊  ကိုယ်၏ကျန်းမာခြင်းများနဲ့  တရားဘာဝနာများ  ပွားများကြပါလို့ တိုက်တွန်းချင်ပါတယ်။

ဦးလှမောင် (ညောင်လေးပင်မြို့)

မာရဝိဇယဗုဒ္ဓကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီးကို  TV မှာ မြင်ကတည်းကသွား ရောက်ဖူးမြော်မယ်လို့ အားခဲထားခဲ့တာပါ။ ဒါကြောင့် ဒီနေ့မှာ မိသားစုတွေနဲ့လာ ရောက်ဖူးမြော်တာပါ။ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုရတဲ့အခါမှာလည်း စိတ်ထဲမှာ အင်မတန်မှ ဝမ်းသာကြည်နူးပီတိဖြစ်ရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကခမ်းနား ထည်ဝါပြီး ကြည်ညိုသပ္ပာယ်စရာကောင်းလှပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိက အဆောက်အအုံတွေ ကျောက်စာတွေကို ကြည့်ရှုလေ့လာ ဖူးမြော်ရင်းမောလာလို့ ဇရပ်မှာခဏဝင်နားတော့ ဘုရားဖူးပြည်သူတွေအတွက် ရေသန့်ဘူးကြီးတွေနဲ့ သောက်ရေလှူဒါန်းထားတာကိုတွေ့ပါတယ်။ အင်မတန်မှ ကောင်းပါတယ်။ ရေအကျိုး ၁၀ ပါးကိုလည်း မတောင်းဘဲပြည့်ကြပါစေလို့ ဆုတောင်းပေးပါတယ်။    အနယ်နယ်အရပ်ရပ်က ဓမ္မမိတ်ဆွေ အပေါင်းကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော် ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

တွေ့ဆုံမေးမြန်း     -        ဟိန်းမင်းစိုး၊ ဂျိုင်းလော

ဓာတ်ပုံ         -        လုလင်ငယ်