ကျန်းမာရေး ဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့သို့  ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

ကျန်းမာရေး ဝန်ကြီးဌာန အထူးကုဆေးကုသရေး အဖွဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့သို့  ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်

နေပြည်တော်  စက်တင်ဘာ  ၃

    မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)တို့မှ နှလုံးရောဂါ ဆေးပညာ၊ အထွေထွေရောဂါ ဆေးပညာ၊ ရင်ခေါင်းဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ အသည်းဆေးပညာ၊   ဦးနှောက်နှင့် အာရုံကြော ဆေးပညာ၊  ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်  ဟော်မုန်းဆေးပညာ၊ သွေးရောဂါဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ ပါဝင်သည့် အထူးကု ဆေးကုသရေး အဖွဲ့သည် စက်တင်ဘာ ၂ရက်နှင့် ၃ ရက်တို့တွင် ကျန်းမာရေးဝန်ကြီး ဌာနအစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။

အဆိုပါအထူးကုဆေးကုသရေး အစီအစဉ်တွင် မိတ္ထီလာမြို့ပေါ်သာမက မန္တလေးတိုင်းဒေသကြီးအတွင်းရှိ  အခြားသောမြို့နယ်များမှ လာရောက်ပြသနိုင်ရန် အတွက် လူနာများကို ကြိုတင်စုဆောင်းခြင်း စနစ်တကျ ဆောင်ရွက်ခဲ့ခြင်းကြောင့်    မန္တလေးတိုင်း ဒေသကြီးမှ မြို့နယ်ပေါင်း ၁၀ မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးမှ မြို့နယ်နှစ်မြို့နယ်ရှိ မြို့ပေါ်နှင့်    ကျေးလက်နေပြည်သူများ လာရောက်ပြသခဲ့ကြသည်။

ခရီးစဉ်အတွင်း နှလုံးရောဂါဆိုင်ရာ ၁၂၄ ဦး၊ ရင်ခေါင်း ဆေးကုလူနာ ၃၀ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၆၇ ဦး၊ ဦးနှောက်နှင့်အာရုံကြော ဆေးကုသမှုဆိုင်ရာ ၁၄၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ် ကုသမှုဆိုင်ရာ ၁၅ ဦး၊ အသည်းရောဂါဆိုင်ရာ ၃၈ ဦး၊ သွေးရောဂါဆိုင်ရာရှစ်ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာ ၈၀ ဦး၊ အထွေထွေ ရောဂါဆေးပညာဆိုင်ရာ ၃၃၀ ဦး၊ အရိုးရောဂါဆိုင်ရာ ၃၉ ဦး၊ အထွေထွေ ခွဲစိတ်ကုသမှုဆိုင်ရာ ၂၀ ဦး၊ သားဖွားမီးယပ်ဆိုင်ရာ ခုနစ်ဦး၊ အရေပြားရောဂါဆိုင်ရာ ၂၆ ဦး၊ သွား/ခံတွင်းဆိုင်ရာ ၂၉ ဦး၊ ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေးဆိုင်ရာ ၃၅ ဦး၊ မျက်စိရောဂါ ဆိုင်ရာ ၉၉ ဦး စုစုပေါင်း ဒေသခံပြည်သူ ၁၀၉၀ ဦးတို့ကို     ကြည့်ရှုကုသမှုပေးခဲ့ပြီး အဆိုပါ လူနာများအနက် နှလုံးပုံရိပ်ဖော်စက်ဖြင့် ကြည့်ရှုခြင်း(Echocardiogra-phy) ၂၃ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း(OGDS) ၁၆ ဦး၊ အဆုတ်အမြှေးပါးအတွင်းမှ အရည်ဖောက် ထုတ်ကုသမှုပေးခြင်း တစ်ဦး၊   ကွန်ပျူတာ ဓာတ်မှန်ဖြင့်   စစ်ဆေးခြင်း (CT scan) ၁၃ ဦး၊ ဓာတ်မှန်ဖြင့်  ရောဂါရှာဖွေခြင်း ၁၇၈ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်း ၃၃၀ ဦး၊ Ultrasound ရိုက်ကူးခြင်း ၁၁၃ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) ၉၅ ဦး၊ သွေးချိုဓာတ်   (HbA1C) တိုင်းတာခြင်း ၁၇၈ ဦးတို့ကို စမ်းသပ်စစ်ဆေး ကုသပေးနိုင်သည်။ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့တွင် ဆေးရုံတက်ရောက် ကုသမှု ခံယူနေကြသော အတွင်းလူနာများကိုလည်း ဘာသာရပ် အလိုက် ကြည့်ရှုပေးခဲ့ပြီး လိုအပ်သော ကုသမှုနှင့် အကြံပြုချက်များ ဆောင်ရွက်ပေးသည်။

ထို့ပြင်    ရင်ခေါင်းရောဂါ ဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာလေးဦး၊ နှလုံးရောဂါဆိုင်ရာ ဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာ လေးဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ဆေးကုသမှု ဆက်လက်ဆောင်ရွက်ရန် လိုအပ်သော လူနာသုံးဦး၊ ဦးနှောက်နှင့် အာရုံကြော ဆေးကုသမှု ဆက်လက်လိုအပ်သော လူနာ ၂၅ ဦး၊ အထွေထွေရောဂါဆိုင်ရာ ဆက်လက် စစ်ဆေးကုသမှု လိုအပ်သော လူနာခြောက်ဦးတို့ကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့လည်း

ကောင်း၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု လိုအပ်သောလူနာ  ခြောက်ဦးကို နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)သို့ လည်းကောင်း   လွှဲပြောင်းကုသနိုင်ရန် စီစဉ် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး   အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်   မိတ္ထီလာ လေတပ်စခန်း ဌာနချုပ်မှူး    ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံကြီး မိတ္ထီလာမြို့သို့ ရောက်ရှိကာ လာရောက်ပြသကုသမှုခံယူကြသော လူနာများကိုကြည့်ရှု အားပေးပြီး ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများအား ကျေးဇူးတင် စကားပြောကြား၍ လာရောက်ပြသကြသော လူနာများကို    နေ့လယ်စာထမင်းဘူးများ လှူဒါန်းခြင်းနှင့် အထူးကုဆေးကုသရေး အဖွဲ့ကို ဒေသထွက်အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

အထူးကုဆေးကုသရေး အဖွဲ့များသည် ၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ သုံးကြိမ်နှင့်   ပုသိမ်မြို့၊   တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့တို့သို့ သွားရောက်၍ ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။