လပွတ္တာမြို့နယ်၌ နေလှန်းဆား ဈေးကောင်းရရှိ

လပွတ္တာမြို့နယ်၌ နေလှန်းဆား ဈေးကောင်းရရှိ

လပွတ္တာ  စက်တင်ဘာ  ၄

    ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်၌ ဒေသထွက် နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်း ရရှိနေကြောင်း လပွတ္တာ မြို့နယ်မှ  ဆားထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဆွေသန်း၏ ပြော ပြချက်အရ သိရသည်။

“ဒီနှစ် နေလှန်းဆားဈေးနှုန်းက  တော်တော်ကောင်းနေတယ်။  လက်ရှိမှာ  ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်း လုပ်တဲ့ရာသီဖြစ်လို့ အခုလို ဒေသထွက် ဆားဈေးတက်နေတာပါ။ လက်ရှိအချိန်က လက်ကျန်ဆား တွေကိုပဲ ရောင်းနေတာ။ အခုလိုဆားဈေး ကောင်းလာတော့ ဆားထုတ်လုပ်တဲ့သူတွေလည်း  အဆင်ပြေလာတာ တွေ့ရပါတယ်။

ဒေသထွက်ဆားတွေကို   ဧရာဝတီတိုင်း ဒေသကြီးထဲက    ဆားဝယ်လက်တွေကို     ရောင်းချနေရတဲ့အပြင် ရန်ကုန်ဈေးကွက်ကိုလည်း တင်ပို့ရောင်းချနေပါတယ်။ ဆားဈေးကောင်းလာတော့ ဆားသိုလှောင်ထားသူတွေ အဆင်ပြေတာ တွေ့ရပါတယ်”ဟု ဒေါ်ဆွေသန်းက ပြောသည်။

လပွတ္တာမြို့နယ်၌ မေ၊ ဇွန်နှင့်ဇူလိုင်လတို့က နေလှန်းဆားပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၅၅၀၀၀ ခန့်သာ ဈေးရရှိခဲ့ပြီး သြဂုတ် ၁ ရက်မှ လက်ရှိအချိန်ထိ နေလှန်းဆား ပိဿာချိန် ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်း ရရှိနေခြင်းဖြစ်သည်။