မြန်မာအစိုးရအနေနဲ့ မိုခါမုန်တိုင်းဒဏ်သင့် ထူထောင်ရေးလုပ်ငန်းတွေနဲ့ နေရပ်စွန့်ခွာသူများ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးနေတာကိုလည်း တွေ့မြင်ခဲ့ရတယ်

မြန်မာအစိုးရအနေနဲ့ မိုခါမုန်တိုင်းဒဏ်သင့် ထူထောင်ရေးလုပ်ငန်းတွေနဲ့ နေရပ်စွန့်ခွာသူများ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးနေတာကိုလည်း တွေ့မြင်ခဲ့ရတယ်
မစ္စတာဂျေအမ်ပရီယန်သာ ဘန်ဒါရာ
(မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး)

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ  ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်  မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံး အကြီးအကဲများနှင့် သံတမန်များသည်  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရ ဝန်ကြီး များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် ရခိုင် ပြည်နယ်ရှိ မိုခါမုန်တိုင်းသင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် ထားရှိမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှု များနှင့် IDP စခန်းများ၌ ပြောင်းရွှေ့ နေရာချထားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို သွားရောက် လေ့လာကြည့်ရှုခဲ့ကြသည်။

အဆိုပါ လေ့လာရေးခရီးစဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ် နှင့် မြန်မာနိုင်ငံ အခြေစိုက် သံရုံးများမှ တာဝန်ရှိသူများ၏ စကားသံများကို စုစည်း ဖော်ပြ လိုက်ရ ပါသည် -

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)

ဒုတိယဥက္ကဋ္ဌ(၁)၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ

အခုသံတမန် ခရီးစဉ်ကို စီစဉ်ရတဲ့ အဓိက ရည်ရွယ်ချက် နှစ်ခု ရှိပါတယ်။ တစ်ခုကတော့ ဆိုင်ကလုန်းမိုခါ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ စစ်တွေမြို့ဟာ တော်တော်လေးကို ထိခိုက်ခံစား ခဲ့ရတယ်။ အဲဒီကနေ ပြန်လည် ရုန်းထပြီးတော့ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကြရတယ်။ လုပ်ကြတဲ့အခါ နိုင်ငံတော်အကြီးအကဲရဲ့ မူဝါဒအရ ပြည်သူ လူထုကို အဓိက ထိခိုက်စေခဲ့တဲ့ နေရာတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးတို့မှာ ဘယ်လိုလုပ်နေသလဲ။ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ပြန်လည် ပြုပြင် ပေးနေ သလဲ။ ဒီလိုလုပ်တဲ့အခါဘယ်သူကိုမှ ချန်မထားဘဲ အားလုံးကို ဂရုစိုက်တယ်ဆိုတာက ကျွန်တော်တို့ရဲ့ မူဝါဒဖြစ်တဲ့အတွက် မြို့ထဲမှာရော၊ မြို့ပြင်မှာရော  လူ့အဖွဲ့အစည်း အကုန်လုံးကို တတ်နိုင်သလောက် စောင့်ရှောက်ပေးနေပါတယ်။

ဒီက အခြေအနေတွေက ပြီးခဲ့တဲ့ တစ်ခေါက်နဲ့စာရင် တော်တော်များများ တိုးတက် လာပါတယ်။ တစ်ကယ်တမ်း ပြောရမယ်ဆိုရင် IDP Camp က အဖွဲ့တွေကို မိုခါမတိုင်ခင် ကတည်းက အကုန်လုံးကို ခေါ်ပြီး လုံခြုံတဲ့နေရာ ပို့ပေးထားတဲ့အတွက် အထိအခိုက် တော်တော် နည်းသွားတယ်။ ဒါပေမယ့်လည်း ဒီမှာလိုအပ်ချက်လေးတွေ ရှိပါသေးတယ်။ ဒီလို အပ်ချက်လေးတွေကို ကျွန်တော်တို့ ဘယ်လို ဖြည့်ဆည်းပေးမလဲ။ ဘယ်လို ပိုကောင်းအောင် လုပ်မလဲ။ အခုလို နိုင်ငံတကာက သံတမန်တွေကို ခေါ်ပြီးတော့ ပြသခြင်း အားဖြင့် သူတို့ဆီ ကနေ နားလည်မှု၊ စာနာထောက်ထားမှုနဲ့ ကူညီမှု ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတာကို ဒီအထိ ဖိတ်ခေါ်ပြသတာ ဖြစ်ပါတယ်။

ပြီးတော့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် အဓိကအဆင့်သုံးဆင့် ရှိပါတယ်။ အဓိက အဆင့်သုံးဆင့်ကတော့ ပထဆုံး ဝင်လာတဲ့နေရာမှာ လက်ခံတယ်၊ လုံခြုံရေး အရ လိုအပ်တာ စိစစ်မယ်၊ လူဝင်မှု ကြီးကြပ်ရေးဘက်ကနေ စိစစ်မယ်၊ စိစစ်ပြီး လို့ရှိရင်  e-ID  စိစစ်တာရှိမယ်၊ အဲဒါပြီးတာနဲ့ သူတို့အတွက် နိုင်ငံသားဖြစ်မှု အတွက် စိစစ်တဲ့ကတ်ကို ထုတ်ပေးမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့ နိုင်ငံသား ဖြစ်ဖို့အတွက် ဆက်ပြီး လျှောက်ထားနိုင်ပါ တယ်၊ ဒီလိုမျိုး လုပ်ငန်းတွေပြီးတဲ့အချိန်မှာ သူတို့ဝင်လာတဲ့  ပြန်လည် လက်ခံရေး စခန်းမှာ ခဏတာထားပြီးတော့ လူစုမိတဲ့အခါကျရင် ကြားစခန်းအနေနဲ့ လှဖိုးခေါင် ကြားစခန်းမှာ ထားမှာဖြစ်ပါတယ်။

ဒီကြားစခန်းမှာ ထားတဲ့အခါမှာတော့ သူတို့အတွက် မိသားစုအလိုက် နေထိုင်လို့ ရမယ်၊ နောက်တစ်ခုက သူတို့အတွက် ဆန်၊ ဆီ၊ ဆား စသဖြင့် ထောက်ပံ့မှုတွေ၊ အိုးခွက် ပန်းကန် ကစပြီး ထောက်ပံ့မှုတွေရှိမယ်။ ကလေးတွေအတွက်ဆို ကလေး ကစားစရာတွေ၊ ကလေးတွေ ပျော်အောင် စီစဉ်ထားတဲ့ နေရာလေးတွေ ရှိမယ်၊ စက်ချုပ်သင်တန်း လေးတွေ ရှိမယ်။ အဲဒီမှာကတော့ အချိန်က တစ်ပတ်၊ နှစ်ပတ် အတန်အသင့် ကာလရှိမယ်၊ တချို့လည်း တစ်လ၊ နှစ်လတော့ ဖြစ်ကောင်း ဖြစ်သွားမှာပေါ့။

ဒီကြားစခန်းမှာ နေပြီးရင် အမြဲတမ်းအခြေချမယ့် နေရာကို သူတို့က ပြောင်းရွှေ့ကြရ မယ်။ အမြဲတမ်း အခြေချမယ့် နေရာမှာဆိုရင်လည်း သူတို့အတွက် အခုလောလောဆယ်မှာ ရွာပေါင်း ၂၀ လောက်ကို ၂၅ ပေ၊  ပေ ၆၀ အကွက်ရိုက် ရှင်းလင်းပေးထားတာ ရှိပါတယ်။ ဒါတွေကတော့ ရွာသစ်လေးတွေ ဖြစ်လာပါမယ်၊ ဒီရွာသစ်တွေကိုလည်း မူလနေထိုင်တဲ့ ရွာအဟောင်းတွေနဲ့ နီးစပ်တဲ့ နေရာတွေမှာ ပြန်ချပေးမယ့် အနေအထားရှိပါတယ်။

နောက်တစ်ခုကတော့ အရင်က နိုင်ငံတကာ အထောက်အပံ့နဲ့ ဆောက်ထားတဲ့ ရွာတွေလည်း ရှိပါတယ်။ အဲဒီရွာတွေမှာလည်း သူတို့နေချင်တယ်ဆိုရင် နေလို့ရတယ်။ ဒါမှမဟုတ်ဘဲ ခဏတစ်ဖြုတ်နေပြီးတော့ သူတို့အမြဲတမ်းနေထိုင်မယ့် နေရာမှာသွားပြီး အခြေချချင် တယ်ဆိုရင်လည်း ရပါတယ်။ 

တကယ်လို့ သူတို့ရဲ့ မူလရွာတွေက လက်ရှိ ရှိနေသေးတယ်၊ အိမ်အဟောင်းတွေလည်း ရှိတယ်၊ ဆွေမျိုး သားချင်းတွေလည်း အဲဒီမှာ ရှိတယ်၊ မူလရွာခံတွေနဲ့ သူတို့နဲ့ အဆင်ပြေတယ် ဆိုရင် လည်း သူတို့နေချင်တဲ့ မူလလက်ဟောင်းရွာတွေမှာ သက်ဆိုင်ရာ ကျေးရွာ အာဏာပိုင် ၊ ပြည်နယ်အစိုးရတို့ရဲ့ တရားဝင် ခွင့်ပြုချက်တွေနဲ့ နေနိုင်ဖို့အတွက် စီစဉ်ပေးမှာ ဖြစ်ပါတယ်။

ဒီလိုမှ မဟုတ်ဘဲ ရွာသစ်တွေမှာ အဆင်ပြေတယ်ဆိုရင် ရွာသစ်တွေမှာ နေလို့ရပါတယ်၊ ဒါကကျွန်တော်တို့အနေနဲ့ အတင်းအကြပ်  နှင်လွှတ်တာမဟုတ်ဘူး။ သူတို့ရဲ့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ နေရာချထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာက ဘာလဲဆိုတော့ ပြန်ဝင်လာတာကတော့ လွယ်တယ်၊ ပြန်ဝင်လာပြီးတော့ အခြေချနေထိုင်နိုင်ဖို့ အလုပ်အကိုင် တွေ ဖန်းတီပေးဖို့လိုမယ်၊ ဝင်ငွေတွေ ရရှိအောင် လုပ်ပေးဖို့လိုမယ်၊ သူတို့ရဲ့ အသက်မွေးဝမ်း ကျောင်း လုပ်ငန်းအတွက် ထောက်ပံ့မှုတွေ လိုမယ်။

 ငါးဖမ်းတဲ့ လူတွေအတွက်ဆို ငါးဖမ်းတဲ့ ကိရိယာတွေ၊ လှေတို့ ပိုက်တို့၊ စိုက်ပျိုးမယ့် လူတွေဆိုရင် မျိုးစေ့၊ မြေဩဇာ၊ ထွန်၊ ထယ်၊ လယ်ထွန်စက်၊ ရေစုပ်စက် စသဖြင့် ဒါမျိုး တွေကိုလည်း ကျွန်တော်တို့က ပံ့ပိုးပေးရမယ်။ လောလောဆယ် သုံးလ စာလောက် စားဖို့ သောက်ဖို့အတွက် ပံ့ပိုးနိုင်တယ်။ အဲဒါပြီးရင်တော့ ကိုယ့်ဘာသာ ကိုယ် ရပ်တည်ရမယ်၊ ဒီကာ လအတွင်းမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့ ဝိုင်းဝန်းပြီး ဆက်လက်လုပ်ဆောင် ပေးဖို့ လိုပါတယ်။

အဲဒီအတွက်ကြောင့် အခုသံတမန်တွေကို ဖိတ်ခေါ်ပြီးတော့ ပြသတယ်။ အပြင်မှာ ဖြစ်နေတဲ့ သတင်းအမှားတွေ ထုတ်လွှင့်နေတာထက် လက်တွေ့အခြေအနေမှန်ကို   မြင်နိုင် အောင် ကျွန်တော်တို့ ခေါ်ပြီးတော့ ပြတယ်။ သူတို့ရဲ့ နားလည်မှု၊ သူတို့အတွက် သတင်း အမှန်ကို ရရှိနိုင်ဖို့အတွက် ရှင်းလင်းပြီး အသေးစိတ်ပြောပြတယ်၊ သူတို့ သိချင်တဲ့ အချက် အလက်တွေကို ရှင်းပြတယ်။

ရှင်းပြတော့ တော်တော်များများလည်း နားလည်သွားကြတယ်၊ သဘောပေါက်သွားကြ တယ်၊ သူတို့ရဲ့ နိုင်ငံကို ပြန်ပြီးတော့ ဒီအခြေအနေမှန်ကို အစီရင်ခံသွားမယ်ဆိုတာကိုလည်း ကျွန်တော်တို့ကို ပြောကြားပါတယ်။

ဘင်္ဂလားဒေ့ရှ် သံအမတ်အနေနဲ့လည်း သူတို့ရဲ့အခြေအနေနဲ့ဒီဘက်အခြေအနေကို နှိုင်းယှဉ်ပြီးတော့ ဒီဘက်က လုပ်ဆောင်တာတွေကို သူသဘောပေါက်နားလည်တယ်၊ တချို့ အရာ လေးတွေကိုတော့ ရှင်းရှင်းလင်းလင်းသိဖို့ လိုတဲ့အတွက်၊ သူလည်းပြန်ပြီး သတင်းပို့ရမှာ ဖြစ်တဲ့အတွက် သိချင်တာကို အသေးစိတ်မေးမြန်းပါတယ်။ ဒီလိုမေးတဲ့အတွက် ကျွန်တော်တို့ ကလည်း သူ့ကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းပဲ ဖြေကြားခဲ့ပါတယ်။

 အခုကတော့ ရွာအနေနဲ့ ရွာ ၂၀ မှာ ပထမဆုံး ၂၅ ပေ၊ ပေ ၆၀ ပတ်လည် အကွက် ၅၀ စီနဲ့ အိမ်ခြေ ၁၀၀၀ စာ မြေနေရာကိုတော့ ရှင်းလင်းထားပြီး အကွက်ရိုက်ထားပါတယ်။  သူတို့ ရောက်လာတဲ့ အချိန်ကျရင် ABH container house မျိုးတွေ နိုင်ငံတကာနဲ့၊ တရုတ်နိုင်ငံက ဆက်လက် ထောက်ပံ့ဖို့ ရှိပါတယ်။ ဒါမျိုးနဲ့ သူတို့ နေနိုင်တယ်ဆိုရင် အဲဒါတွေနဲ့ အရင်နေရာ ချပေးမယ်။ ဒါမှမဟုတ် သူတို့ဘာသာ သူတို့စိတ်ကြိုက်ပုံစံနဲ့ ဆောက်ချင်တယ်ဆိုရင်လည်း Cash for Work ၊ အလုပ်အတွက် ပိုက်ဆံပေးပြီး သူတို့ဘာသာ ရှင်းလင်းပြီးတော့ သူတို့ စိတ်ကြိုက်ဆောက်နေလို့ရပါမယ်။ အဲဒီ လို ပုံစံမျိုးနဲ့ ဆက်ပြီး နေရာချထားပေးသွားမယ်။

အဲဒီရွာတွေရဲ့ အနီးမှာ အခြားရှိပြီးသား ရွာ တွေရှိတယ်၊ အဲဒီရွာတွေမှာ ဆေးခန်း၊ ဆေးရုံ၊ ကျောင်း ဒါမျိုးတွေကလည်း ရှိပြီးသား ဖြစ်ပါတယ်။ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး အတွက် အဲဒီရွာတွေနဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရောက်လာတဲ့ အချိန်မှာ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီအလုပ်တွေက အရင်ကတည်းက ကြိုးစားခဲ့တယ်။ အစိုးရ အဆက်ဆက် လုပ်ခဲ့တယ်၊ လုပ်ခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်း၊ အရပ်ရပ်ကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းတွေကို မစနိုင်သေးပါဘူး။ အခု နှစ်ဖက်နိုင်ငံ သဘောတူညီချက် အရ လာမယ့် မိုးကုန်တဲ့အချိန်၊ ခြောက်သွေ့ရာသီမှာ အမြန်ဆုံးစနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ပြင်ဆင်စရာရှိတာတွေ အတတ်နိုင်ဆုံး ပြင်ဆင်နေတယ်။

စခါစမှာတော့ Pilot Project  အနေနဲ့ နည်းနည်း လက်ခံပြီးတော့ တွေ့ကြုံရမယ့် စိန်ခေါ် မှုတွေကို  လုပ်သွားရင်း၊ လုပ်သွားရင်းနဲ့ ပိုကောင်းသထက် ကောင်းအောင် လုပ်သွား မယ်။ ကူမင်း သဘောတူညီချက်အရ ဒီနှစ်အတွင်း လူ ၇၀၀၀ လက်ခံဖို့ရှိပါတယ်။ လက်ခံ နိုင်ဖို့အတွက်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပါမယ်။

အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

          မိုခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ နိုင်ငံတော်ရဲ့ ဦးဆောင်မှု နဲ့ နိုင်ငံတော်အဆင့်မှာ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရှိပါ တယ်။ ဒီကော်မတီအောက်မှာ လုပ်ငန်းအဖွဲ့ ၁၂ ခုရှိပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီး အားလုံးမှာ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာလည်း သဘာဝဘေး စီမံခန့်ခွဲမှု အဖွဲ့တွေရှိပါတယ်။ ဗဟိုကော်မတီ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့တွေ ပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ  ဆောင်ရွက် ကြပါတယ်။

          ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ မစခင်မှာ ဆောင်ရွက်ထားရတာတွေလည်း ရှိတယ်။ မဖြစ်ပွားခင် အချိန်ကတည်းက ကြိုတင်သတိပေးချက်တွေ၊ ဘေးမဖြစ်ခင် ရှောင်ရှား နိုင်တဲ့ ကိစ္စတွေ၊ ဘေးဖြစ်ခဲ့ရင် ထောက်ပံ့ဖို့အတွက် ကြိုတင်ပြီး စုဆောင်းထားရတာတွေ ရှိပါတယ်။ လူတွေအတွက် ဘာတွေလိုသလဲ ဆိုတော့ အကြမ်းအားဖြင့် အစားအသောက်တွေ၊ နေရေးထိုင်ရေး ပစ္စည်းတွေနဲ့ နေအိမ်တွေ ၊ ဒါတွေကို မဖြစ်ခင်ကတည်းက ကြိုတင်ပြီးတော့ စီမံရပါတယ်။ အဆောက်အအုံတွေ၊ စာသင်ကျောင်း တွေ၊ လမ်း၊ တံတား ၊ ဆေးရုံ ဒါတွေက မရှိမဖြစ် နိစ္စဓူဝ လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။

ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ ဝန်ကြီးဌာန တစ်ခုတည်း လုပ်လို့မရပါဘူး။ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဦးဆောင်မှုနဲ့ ဝန်ကြီးဌာနအားလုံး ပူးပေါင်းပြီး လုပ်ကြပါတယ်။ ဥပဒေထဲမှာလည်း ပါပါတယ်၊။ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre-DMC)ကို ဖွဲ့စည်းထားပါတယ်။ ၂၄ နာရီ ရုံးခန်းဖွင့်လှစ်ပြီးတော့ ဝန်ကြီးဌာန အားလုံးက တာဝန်ရှိသူတွေ လာပြီးတော့မှ အားလုံး ပူးပေါင်း ဆောင်ရွက်ကြပါတယ်။

          ကျွန်တော်တို့ ဌာနအနေနဲ့ ပံ့ပိုးကူညီပြီး၊ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ရပါတယ်။ လုပ်ငန်း တွေကို ဝန်ကြီးဌာနတွေက သူတို့ တာဝန်အလိုက် လုပ်ကြတဲ့အခါ ကျွန်တော်တို့က ပေါင်း စပ်ပြီး လုပ်ပေးတယ်။ ဒီကနေ့ ဒီအချိန်မှာဆိုရင် ၃ လခွဲ ကာလ ရှိနေပါပြီ။ ဒီခရီးစဉ်မှာ နိုင်ငံ တကာက သံတမန်တွေကို ဒါတွေကို ပြသတယ်။ UN ၊ NGO  တွေနဲ့ ပူးပေါင်း ဆောင်ရွက် တာတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေက လှူဒါန်းမှုတွေ၊ ပံ့ပိုးကူညီမှုတွေ၊ ဒါတွေကလည်း ကျွန်တော်တို့ အမြဲတမ်းပြောနေကျ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့်  Cooperative Approach နဲ့ သွားတယ်။ အဲဒီမှာ အရေးအကြီးဆုံး ပြတာက ကျွန်တော်တို့မှာ မူဝါဒ ရှိပါတယ်။ ဒါကတော့ သဘာဝဘေး စီမံခန့်ခွဲမှုနဲ့ ထောက်ပံ့ရေး လုပ်ငန်း ဆောင်ရွက်တဲ့အခါ “မည်သူမျှ ချန်ထားခြင်းမရှိစေရ၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေ ရရှိအောင်၊ ပိုမိုကြံ့ခိုင်သော လူနေမှုဘဝ ရရှိအောင်” ဒါတွေကို ကျွန်တော်တို့ ရည်မှန်း ပြီးတော့ လုပ်ရပါ တယ်။

          စောစောက ကျွန်တော်ပြောခဲ့သလို မည်သူမျှ ချန်ထားခြင်းမရှိစေရ ဆိုတာ အပြင် ထိခိုက်လွယ်တဲ့ အုပ်စုတွေ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ၊ သက်ကြီး ရွယ်အိုတွေ ဒါမျိုးတွေကိုပါ ကြည့်ရတယ်။ ပေါင်းလိုက်ရင်တော့ မည်သူကိုမှလည်း ချန်မ ထားဘူး။ IDP Camp တွေမှာဆိုရင်လည်း သက်ကြီးရွယ်အိုတွေပါတယ်၊ အမျိုးသမီးတွေ ပါတယ်။ ပြီးတော့ IDP Camp တွေမှာဆိုရင် သီးခြားလိုအပ်ချက်တွေလည်း ရှိသေးတယ်၊ ဒါတွေကိုလည်း ကျွန်တော်တို့က တတ်နိုင်သလောက် ဖြည့်ဆည်းပေးပြီးတော့ ဆောင်ရွက် နေပါ တယ်။ မူလကလည်း ဖြည့်ဆည်းပေးတယ်၊ မိုခါကြောင့်လည်း ပိုပြီးတော့ ဖြည့်ဆည်း ပေး တယ်။

          မဖြစ်ခင် ကတည်းက IDP Camp တွေမှာ မကျန်ရစေအောင် စီစဉ်တယ်။ ဒီတစ်ခါ မုန်တိုင်းမှာ စစ်တွေမှာဆိုရင် များသောအားဖြင့် အဆောက်အဦတွေ အများကြီး ပျက်စီး သွားပါ တယ်။ ဒါပေမယ့် မုန်တိုင်း ပြင်းအားနဲ့ ပျက်စီးတာနဲ့ စာရင် အသေအပျောက် အင်မတန်နည်းတယ်။ ဒါတွေကတော့ ကျွန်တော်တို့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်ကြလို့  ဒီလိုမျိုး ဖြစ်တာပါ။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း

မိုခါမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်အကြီးအကဲ ရောက်ရှိလာပြီး တော့ ကျွန်တော်တို့ကို ညွှန်ကြားချက် ပေးပါတယ်။ ဒါကတော့ အရင်အခြေအနေထက် သာလွန်ကောင်းမွန်တဲ့ အခြေအနေဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်ဖို့ပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ အရင်အခြေအနေထက် သာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။

ဒီလိုဆောင်ရွက်တဲ့အခါမှာ ပထမဦးစားပေးအနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးအပါအဝင် ပြန်လည်ထူထောင်ရေး ကိစ္စရပ်တွေကို တစ်ခုပြီးတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် ပြန်လည်တည်ဆောက်ရေး အပိုင်းတွေကို  သူ့အပိုင်းနဲ့ သူ ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ လျှပ်စစ်မီးအပါအဝင် လမ်း ပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လှုမှုရေးအားလုံး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုတော့ ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကဏ္ဍကို အထူးဦးစားပေး ဆောင်ရွက်နေတဲ့ အချိန် ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒေသဟာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက ဦးစားပေးဆောင်ရွက်တဲ့ ဒေသ၊ အရင်းအမြစ်တွေ ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်မှာကြားချက်နဲ့အညီ စိုက်ပျိုးရေးအတွက် နိုင်ငံတော်က အထွက်နှုန်းကောင်းတဲ့ မျိုးစပါးတွေကို ပေးထားပါတယ်။ အရင်ထက်ပိုပြီးတော့ အထွက်နှုန်းတွေ ကောင်းအောင် စိုက်နည်းစနစ်တွေ၊ ထွန်ယက်တာကအစ စက်မှုလယ်ယာကနေ အခမဲ့ ကူညီ ထွန်ယက် ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ ဒါကြောင့်မို့ မကြာမီ တစ်ပြည်နယ်လုံးမှာရှိတဲ့ စိုက်ဧက အားလုံး ထွန်းတုံး ပိတ်နိုင်မှာဖြစ်ပါတယ်။

မွေးမြူရေး ကိစ္စရပ်တွေမှာ မိုခါကြောင့် ဆုံးရှုံးနစ်နာမှုတွေ ရှိပါတယ်။ ဒီအတွက် နိုင်ငံတော်ရဲ့ အထောက်အပံ့၊ အကူအညီနဲ့ ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လမ်းညွှန်မှာကြားထားတာ ရှိပါတယ်။ ဒါကတော့ လုပ်နိုင်ချေ ကောင်းတဲ့၊ အလားအလာ ကောင်းတဲ့ မွေးမြူရေးသမားတွေကို ပျိုးထောင်ပေးရတာ ဖြစ်ပါ တယ်။ ဒါကြောင့်မို့ နိုင်ငံတော်က တစ်ဖက်က စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ ကူညီထောက်ပံ့ ပေးသလို မွေးမြူရေးနဲ့ပတ်သက်လို့လည်း ချေးငွေတွေ ထောက်ပံ့ပေးပြီးတော့ ဆောင်ရွက် နေပါတယ်။

အခုရောက်ရှိလာတဲ့ သံတမန်တွေက ဒီကအခြေအနေတွေကို သူတို့အံ့ဩသွားတယ်။ မိုခါမုန်တိုင်း တိုက်ခတ်ခဲ့တာ တစ်ကယ် ဟုတ်ရဲ့လားဆိုပြီး သူတို့ အံ့ဩတာ တွေ့ပါ တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အချိန်တိုအတွင်းမှာ ပုံမှန်အနေအထား ရောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ အားထုတ်မှု တစ်ခုတည်း မဟုတ်ပါဘူး။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်ထောင်စု အဆင့်က ဆောင်ရွက်သလို တပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ အသီးသီး နဲ့ ဒေသခံ ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်ကြတဲ့ အင်အားတွေကြောင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလိုပဲ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၊ ဆေးရုံနဲ့ ကူညီထောက်ပံ့ရေး ပစ္စည်းတွေ တင်ချနေတာတွေကိုလည်း လက်တွေ့ ပြသနိုင်ခဲ့ပါတယ်။ ထို့အတူ ကျွန်တော်တို့မှာ ရှိတဲ့ စခန်းတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့ သူတွေကို ကူညီထောက်ပံ့ပေးနေတာ တွေလည်း ရှိပါတယ်။ ဒါတွေကို သူတို့ကို မျက်ဝါးထင်ထင် ပြသနိုင်ခဲ့ပါတယ်။ ဒါကတော့ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာကို သိအောင် ဆောင်ရွက်နိုင်ခဲ့တယ် ဆိုတဲ့ အကျိုး ရလဒ်ပါပဲ။ ဒါကလည်း ကျွန်တော်တို့အားလုံးရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုပါပဲ။

ပြန်လည်လက်ခံရေးကိုလည်း ကျွန်တော်တို့ ရည်မှန်းချက်ထားဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လည်း လက်ခံတဲ့နေရာမှာ စတင်စစ်ဆေးပြီးတော့ လက်ခံမယ့်နေရာ ၊ သယ်ယူ ပို့ဆောင်မယ့် နေရာ၊ သူတို့ကို နေရာချထားမယ့် နေရာတွေကို ကျွန်တော်တို့ လိုက်ပြ လိုက်ပါ တယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ အမှန်တစ်ကယ် လုပ်ကိုင်နေတာတွေ အားလုံးကို မြင်တွေ့ သွားတယ်။

ဒီလို မြင်တယ်၊ တွေ့တယ်၊ သိတယ် ဒါတွေနဲ့ ပတ်သက်ပြီး မြင်တဲ့၊ တွေ့တဲ့၊ သိတဲ့ အရာတွေကို သူတို့မိတ်ဆွေတွေကို ပြောပြစေချင်တယ်။ အမှန်ကို အမှန်တိုင်း ပြောပြစေချင် ပါတယ်။ ဒါတွေကို ပြသခွင့်ရဖို့ နိုင်ငံတော် အကြီးအကဲရဲ့ ဒီခရီးစဉ် စီမံပေးမှု ဟာ ကျွန်တော် တို့အတွက် အခွင့်အရေး ကောင်းတွေ များစွာရရှိခဲ့ပါတယ်။ ကျွန်တော် တို့အနေ နဲ့ အမှန်တစ် ကယ် လုပ်ကိုင်ပေးထားတာတွေကို သူတို့မြင်တွေ့သွားတယ်။ ဒီလိုမြင်တွေ့ တာတွေကို သတင်းစကားတွေအဖြစ် သူတို့ရဲ့ မိတ်ဆွေတွေကို ပြောဖို့ပဲ လိုပါတယ်။ 

မစ္စတာ မုံခွန်း ဝိစစ်စတန်

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး

ကျွန်တော်က မတ်လတုန်းက ပထမအကြိမ် လေ့လာရေးခရီးစဉ်မှာလည်း လိုက်ပါ ခဲ့ပြီးတော့ ခြောက်လအကြာ အခု ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ မိုခါကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေအတွက် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက် ပေးကြတဲ့ သူတွေအားလုံး ပါဝင်ကူညီဆောင်ရွက်ပေးထားတဲ့ ပြန်လည် ထူထောင် ရေး အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီအတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

ကျွန်တော်တို့ ထိုင်းနိုင်ငံအနေနဲ့ မိုခါဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ၊ တခြား နေရာတွေက ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုကို စာနာနားလည်ပါတယ်။ ထိုင်းဘုရင် အပါ အဝင်  ထိုင်းပြည်သူတွေက စာနာထောက်ထားမှု အကူအညီတွေကို မြန်မာပြည်သူ တွေထံ ပေးခဲ့ပါတယ်။ မိုခါမုန်တိုင်း ခံစားခဲ့ရပေမယ့် ပြည်သူတွေအနေနဲ့ လုံခြုံတဲ့၊ ပိုမိုကောင်းမွန်တဲ့ လူမှုဘဝကို ရရှိနေကြတာကို လက်တွေ့တွေ့မြင်ခဲ့ရပါတဲ့အတွက်လည်း မြန်မာ အစိုးရရဲ့ ဆောင်ရွက်မှုများအပေါ် များစွာချီးကျူးဂုဏ်ယူမိပါတယ်။

 ပထမအကြိမ် လေ့လာရေး ခရီးစဉ်မှာကတည်းက ရခိုင်ပြည်နယ်မှာ လူမှုပေါင်းစည်း ရေးအတွက် ဆောင်ရွက်ပေးနေမှုတွေ၊ မတူညီတဲ့ လူမှုအသိုက်အဝိုင်းနှစ်ခု အတူတကွ ပညာ သင်ကြားမှုတွေကို လေ့လာ ခွင့်ရခဲ့ပြီး ဒီနေ့မှာလည်း မုန်တိုင်းဒဏ်သင့်ပြီးနောက် အဆိုပါ သင်တန်းတွေကို အဆက်မပြတ်ဘဲ ဆက်လက်ဖွင့်လှစ်ပေးနေတာကို တွေ့ရတဲ့အတွက် မြန်မာ အစိုးရရဲ့ ဆောင်ရွက်နေမှုအပေါ် များစွာချီးကျူးလိုပါတယ်။ ပြီးတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဆောင်ရွက်မယ့် ပြန်လည်လက်ခံရေး စခန်းတွေကို သွားရောက် လေ့လာမှာဖြစ်ပါတယ်။ ပထမအဆင့်ဖြစ်တဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေအတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်မှုကနေ ရှေ့ဆက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်။

 ထိုင်းနိုင်ငံအနေနဲ့ TICA အစီအစဉ်အောက်ကနေပြီး ရခိုင်ပြည်နယ်နေ ပြည်သူများရဲ့ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ဒီလို ဆောင်ရွက်မှုတွေကနေ ပြန်လည်ဝင်ရောက်လာမယ့် နေရပ်စွန့်ခွာသူတွေအတွက် ကောင်းမွန် လုံခြုံတဲ့ လူမှု စီးပွားဘဝတွေကို ရရှိစေမယ်လို့လည်း ယုံကြည်ပါတယ်။

မစ္စတာ ဂျေ အမ် ပရီယန်သာ ဘန်ဒါရာ

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး

ဒီခရီးစဉ်မတိုင်မီက ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်ကို ရောက်ရှိခဲ့ဖူးခြင်း မရှိသေးတဲ့ အတွက် ဒီဒေသနဲ့ ပတ်သက်ပြီး သေချာသိရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ ယခု (၂) ရက်တာ သံတမန် ခရီးစဉ်မှာ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ဆိုင်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ IDP စခန်းနေသူများအတွက် စီမံဆောင်ရွက်ပေးထားမှုတွေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများကို စိစစ်ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်ထားရှိတဲ့ အခြေအနေ တွေကို မျက်မြင်လေ့လာခွင့် ရခဲ့ပါတယ်။ ဒီလိုမျိုး မြန်မာအစိုးရရဲ့ ဆောင်ရွက်ပေးနေ မှုကိုလည်း မိမိအနေနဲ့ ဝမ်းမြောက်စွာ အသိအမှတ် ပြုကြောင်းလည်း ပြောလိုပါတယ်။

မြန်မာအစိုးရအနေနဲ့ မိုခါမုန်တိုင်း ဒဏ်သင့် ထူထောင်ရေးလုပ်ငန်းတွေနဲ့ နေရပ်စွန့်ခွာ သူများ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးနေ တာကိုလည်း တွေ့မြင် ခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ ပြောကြားရမယ်ဆိုရင် သီရိလင်္ကာနိုင်ငံမှာလည်း နှစ် (၃၀) ကြာ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ခဲ့မှုတွေ၊ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီ ဘေးဒဏ်သင့် ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ စီးပွားရေးအကျပ် အတည်းတွေ၊ ကိုဗစ်-၁၉ လို ကပ်ရောဂါများ ထိန်းချုပ်ကာကွယ် ကုသရေးတွေ စတဲ့အခက်အခဲ များစွာကို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံတွေရှိခဲ့ပါတယ်။ ဒါကြောင့် ခုလို မြန်မာနိုင်ငံက ခုရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်း နိုင်တာကို တွေ့မြင့် ရတဲ့အတွက်လည်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ပေးမှုအပေါ် ချီးကျူးဂုဏ်ပြုကြောင်း ပြောလိုပါတယ်။

ဆိုင်ကလုန်းမိုခါနဲ့ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရအနေနဲ့ ကြိုတင် သတိပေး မှုတွေ ကြိုတင်ပြင်ဆင်မှုတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့လို့ သေဆုံးမှုအရေအတွက် အနည်းဆုံးဖြစ်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော်တို့ လေ့လာခဲ့ရတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး စီစဉ် ဆောင်ရွက် ရတာတွေဟာ ဒီလို အခြေအနေ ရောက်ရှိအောင် လက်တွေ့ဆောင်ရွက်ရတာ မလွယ်ကူ နိုင်ပါဘူး။

 နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် မြန်မာ အစိုးရဟာ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် စဉ်ဆက်မပြတ် အကောင် အထည် ဖော်ဆောင်ပေးနေတာကို လေ့လာခဲ့ရပါတယ်။ ဒီနေရာမှာ ပြောကြား လိုတာကတော့ သီရိလင်္ကာနိုင်ငံအနေနဲ့ အကြမ်းဖက်တိုက်ဖျက်မှုကို လုပ်ဆောင်ပြီးနောက် မူလအခြေအနေ ရောက်ရှိဖို့ လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာလည်း အချိန်ယူဆောင်ရွက်ခဲ့ရသလို ပြန်လည် နေရာချ ထားရေးမှာ မူလအခြေအနေပြန်လည်ရောက်ရှိဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်တယ် ဆိုတာပဲဖြစ်ပါတယ်။ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးမှာ စိန်ခေါ်မှုတွေ ရှိနေတယ် ဆိုပေမယ့် မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေ အခက်အခဲတွေ အားလုံးကို အောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ သီရိလင်္ကာ နိုင်ငံ အနေနဲ့လည်း မိတ်ဆွေကောင်းပီသစွာ မြန်မာနိုင်ငံဘက်က အစဉ်အမြဲရပ်တည် သွားမယ် လို့ ထပ်လောင်းပြောကြားလိုပါတယ်။

သန်းမင်းအောင်(သတင်းစဉ်)

ဓာတ်ပုံ- အောင်မင်းဟန်