ဖျာပုံမြို့နယ်၌ အုန်းသီး ဝယ်လိုအားကောင်းပြီး အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်း ရရှိလာ

ဖျာပုံမြို့နယ်၌ အုန်းသီး ဝယ်လိုအားကောင်းပြီး အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်း ရရှိလာ

 

    ဧရာဝတီတိုင်းဒေသကြီး    ဖျာပုံခရိုင် ဖျာပုံမြို့နယ်၌    ဒေသထွက်အုန်းသီးများ ဝယ်လိုအားကောင်းပြီး အုန်းသီးအလုံးရေ ၁၀၀ လျှင် ငွေကျပ် ၇၅၀၀၀ အထိ ဈေး ကောင်းရရှိလာကြောင်း     ဖျာပုံမြို့နယ်မှ အုန်းသီးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ ဒေါ်စုခိုင်၏ ပြောပြချက်အရ သိရသည်။

ဖျာပုံမြို့နယ်၌  ဇူလိုင်လအတွင်းက အုန်းသီးအလုံးရေ  ၁၀၀ လျှင်  ငွေကျပ် ၄၆၀၀၀ သာဈေးရရှိခဲ့ပြီး သြဂုတ်တတိယပတ်မှစ၍ လက်ရှိအချိန်ထိ အုန်းသီးအလုံး ရေ ၁၀၀ လျှင် ငွေကျပ်  ၇၅၀၀၀ အထိ ဈေးကောင်း ရရှိလာခြင်းဖြစ်သည်။

ဖျာပုံမြို့နယ်ထွက်     အုန်းသီးများကို    ရန်ကုန်မြို့မှတစ်ဆင့် ပြည်ပဈေးကွက်သို့  တင်ပို့မှုများလာခြင်းကြောင့်     ယခုကဲ့သို့ ဈေးကောင်း ရရှိလာခြင်းဖြစ်ကြောင်း သိရသည်။

“ဖျာပုံမြို့နယ်မှာ စပါးစိုက်ပျိုးရေး လုပ်ငန်းအပြင်   အုန်းစိုက်ပျိုးတဲ့ လုပ်ငန်းကိုလည်း ပူးတွဲလုပ်ကိုင်ကြပါတယ်။  သြဂုတ် တတိယပတ်ကနေ အုန်းသီးဈေးတက်လာတာ  လက်ရှိမှာ အုန်းသီးအလုံးရေ  ၁၀၀ ကို ငွေကျပ် ၇၅၀၀၀ အထိ ဈေးကောင်း ရရှိနေပါတယ်။     အုန်းသီးဝယ်လိုအား ကောင်းလာသလို ဈေးကောင်းလည်း ရရှိ နေပါတယ်။   ဒေသထွက်အုန်းသီးတွေကို ရန်ကုန်မြို့ကိုပဲ     အဓိကထားပြီး တင်ပို့ ရောင်းချပါတယ်။   ရန်ကုန်မြို့ကနေတစ် ဆင့်  ပြည်ပဈေးကွက်ကို  ပြန်လည်တင်ပို့ ရောင်းချပါတယ်}} ဟု  ဒေါ်စုခိုင်ကပြော သည်။

ဖျာပုံမြို့နယ်မှထွက်ရှိသည့်   အုန်းသီးများကို   ရန်ကုန်မြို့သို့    ကုန်တင်ယာဉ်၊ ကုန်တင်ရေယာဉ်များဖြင့်  တင်ပို့ရောင်းချ ကြောင်း၊  ထိုသို့ ဒေသထွက်အုန်းသီးများ ဝယ်လိုအားကောင်းပြီး   ဈေးကောင်းရရှိလာခြင်းကြောင့်    အုန်းစိုက်ပျိုးသူများ၊ ကုန်ထမ်းလုပ်သားများ၊   ပွဲရုံလုပ်ငန်းရှင်များနှင့် ကုန်တင်ယာဉ် အငှားလိုက်သူများ    အဆင်ပြေလျက်ရှိကြောင်း သိရသည်။