ပန်းနာရင်ကျပ်နှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်နည်း

တရွှီရွှီမြည်ကာ ချွေးသီးချွေးပေါက်ကျ၍ အသက်ကို မနည်းရှူနေရသော ရင်ကျပ်ဝေဒနာသည်များကို မကြာခဏတွေ့ဖူးကြပါလိမ့်မည်။ ''ပန်းနာသည်''၊ ''ရင်ကျပ်သည်''ဆိုလျှင် ပိန်ပိန်ကပ်ကပ်၊ ရှူနာရှိုက်ကုန်း ကလေးများဟု စာဖတ်သူတို့၏ အာရုံထဲတွင် ချက်ချင်း မြင်လာပေလိမ့်မည်။ ဤသို့သော နာတာရှည်ရောဂါဆိုး တစ်ခုနှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်၍ဖြစ်သည်ဆိုလျှင် သင်ယုံကြည်နိုင်ပါမည်လား။ မယုံမရှိပါနှင့်။

ပန်းနာရင်ကျပ်ရောဂါနှင့် ပျော်ရွှင်ချမ်းသာစွာ လူ့ဘဝ၏ အရည်အသွေး ပြည့်ပြည့်ဝဝဖြင့်    သက်တမ်းစေ့နေထိုင်ရန် ကာကွယ်ကုသနိုင်ပါသည်။

ပေါလ်စခိုးပေးတဲ့ဥပမာ

ယနေ့ကာလတွင် ပရီးမီးယားလိဂ် ဘောလုံးပွဲများသည် ကမ္ဘာ့လူသားများ၏ ဘဝတစ်စိတ်တစ်ပိုင်းပင် ဖြစ်လာခဲ့သည်။ အင်တိုက်အားတိုက် ခွန်အားအသုံးပြု၍ ကစားရသည့် ပရီးမီးယားလိဂ် ဘောလုံးပွဲများတွင် ဆယ်စုနှစ်တစ်ခုကျော်      ခြေစွမ်းပြကစားခဲ့သော မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းမှ ဝါရင့်ကစားသမား ပေါလ်စခိုးသည် ပန်းနာရင်ကျပ်ဝေဒနာသည် တစ်ဦးဖြစ်သည်။  ငယ်စဉ်ကပင်   ပန်းနာရင်ကျပ် ရောဂါသည်တစ်ဦး ဖြစ်ခဲ့သည်။ မှန်ကန်သော ကုသမှုကို ရရှိခဲ့သဖြင့်  ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်ရုံမျှမက ကမ္ဘာကျော် အားကစားသမား တစ်ယောက်ပင်ဖြစ်လာနိုင်ခဲ့သည် မဟုတ်ပါလား။

လတ်တလောအဖြစ်များသည့်ရောဂါ

မိုးအကုန်     ဆောင်းအကူးကို ရောက်သည်နှင့်  ချောင်းဆိုးရင်ကျပ်သော ဝေဒနာသည်များက ရုတ်တရက် များလာသည်။ လူနာအတက် မများလှသော မြောက်ဥက္ကလာပဆေးရုံကြီး ကလေးဆောင်တွင်ပင် တစ်နေ့ သုံးယောက်မှ ငါးယောက်ခန့်တက်သည်။ ကလေးဆေးရုံကြီးတွင်မူ တစ်နေ့လျှင် ပန်းနာရင်ကျပ် လူနာဦးရေ ၃ဝ၊ ၄ဝ အထိပင်တက်သည်ဟု လုပ်ဖော်ကိုင်ဖက်များထံမှ ကြားသိရသည်။ အအေးမိ၊ နှာစေး၊ ချောင်းဆိုးရာမှ တရွှီရွှီမြည်ကာ ရင်ကျပ်လာသော ကလေးငယ်များကို မကြာခဏတွေ့ရတတ်သည်။

တရွှီရွှီမြည်တဲ့ကလေး

လူ၏အဆုတ်ထဲရှိ    လေပြွန်ငယ်ကလေးများ ကျဉ်းမြောင်း ပိတ်ဆို့သွားသည့်အခါတွင်      အသက်ရှူသွင်း၊ ရှူထုတ်သည့်အခါတိုင်း တရွှီရွှီမြည်သံကို ကြားရသည်။ အထူးသဖြင့် ရှူထုတ်လိုက်ချိန်တွင် ပို၍ကြားရသည်။ ထိုသို့ လေပြွန်ငယ်ကလေးများ ကျဉ်းမြောင်း

သွားခြင်းမှာ လေပြွန်နံရံရှိကြွက်သားများ ကျုံ့သွားခြင်း၊လေပြွန်အတွင်းသားများ ရောင်ရမ်းခြင်း၊    လေပြွန်အတွင်းသို့ စေးကပ်သော ချွဲသလိပ်များ စစ်ထုတ်ခြင်း အချက်သုံးချက်ကြောင့်ဖြစ်သည်။

ထိုသို့ တရွှီရွှီမြည်ကာ ရင်ကျပ်နေသော ကလေးများကို  လသားအရွယ်မှပင် စ၍တွေ့နိုင်သည်။  တရွှီရွှီမြည်၍ ရင်ကျပ်တိုင်း  ပန်းနာရင်ကျပ်ဟု သတ်မှတ်၍ မရပါ။ တစ်နှစ်အောက်ကလေးများတွင် လေပြွန်သေးရောင်ရောဂါ၊ တစ်နှစ်မှ သုံးနှစ်အရွယ်ခန့်တွင် ရင်ကျပ်ဆန်သည့် လေပြွန်ရောင်ရောဂါနှင့် သုံးနှစ်အထက် ကလေးများတွင်မူ ပန်းနာရင်ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားနိုင်သည်။ သက်ဆိုင်ရာကျွမ်းကျင် ပညာရှင်တို့၏ ဆုံးဖြတ်ချက် လိုအပ်ပါသည်။

ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်ခြင်း ပန်းနာရင်ကျပ်ရောဂါဟု သတ်မှတ်ရန်    ရောဂါရာဇဝင်ယူခြင်းနှင့်   လူနာကို စမ်းသပ်ခြင်းတို့ကိုသာ အဓိကအသုံးပြုရသည်။ ဓာတ်မှန်၊ ဓာတ်ခွဲစမ်းသပ်မှုတို့က များစွာအသုံးမဝင်ပါ။ ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူလျှင် တရွှီရွှီမြည်ခြင်းတို့က မကြာခဏ ပြန်၍ဖြစ်နေလျှင် ပန်းနာရင်ကျပ်ဟု ယေဘုယျအားဖြင့် သတ်မှတ်နိုင်သည်။ ပြေးလွှားဆော့ကစားလိုက်လျှင်  ချက်ချင်းချောင်းဆိုး ရင်ကျပ်လာတတ်သည်။ ညတစ်ရေးနိုး မိုးလင်းပိုင်းတွင် ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်းတို့က  ပို၍ဆိုးတတ်သည်။  အအေးမိ၊ နှာစေးဖြစ်မိလျှင်    ချောင်းဆိုးကြာနေတတ်သည်။

အနံ့အသက်၊ အခိုးအငွေ့၊ အပူချိန် အပြောင်းအလဲတို့ကြောင့် ရုတ်တရက် ချောင်းဆိုးရင်ကျပ် လာတတ်သည်။

စိတ်အနှောင့်အယှက်ဖြစ်လျှင်၊  ငိုလျှင်၊ ရုတ်တရက် ပျော်ရွှင်လျှင် ရုတ်တရက် ရင်ကျပ်ချောင်းဆိုးဖြစ်လာတတ်သည်။ ဤအချက်များသည် ပန်းနာရင်ကျပ်ဟု သတ်မှတ်ရန် အထောက်အကူပြုသည်။ ငယ်စဉ်က ပါးတွင် နို့ပွေးပေါက်ခြင်း၊ အရေပြားတွင် နှင်းခူဖြစ်ခြင်း၊ အင်ပျဉ်ထခြင်းတို့သည် ပန်းနာရင်ကျပ်နှင့် နှီးနွှယ်သောလက္ခဏာများဖြစ်သည်။    မိဘမျိုးရိုးတွင်   ပန်းနာရင်ကျပ်ရှိလျှင် ပို၍ဖြစ်နိုင်သည်။

ပန်းနာရင်ကျပ် ဘာကြောင့်ဖြစ်

ကျွန်တော်တို့ ဆေးကျောင်းသားဘဝက ပန်းနာရင်ကျပ်ရောဂါကို သွေးမတည့်မှု အခြေခံရောဂါတစ်ခုဟုသာ သတ်မှတ်ယူဆခဲ့ကြသည်။ ရင်ကျပ်အခြေခံရှိသော လူတစ်ယောက်တွင် မူလက အကောင်းပကတိ ရှိနေသော အဆုတ်လေပြွန်များသည် မတည့်သည့် အစားအစာ၊ အနံ့အသက် စသည်တို့နှင့် တွေ့ထိသည်နှင့် ရုတ်တရက် ကျဉ်းရှုံ့သွားသည်။ ထိုအခြေအနေမှ ကုသမှုကြောင့်သော် လည်းကောင်း၊ သဘာဝအတိုင်းသော် လည်းကောင်း ရင်ကျပ်ပျောက်လျှင် အကောင်းပကတိ ပြန်ဖြစ်သွားသည်ဟု ယူဆခဲ့သည်။

ယခုအခါတွင် ပန်းနာရင်ကျပ်ရောဂါသည် လေပြွန်များ၏  နာတာရှည် ရောင်ရမ်းမှုကြောင့်ဖြစ်ကြောင်း သိလာခဲ့သည်။ ထိုသို့ ရောင်ရမ်းနေသော လေပြွန်များသည် ပတ်ဝန်းကျင်မှ လှုံ့ဆော်မှုတစ်ခုခုကို ထိတွေ့လိုက်သည်နှင့်  လွန်ကဲစွာ တုံ့ပြန်ကြသည်။ Hyperresponsive ဖြစ်ကြသည်။ ထို့ကြောင့် လေပြွန်များ ကျဉ်းရှုံ့ကာ အချိန်တိုအတွင်း ရင်ကျပ်ခြင်း၊ ချောင်းဆိုးခြင်း၊ တရွှီရွှီမြည်ခြင်းတို့ ဖြစ်လာကြောင်း သိလာခဲ့ကြသည်။

ကုသမှု၏ အခြေခံ

ပန်းနာရင်ကျပ်ရောဂါ ဝေဒနာရှင်များတွင် လေပြွန်များ၏ နာတာရှည်ရောင်ရမ်းမှုကို ထိန်းသိမ်းထားနိုင်လျှင် ရင်ကျပ်ထခြင်းကို ကာကွယ်ပေးနိုင်သည်ကို သိရှိလာကြသည်။ ထိုသို့ထိန်းသိမ်းနိုင်ရန် အရောင်ကျဆေးများကို   ရေရှည်ပေးထားရန် လိုသည်။   ထို့ကြောင့် အန္တရာယ်ကင်းကင်းနှင့် မလိုလားအပ်သည့် အာနိသင် နည်းပါးသည့် အရောင်ကျဆေးများကို စဉ်းစားကြံဆလာခဲ့ကြသည်။   ယခုအခါ   ထိုသို့သောဆေးများပေါ်ပေါက်လာပြီဖြစ်သည်။ ရှူဆေးရော၊ သောက်ဆေးများပါရှိနေပြီ။ သို့သော် အားနည်းချက်၊ အားသာချက် ကိုယ်စီရှိကြသည်။ အသုံးအများဆုံးနှင့် အထိရောက်ဆုံးမှာ   စတီးရွိုက်ဟော်မုန်းပါ   ရှူဆေးများ ဖြစ်ကြသည်။ လုံးဝပျောက်အောင် ကုသနိုင်သည့် တစ်ချက်ကောင်း ကုသမှု မည်သူမျှ မပြုလုပ်နိုင်သေးပါ။ ရင်ကျပ်မထအောင် လေပြွန်အရောင်ကျစေသော ရှူဆေးဖြင့် ထိန်းသိမ်းခြင်းသာ ပြုလုပ်နိုင်သည်။

ကုသဆေး၊ ကာကွယ်ဆေး

ရင်ကျပ် ရုတ်တရက်ထလျှင် လေပြွန်များကို အမြန်ဆုံး ပြန်ကျယ်စေသည့် လေပြွန်ကျယ်ဆေးများကို ပေးရသည်။ ယင်းတို့ကို အရေးပေါ် ကုသဆေးများဟု ခေါ်သည်။  ရှူဆေး၊  သောက်ဆေး၊   ထိုးဆေးမျိုးစုံ ရှိသည့်အနက်   ရှူဆေးက    အာနိသင် အရှိဆုံးနှင့် လိုအပ်သည့်နေရာဖြစ်သည့် အဆုတ်သို့ အလွယ်တကူ အရောက်ဆုံးဖြစ်သည်။

လေပြွန်များ ရောင်ရမ်းမှုကို ထိန်းသိမ်း ပေးထားခြင်းဖြင့် ရင်ကျပ်ထခြင်းကို ကာကွယ်ပေးသော ဆေးမျိုးကို ကာကွယ်ဆေး သို့မဟုတ် ထိန်းဆေးဟု ခေါ်သည်။

ရှူဆေး၊ သောက်ဆေးမျိုးစုံ ရှိသည်။ ရှူဆေးလား၊ သောက်ဆေးလား၊ ထိုးဆေးလား၎င်းတို့ထဲတွင် ရှူဆေးက အကောင်းဆုံးဖြစ်သည်။

ရှူဆေးသည် အများထင်သကဲ့သို့ ဆေးအဆုံး မဟုတ်ပါ။ပထမဦးစွာ စတင်အသုံးပြုရမည့် ''ဆေးအစ''ဖြစ်သည်။

ရှူဆေးဖြင့် ပေးခြင်းဖြင့် လိုအပ်သည့် နေရာဖြစ်သည့်လေပြွန်များကို အချိန်တိုတိုနှင့် တိုက်ရိုက်ရောက်သည်။

ထို့ကြောင့် မလိုလားအပ်သည့် အာနိသင်နည်းသည်။

အထူးသဖြင့် ထိန်းဆေးအဖြစ် အသုံးအများဆုံးဖြစ်သည့် စတီးရွိုက်ဟော်မုန်းပါ ဆေးများသည် ရှူဆေးအဖြစ်သာ ရေရှည်ပေးနိုင်သည်။ သောက်ဆေးအဖြစ် ပေးပါက ဘေးထွက်ဆိုးကျိုး များပြားလှ၍ ရင်ကျပ်ထစဉ် ရေတို(သုံးရက်မှ ငါးရက်ခန့်)သာ ပေးနိုင်သည်။

ရှူဆေးများ၏ပြဿနာ

ရှူဆေးများ အသုံးပြုရာတွင် ရှူပုံရှူနည်း မှန်ကန်မှသာ ထိရောက်မှုရှိသည်။ တွေ့နေကျဖြစ်သော ရှူဆေး ဘူးကောက်ကောက်ကလေးများတွင်   ဆေးချိန်ကို တစ်ကြိမ်ညှစ်လျှင် မည်မျှထွက်ရမည်ဟု သတ်မှတ်ထားသည့် ဆေးရည်ကို ဖိအားပေး၍     ဘူးအတွင်းတွင် ထည့်သွင်းထားသည်။ ညှစ်လိုက်သည်နှင့် တစ်ပြိုင်နက် ဆေးကပန်းထွက်သည်။ ဆေးဘူးကို ငုံထားပြီး ညှစ်သည့်အချိန်တွင် တစ်ပြိုင်နက်တည်း အသက်ဝဝ စုပ်သွင်းယူ၍ ၁ဝ စက္ကန့်ခန့် အသက်အောင့်ထားမှ အလုပ်ဖြစ်သည်။

ရှူပုံ၊ ရှူနည်းကို ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်၊ သူနာပြု စသည့်ပညာရှင်တို့က    စိတ်ရှည်လက်ရှည်ပြပေး၊ သင်ပေးဖို့လိုသည်။ သို့မဟုတ်ပါက မထိရောက်ပါ။

၁၂ နှစ်အောက် ကလေးများတွင် ထိုရှူဆေးများကို တိုက်ရိုက်သုံး၍မဖြစ်နိုင်ပါ။ ထို့ကြောင့် ကြားခံပစ္စည်းများ ပေါ်ပေါက်လာသည်။ ရှူဆေးထဲမှ ရှူဆေးကို ကြားခံပစ္စည်းထဲသို့ ညှစ်သွင်း၊ ထိုမှ တစ်ချက်ချင်း အေးအေးဆေးဆေး စုပ်ယူနိုင်သည်။ များစွာငယ်သော ကလေးများတွင် ကြားခံပစ္စည်း၊ ပါးစပ်၊ နှာခေါင်းအုပ်တပ်၍  ကလေးပါးစပ်နှင့် နှာခေါင်းဝတွင်  အုပ်ထားခြင်းဖြင့် အသက်ရှူတိုင်း     အလိုလိုရှူသွင်းပြီး ဖြစ်စေနိုင်သည်။

ရှူဆေးပေးစက်များ၏ အခန်းကဏ္ဍ

ရှူဆေးများကို စက်များဖြင့်လည်း ပေးနိုင်သည်။ စက်တစ်ခုကို ငွေကျပ် ၅ဝဝဝဝ ခန့်မှ ၁ဝဝဝဝဝ ခန့် ပေးရသဖြင့် အတော်အသင့် လက်လှမ်းမီကြသည်။

သို့ရာတွင်   လျှပ်စစ်ဓာတ်လိုသည်။   ရှူဆေးဖြင့် ရှူသော ဆေးရည်က ကုန်ကျစရိတ်ပိုများသည်။ ရှူဆေးကောက်နှင့် ကြားခံပစ္စည်း သုံး၍ရှူခြင်းဖြင့် အာနိသင်အတူတူပင်ဖြစ်သည်။   ရုတ်တရက်  အလွန်အမင်း ကျပ်နေသည့်အခါနှင့် ရုန်းကန်နေသည့် ကလေးငယ်များတွင်  ရုတ်တရက် ကုသရန်သုံးသည်။   ရေရှည် ကာကွယ်ဆေးရှူဆေးများကို     ပေးရန်အတွက်မူ အသုံးမဝင်ပါ။

အန္တရာယ်ကင်းရဲ့လား

စတီးရွိုက်ဟော်မုန်းပါ အရောင်ကျဆေးများကို ရေရှည်ပေးထားလျှင် အန္တရာယ်မဖြစ်နိုင်ဘူးလား ဆိုသည်မှာ လူတိုင်းမေးသည့် မေးခွန်းဖြစ်ပါသည်။

ဤဆေးများကို သောက်ဆေးအနေနှင့် ပေးလျှင် ဘေးထွက်ဆိုးကျိုး များလှသည်။  ရှူဆေးအနေနှင့်မူ ပေးရသည့်ဆေးပမာဏ အလွန်နည်း၍ ရေရှည်ဆိုးကျိုး မရှိသလောက်နည်းပါးသည်။ ရှူပြီးလျှင် ပလုတ်ကျင်း၊ ထွေးထုတ်ခြင်းဖြင့် ခန္ဓာကိုယ်ထဲသို့ စုပ်ယူမှုကို လျော့ကျစေနိုင်သည်။

လုပ်ဆောင်ရမည့် အဆင့်(၄)ဆင့်

ပန်းနာရင်ကျပ်ရောဂါသည် ပျောက်အောင်ကုသ၍ မရပါ။  သို့သော်    ရောဂါမထအောင်   နိုင်နင်းစွာ ထိန်းသိမ်း၍  သက်တမ်းပြည့်၊   အရည်အသွေးပြည့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်နိုင်အောင်  လုပ်နိုင်သည့်  နည်းလမ်းများရှိနေပါပြီ။ ရောဂါကုသ ထိန်းသိမ်းရာတွင် အဆင့်(၄)ဆင့်ရှိပါသည်။

၁။ လူနာ၊ မိဘ၊ ဆွေမျိုးများကို ပညာပေးခြင်း။

၂။ ရင်ကျပ်ထစေသည့် အကြောင်းရပ်များကို ရှာဖွေခြင်း၊ ရှောင်ကြဉ်ခြင်း။

၃။ ရင်ကျပ်အဆင့်သတ်မှတ်ခြင်း၊    လိုအပ်သော ကုသမှု စီမံချက်ဆွဲခြင်း၊ ကာကွယ်ဆေးများ ပေးခြင်း။

၄။ ရင်ကျပ်ထလျှင် မည်သို့လုပ်ရမည်ကို သင်ကြားခြင်း၊ ရင်ကျပ်ထခြင်းကို ကုသခြင်းတို့ဖြစ်သည်။

အချိန်ပေးဖို့လို

ထိုသို့  ကုသမှုအဆင့် (၄)ဆင့်လုံးကို လုပ်နိုင်ရန် ဆရာဝန်၊ လူနာ၊ မိဘများအားလုံးက အချိန်ပေးဆွေးနွေးနိုင်ရန် လိုအပ်သည်။ ကလေးပန်းနာရင်ကျပ် အထူးကု ဆေးခန်းများကို ရန်ကုန်၊ မန္တလေး ကလေးဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီးတို့တွင် ဖွင့်လှစ်ထားပြီးဖြစ်သည်။

မီးဖိုပျက်ရင် ပစ်မထားပါနှင့်

လွန်ခဲ့သောအနှစ် ၃ဝ၊ ၄ဝ ခန့်က ရေနံဆီမီးဖိုများ အတော်ခေတ်စားခဲ့သည်။   မီးဖိုမှ  မီးစာချောင်၍ အောက်ရှိရေနံဆီ ကန်ငယ်ထဲသို့ ကျကာ မီးလောင်မှုများ ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် မီးဖိုပြင်၍ အသက်မွေးသည့် လုပ်ငန်းရှင်တစ်ဦးက ''မီးဖိုပျက်လျှင် ပစ်မထားနဲ့ ကျွန်တော်အားကြီး စိတ်ဆိုးတယ်''  ဟု    ထိုစဉ်က သတင်းစာများတွင် မကြာခဏ ကြော်ငြာထည့်လေ့ရှိသည်ကို မှတ်မိသည်။

ထို့အတူပင် ရင်ကျပ်မထအောင် ကာကွယ်ထိန်းသိမ်းနိုင်သည့် နည်းလမ်း၊ ကုသမှုများ ရှိပါလျက်နှင့် မကြာခဏ ရင်ကျပ်ထ၍ ဝေဒနာခံစားနေရသော ကလေးများ၊ စိုးရိမ်သောက ရောက်ကြရသော မိဘများကိုတွေ့မိတိုင်း ကျွန်တော်များစွာ စိတ်မကောင်းဖြစ်မိသည်။ ထိုသို့သော ခေတ်မီကုသမှုများ ရှိကြောင်းကို ကျန်းမာရေးဝန်ထမ်းများကလည်း နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ အချိန်ပေး ဆွေးနွေးရန် လိုအပ်သည်။ လူနာရှင်များဘက်က အတော်အသင့်ရှိသည့် ကနဦးကုန်ကျမှုမျိုးကိုလည်း   တတ်နိုင်ကြရမည်။   အမှန်စင်စစ်မူ ထိုသို့ ရှူဆေး၊ ကြာခံပစ္စည်း စသည်တို့ကို အသုံးပြု၍ ရင်ကျပ်မထအောင် ကာကွယ်ထားခြင်းက ရင်ကျပ်မှ ကုသခြင်းထက်   ရေရှည်တွင်  ကုန်ကျစရိတ်ပို၍ပင်  သက်သာသည်။

ထို့ကြောင့်ပင်   ''ရင်ကျပ်ဖြစ်လျှင်  ပစ်မထားနဲ့၊ ကျွန်တော်အားကြီး စိတ်ဆိုးတယ်''ဟု အားမလိုအားမရ ပြောလိုလှသည်။ ကျန်းမာရေး ဝန်ထမ်းများအနေဖြင့် ရင်ကျပ်ထစဉ် ကုသမှုသာမက ရင်ကျပ်မထအောင် ခေတ်မီကာကွယ်မှုများကိုပါ ပြုလုပ်ပေးသင့်သည်။

ပန်းနာရင်ကျပ်ရောဂါ ရှိလျက်နှင့်ပင် ပျော်ရွှင်ချမ်းသာစွာ သက်တမ်းပြည့်၊ ဘဝအရည်အသွေး ပြည့်နေနိုင်ပါစေကြောင်း  Health Digest Journal ၏ အထူးထုတ်ဆောင်းပါးအဖြစ် တင်ပြအပ်ပါသည်။   ။

Health Digest Journal (Volume. 8, No.1,27.10.2010)

ပါမောက္ခဒေါက်တာစောဝင်း(ကလေးကျန်းမာရေး)