တစ်ပင်စိုက်တစ်ပင်ရှင် စိုက်ပျိုးသမျှအောင်မြင် ဂေဟစနစ်မပျက်စီးရေး သစ်ပင်စိုက်ကာထိန်းသိမ်းပေး

တစ်ပင်စိုက်တစ်ပင်ရှင် စိုက်ပျိုးသမျှအောင်မြင် ဂေဟစနစ်မပျက်စီးရေး သစ်ပင်စိုက်ကာထိန်းသိမ်းပေး

ကမ္ဘာပေါ်မှာများစွာသော  ဇီဝမျိုးစုံမျိုးကွဲတွေဟာ သစ်တော၊ သစ်ပင်များကို မှီခိုအားထား လျက်ရှိကြပါတယ်။ သစ်တော၊ သစ်ပင်ထိန်းသိမ်းရေးသည် ကျေးငှက်၊ သားရဲတိရစ္ဆာန်မျိုးစုံတို့ မျိုးသုဉ်းမသွားစေရေးအတွက် အထောက်အပံ့ကြီးတစ်ခု ဖြစ်ပါတယ်။ များပြားလာသောလူဦးရေကြောင့် လူသားတို့နေရာထိုင်ခင်း တိုးချဲ့မှုများပြုလုပ်လာကြရာ သစ်တောများစွာ ဆုံးရှုံးလျက်ရှိပါတယ်။ သစ်တောသစ်ပင်များကို ရှင်းလင်းခြင်းနှင့် ခုတ်ထွင်အသုံးပြုကြရာမှ သစ်တောသစ်ပင်တို့ကို မှီခိုနေရသောတိရစ္ဆာန်များ ဒုက္ခရောက်ကြရပါတယ်။

သစ်တောများပြုန်းတီးလာတာကြောင့် ဇီဝမျိုးစုံမျိုးကွဲများနဲ့ သစ်ပင်၊ သစ်တောများရှင်သန်ကြီးထွားရန်   လိုအပ်လာသဖြင့် ယနေ့ကမ္ဘာကြီးဟာ သစ်တစ်ပင်စိုက်ပျိုးခြင်းမှသည် တစ်ပင်ရှင်သန်ရေးအတွက် အရေးကြီးလာတာဖြစ်ပါတယ်။  ဒါကြောင့်လည်း တပ်မတော်က  နှစ်စဉ်နှစ်တိုင်းသစ်ပင်စိုက်ပျိုးပွဲတွေကို  နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ  တိုင်းစစ်ဌာနချုပ်များ၌ တခမ်းတနားကျင်းပပေးနေတာဖြစ်ပါတယ်။

သစ်ပင်စိုက်ပျိုးပွဲအကြောင်းကို တွေးမိတော့ စာရေးသူငယ်ငယ်က သင်ကြားခဲ့ဖူးတဲ့ သစ်ပင်စိုက်ပါ  တို့ကမ္ဘာဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိပါတယ်။   သစ်ပင်လေးတွေစိုက်ကြမယ်၊ တို့ကမ္ဘာလေးလှဖို့ကွယ်၊  သစ်ပင်စိုက်ပါ  တို့ကမ္ဘာ  သာယာလှပစိမ်းမြမြ ဆိုတဲ့ ကဗျာလေးဟာ ငယ်စဉ်ကကျောင်းမှာ သစ်ပင်လေးများကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်နဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန် ငယ်စဉ်ကတည်းက သဘာဝတရားကြီးကို ချစ်မြတ်နိုးတတ်အောင် ကျောင်းသင်ခန်းစာတွေမှာ သင်ကြား ပေးခဲ့တာဖြစ်ပါတယ်။ ငယ်ရွယ်စဉ်အတန်းပညာ စတင်သင်ကြား ကတည်းက ကဗျာလေးများဖြင့် သစ်တောသစ်ပင်ပတ်ဝန်းကျင်ကို ချစ်ခင်နှစ်သက်လာအောင် အစပြုပျိုးထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒါမှလည်း လူကြီးဖြစ်လာတဲ့အခါ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်တတ်ပြီး သစ်ပင်စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးသစ်ပင်ကို ရှင်သန်အောင်ပြုစုစောင့်ရှောက်ရမည့်   တာဝန်ဝတ္တရားများကို လက်တွေ့ကျကျသိမြင်လာမှာပါ။

ကမ္ဘာပေါ်မှာ လူ၊ ကျေးငှက်တိရစ္ဆာန်နှင့် သစ်တောသစ်ပင်တို့သည် ခွဲခြား၍မရနိုင်သော လက်တွဲဖော်များ ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ကူးလူးယှက်နွှယ်  ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီသဖွယ် အတူတကွယှဉ်တွဲ တည်ရှိပါတယ်။ ကမ္ဘာမြေကြီးရဲ့ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်တည်တံ့ရေးအတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရမယ့် သယံဇာတအရင်းအမြစ်များလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၃၀  ပြည့်နှစ်မှာ နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို သစ်တောကြိုးဝိုင်းများ၊ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းနိုင်ရေးနဲ့ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ် ဖွဲ့စည်းနိုင်ရေးအတွက် ရည်မှန်းချက်များ ပြည့်မီအောင် မူဝါဒများချမှတ်ကာ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ သစ်ပင်၊ သစ်တောများကို စိုက်ပျိုးပြုစုခြင်းသာမက သဘာဝသစ်တောသယံဇာတများကိုလည်း ရေရှည်တည်တံ့စေရေး  ထိန်းသိမ်းကြရမယ့် တာဝန်မှာ  လူသားတွေပဲဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိကမ္ဘာမှာ သဘာဝဘေးအန္တရာယ်ကြီးများ  ကျရောက်မှု၊ ရာသီဥတုဖောက်ပြန်မှု၊  ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုဟူသော  ဖြစ်ရပ်များ တဖြည်းဖြည်းတိုးပွားလာခဲ့ပြီး ထိုမှတစ်ဆင့် ငတ်မွတ်ခေါင်းပါးမှု၊ စီးပွားရေးကပ်ဆိုက်မှု၊ ကျန်းမာရေးချို့ယွင်းမှု   စသည့် ဒုက္ခဆင်းရဲတို့မှာလည်း တစ်စတစ်စများပြားလာခဲ့ပါတယ်။ သိပ္ပံနှင့်စက်မှုပညာထွန်းကားတိုးတက်မှုအရ  သစ်တောသစ်ပင်တို့ကို ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးချနေသောကြောင့် သစ်တောများပြုန်းတီးလာမှာဖြစ်ပါတယ်။ တဖြည်းဖြည်း သစ်တောပြုန်းတီးမှုနဲ့ လူသားတို့ကြောင့်သစ်တောများယိုယွင်းပျက်စီးခြင်း၊ ဂေဟစနစ်များ ထိခိုက်လာခြင်းရဲ့  နောက်ဆက်တွဲအကျိုးဆက်ဟာ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများ ဖြစ်စေနိုင်ပါတယ်။

ယနေ့ကမ္ဘာကြီးမှာ   နှစ်စဉ်နှစ်တိုင်း သစ်တောများတစ်စထက်တစ်စ ပြုန်းတီးလာခြင်းနှင့်အတူ ရာသီဥတုဆိုးရွားလာပြီး မြစ်၊ ချောင်း၊ ကန်များ ညစ်ညမ်းလာကာ ရေချိုများခန်းခြောက်လာသည်ကို တွေ့လာရပါတယ်။ ဒါ့အပြင် မြေဆီလွှာများ ပျက်စီးပြုန်းတီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းပျောက်ဆုံးခြင်း၊ သဘာဝဘေးအန္တရာယ်များ မကြာခဏကျရောက်ခြင်း အစရှိသည့်ဆိုးကျိုးများကို  ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုမရှိစေရေး၊ လူသားများ အသက်ရှင်ရပ်တည်နိုင်ရေး၊ သစ်တောများမပြုန်းတီးစေရေးနဲ့ တိုးချဲ့စိုက်ပျိုးရေးတို့ကို စဉ်ဆက်မပြတ် လုပ်ဆောင်သွားကြဖို့ စာရေးသူအနေနဲ့ တိုက်တွန်းနှိုးဆော်ရခြင်း ဖြစ်ပါတယ်။

သစ်ပင်၊ သစ်တောများ  စိုက်ပျိုးထိန်းသိမ်းခြင်းဟာ ကဏ္ဍစုံတွင်အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းရရှိနိုင်ပြီး ရာသီဥတုကို မျှတကောင်းမွန်စေကာ ဇီဝမျိုးစုံမျိုးကွဲများကိုလည်း  တိုးပွားလာစေပါတယ်။

ရေမြေတောတောင်သဘာဝကို ထိန်းသိမ်းကာကွယ်ပေးပြီး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေး နိုင်ပါတယ်။ စာရေးသူတို့နိုင်ငံဟာ သဘာဝသယံဇာတများစွာကိုပိုင်ဆိုင်ထားရှိပြီး စိုက်ပျိုးရေးကိုအဓိက ထားတဲ့နိုင်ငံဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာမှာ  ရေဟာအဓိက အရေးကြီးပါတယ်။ ဥတုရာသီတောကိုမှီ ဟူသည့်အတိုင်း သစ်တောသစ်ပင်များသည် ရာသီဥတုကိုကောင်းစေပြီး ရေရရှိရေးကိုလည်း  အကျိုးပြုစေပါတယ်။ ဒါကြောင့် သစ်ပင်များစိုက်ပျိုးရာမှာ ရှင်သန်အောင်စိုက်ပျိုးရန်နဲ့ ရေရှည်ကြီးထွားစေရေး ဆက်လက်ထိန်းသိမ်းသွားရမည့် တာဝန်မှာ  လူသားများပင်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါတယ်။       

မြန်မာနိုင်ငံဟာ လူဦးရေ ၅၅ သန်းကျော်ရှိပြီး နိုင်ငံအကျယ်အဝန်း၊ မြေအနေအထား၊ ရာသီဥတု၊ မြစ်ချောင်းများတည်ရှိမှုအရ   မြေပေါ်သယံဇာတဖြစ်သည့် သစ်တောများအခြေခံသောစက်မှုလုပ်ငန်းများကို  သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးနှင့် ကောင်းစွာဆောင်ရွက်နိုင်သည်ကိုတွေ့ရပါတယ်။ သစ်တောထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်းကို တိတိကျကျစနစ်တကျ ဆောင်ရွက်နိုင်မည်ဆိုပါက  နိုင်ငံအတွက် များစွာအကျိုးဖြစ်စေမှာဖြစ်ပါတယ်။ ထို့ကြောင့်လည်း နိုင်ငံ၏မြန်မာ့အဖိုးတန် သဘာဝတောများ  ထာဝစဉ်တည်တံ့စေရေးနှင့် ဂေဟစနစ်များပြန်လည်ပြုစုထိန်းသိမ်းရန်အတွက်  မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး စီမံကိန်းကို ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ အထိ ၁၀ နှစ်တာကာလ စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၁၉ သန်းစိုက်ပျိုး တည်ထောင်လျက်ရှိသည်ကို သိရပါတယ်။

နိုင်ငံ၏  သစ်တောသယံဇာတများ သားစဉ်မြေးဆက် ရေရှည်တည်တံ့စေရေး၊ သဘာဝဘေးအန္တရာယ်များ   တားဆီးကာကွယ်ရေးနှင့်  ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရေးတို့အတွက်   သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်းများကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ လိုပါတယ်။ စာရေးသူတို့နိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှုကို ပြန်လည်လေ့လာကြည့်မည် ဆိုပါက ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာအရ ၂၀၀၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၅၁ ဒသမ ၅၄ ရာခိုင်နှုန်း၊ ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံဧရိယာ၏ ၄၆ ဒသမ ၉၆ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် နိုင်ငံဧရိယာ၏  ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင်  နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသည်ကို တွေ့ရှိရပါတယ်။ ဒါကြောင့် သဘာဝသယံဇာတ သစ်တောများ၏ ပြုန်းတီးမှုလျော့နည်းရေးကို အလေးထား ဆောင်ရွက်သွားကြရမှာဖြစ်တာကြောင့် နိုင်ငံတော်အစိုးရက အားကြိုးမာန်တက် ဆောင်ရွက်လျက်ရှိပြီး တပ်မတော်ကလည်း သဘာဝပတ်ဝန်းကျင်

ထိန်းသိမ်းရေးနှင့် ဂေဟစနစ်မပျက်စီးစေရေး အလေးထား လုပ်ဆောင်လျက်ရှိပါတယ်။

တပ်မတော်အနေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်များမပျက်စီးရေးတို့အတွက် သစ်ပင်စိုက်ပျိုးခြင်းကို ရည်ရွယ်ချက်များချမှတ်လျက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကိုအထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ် အသီးသီးမှာ ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ်မိုးရာသီ တစ်အုပ်တစ်မသစ်ပင်စိုက်ပျိုးပွဲများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး  (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားများကို ဇွန်၊ဇူလိုင်၊  သြဂုတ်လတို့တွင် ကျင်းပခဲ့ပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ ပထမအကြိမ်သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၉၁၈၉ ပင်စိုက်ပျိုးခဲ့ပြီး  တပ်မတော်တစ်ရပ်လုံးအနေနဲ့ စုစုပေါင်းသစ်ပင် ၂၁၀၃၉၈ ပင် စိုက်ပျိုးခဲ့ကြပါတယ်။ ဒုတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၈၈၀၅၅ ပင်စိုက်ပျိုးခဲ့ပြီး တပ်မတော်တစ်ရပ်လုံးအနေနဲ့ စုစုပေါင်းသစ်ပင် ၂၂၇၂၀၂ ပင်စိုက်ပျိုးခဲ့ကြပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)အနေဖြင့်၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း   ၁၉၀၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉၈၈၅ ပင်  ရှင်သန်ဖြစ်ထွန်းခဲ့ပြီး ၅၅ ရာခိုင်နှုန်းခန့် ရှင်သန်ဖြစ်ထွန်းခဲ့ကြောင်းတွေ့ရှိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၇ ရက်ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ကောင်စီနယ်မြေ  ဇေယျာသီရိမြို့နယ် ရေဆင်းဆည်အနီး၌ကျင်းပခဲ့ပြီး ရတနာတန်းဝင်ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင်စုစုပေါင်း ၃၅၂၈ ပင်ကို စိုက်ပျိုးခဲ့ကြပါတယ်။ 

ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများအနေနဲ့ ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၁၉၄၀၀၁ ပင်စိုက်ပျိုးခဲ့ပါတယ်။

အလားတူ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာပင်များကို   စုပေါင်း စိုက်ပျိုးကြရာ  တပ်မတော်တစ်ရပ်လုံးအနေဖြင့် စုစုပေါင်းသစ်ပင် ၁၇၅၆၇၄ ပင်ကို စိုက်ပျိုးခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလောက်သာ    ထုတ်ယူသုံးစွဲခြင်း၊ ပြန်လည်စိုက်ပျိုးမှုများကို ပြုလုပ်ခြင်းဖြင့် ပြည်သူတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုနှင့်   သဘာဝပတ်ဝန်းကျင်၊  ဂေဟစနစ်ထိန်းသိမ်းခြင်းတို့ကို  ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း၊ စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့်  ရာသီဥတုပြောင်းလဲမှုများကို  ကြုံတွေ့ရခြင်းဖြစ်ပြီး ယခင်နေပြည်တော်ဒေသ၏ ရာသီဥတုသည် ၂၀၀၆ ခုနှစ်တွင် ပျမ်းမျှအပူချိန်  ၂၆ ဒသမ ၉၇ ဒီဂရီစင်တီဂရိတ်ခန့်သာရှိခဲ့ရာ ယခုအချိန်တွင် ပျမ်းမျှအပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအသွင်ဖြင့်   သစ်ပင်စိုက်ပျိုးမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ယခုသစ်ပင်စိုက်ပျိုးပွဲတော်မှသည် နိုင်ငံတစ်ဝန်း ကျေးလက်မြို့ပြများအားလုံး စိမ်းလန်းစိုပြည်သာယာစေရေး၊ မိမိပတ်ဝန်းကျင်နှင့်  ဂေဟစနစ်မပျက်စီးရေး တို့အတွက် သစ်ပင်သစ်တောများကို စိုက်ပျိုးထိန်းသိမ်းကြရမည့်  နေရာတွင် တပ်မတော်သားများလည်း ပါဝင်ပါကြောင်း လေးလေးနက်နက်   တိုက်တွန်းနှိုးဆော်ထားသည့်အပြင် တပ်မတော်ကကျင်းပသည့် သစ်ပင်စိုက်ပျိုးပွဲတိုင်းတွင် ကိုယ်တိုင်တက်ရောက်ပြီး အားဖြည့်ပေးထားတာကို   လေးစားဂုဏ်ယူဖွယ် တွေ့ရပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက  သစ်ပင်၊ သစ်တောများ၏  အခန်းကဏ္ဍသည် အလွန်အရေးကြီး သည့်အတွက် အမျိုးသားရေး  တာဝန်တစ်ရပ်အဖြစ်ရှုမြင်ကာ   တစိုက်မတ်မတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံ၏သစ်တောသယံဇာတများ သားစဉ်မြေးဆက်ရေရှည်တည်တံ့စေရေး၊ သဘာ၀ ဘေးအန္တရာယ်များ တားဆီးကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှုလျှော့ချနိုင်ရေးတို့အတွက် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးနှင့် တပ်မတော်တို့ပူးပေါင်း၍ တစ်ပင်စိုက်တစ်ပင်ရှင်စိုက်ပျိုးသမျှ အောင်မြင်အောင် ဆောင်ရွက်ပြီး   ဂေဟစနစ် မပျက်စီးစေရေး သစ်ပင်စိုက်ကာ  ထိန်းသိမ်းပေးဖို့ လိုအပ်ပါကြောင်း  ရေးသား တင်ပြ လိုက်ရပါတယ်။   ။

ဝေဟင်နန်းဖြူ(မြန်မာစာ)