Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာနတွင် သင်ကြားမည့် ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ပစ္စည်းများ ဖြည့်တင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

Naypyitaw State Academy ဆေးသိပ္ပံပညာမဟာဌာနတွင် သင်ကြားမည့် ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ပစ္စည်းများ ဖြည့်တင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ကျင်းပ

 

နေပြည်တော်  စက်တင်ဘာ  ၇

Naypyitaw   State    Academy ဆေးသိပ္ပံပညာမဟာဌာနတွင် ဆေးပညာ အခြေခံနှစ်သင်တန်းကို အဆင်ပြေချောမွေ့ စွာဖွင့်လှစ်နိုင်ရေးအတွက် သင်ကြားမည့်ဆရာ၊ ဆရာမများ ခန့်ထားနိုင်ရေး၊ ဝန်ထမ်းရေးရာ ကိစ္စရပ်များ၊ သင်ကြားရေးဆိုင်ရာ ပစ္စည်းများဖြည့်တင်းနိုင်ရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀ နာရီတွင် ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန နေပြည်တော်အစည်း အဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာန   ဒုတိယဝန်ကြီး   ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆေးလက်တွေ့ အခြေခံဘာသာရပ် ပါမောက္ခ/ဌာနမှူးများ၊ Naypyitaw State Academy မှ ဒုတိယပါမောက္ခချုပ်နှင့် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန၊ စီးပွားရေးပညာ မဟာဌာန၊ ဆေးသိပ္ပံပညာ မဟာဌာန၊ လူမှုရေးပညာ မဟာဌာနနှင့် အားကစားပညာ မဟာဌာန စသည့်သင်ကြားရေး မဟာဌာနကြီး ခုနစ်ခုတို့ဖြင့် ဖွဲ့စည်း တည်ထောင် ထားပြီးဖြစ်ကြောင်း၊ ဆေးသိပ္ပံပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် ယခင်နှစ်ကပင် စတင်စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုနှစ်နိုဝင်ဘာလတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများမှစ၍ ဆေးပညာ အခြေခံနှစ်သင်တန်းကို စတင်ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း၊ Naypyitaw State Academy သို့ တက်ရောက်ခွင့်ရရှိမည့် ကျောင်းသား၊ ကျောင်းသူများအား ရွေးချယ်ရာတွင် ၎င်းတို့အောင်မြင်သည့် စာစစ်ဌာနပေါ်မူတည်၍ စနစ်တကျ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားလျက်ရှိသည့် Naypyitaw State Academy ဖြင့် တစ်ပြေးညီ သင်ကြားပို့ချနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊    ဆေးပညာ အခြေခံနှစ်(Foundation Year) Semester (I)  တွင် သင်ကြားပို့ချပေးမည့် ဆရာ၊ ဆရာမများမှာ ပညာရေးဝန်ကြီးဌာန Naypyitaw State Academy  မှ ဆရာ၊ ဆရာမများဖြစ်သဖြင့်  ၎င်းတို့ကို   မိမိတို့သင်ရိုးညွှန်းတမ်း၊ ဆန်းစစ်ခြင်းပုံစံများဖြင့် အကျွမ်းဝင်မှုရှိစေရန် ဘာသာရပ်ဆိုင်ရာ ဝါရင့်သင်ကြားရေးဆရာ၊ ဆရာမများ ပါဝင်သောအဖွဲ့နှင့်  ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊  Naypyitaw State Academyသို့ တက်ရောက်ခွင့်ရရှိမည့်   ကျောင်းသား၊   ကျောင်းသူများ၏ အရည်အသွေး ပြည့်မီမှုကိုလည်း အလေးထားဆောင်ရွက်ရန် အရေးကြီးကြောင်း၊ Naypyitaw State Academy တွင် ဆေးသိပ္ပံ ပညာမဟာဌာန၏ ဘွဲ့ကြိုသင်တန်းများဆိုင်ရာ သင်ကြားရေးဆရာ၊ ဆရာမများ ခန့်ထားရေး၊ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များနှင့် ခေတ်မီသင်ထောက်ကူ ပစ္စည်းများပြည့်စုံမှုရှိစေရန် ဖြည့်တင်းရေး ကိစ္စရပ်များကို Naypyitaw State Academy ကျန်းမာရေး ဝန်ကြီးဌာနနှင့်  ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဝန်ထမ်းခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းရေးဆိုင်ရာကိစ္စရပ်များ၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသားအဆောင် တည်ဆောက်ရေး ကိစ္စရပ်များ၊ Naypyitaw State Academy  ဒုတိယပါမောက္ခချုပ်က လက်ရှိ Naypyitaw State Academy  ၏ ဖွဲ့စည်းပုံ၊ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ အဆောက်အအုံတည်ဆောက်ပြီးစီးမှုဆိုင်ရာကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ရာ    ပြည်ထောင်စုဝန်ကြီးက ပြန်လည်ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက်    တာဝန်ရှိသူများက Academic Campus နှင့် Clinical Campus များဖြစ်သော Naypyitaw State Academy နှင့် ခုတင် ၅၀ ဆံ့ ဇမ္ဗူသီရိဆေးရုံ နေပြည်တော်တို့သို့ သွားရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။