ဒစ်ဂျစ်တယ်ကမ္ဘာထဲက ရှေးဉီးပြုစုနည်းပညာ

ဒစ်ဂျစ်တယ်ကမ္ဘာထဲက ရှေးဉီးပြုစုနည်းပညာ

ကြက်ခြေနီဆိုသည်မှာ ကြက်ခြေနီဆိုသည်မှာ  စေတနာ့ဝန်ထမ်းဖြစ်သည်။အသင်း၏အဓိကရည်ရွယ်ချက်မှာ ရှေးဦးသူနာပြုစုနည်းဖြင့် လူသားတို့၏အသက်အန္တရာယ်ကို ကူညီကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။  လူနာတစ်ဦးကိုတွေ့ရှိသည့်အခါ   ဆေးရုံ၊ ဆေးခန်းသို့ မပို့ဆောင်မီ  အသက်အန္တရာယ်မှကာကွယ်နိုင်ရန် ပြုစုစောင့်ရှောက်ခြင်းပင်ဖြစ်သည်။

ကြက်ခြေနီအသင်းစတင်ခြင်း

  အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့အစည်းနှင့် လခြမ်းနီအဖွဲ့အစည်း  လူမှုရေးလှုပ်ရှားမှု အဖွဲ့အစည်းကြီးသည်  နိုင်ငံတကာဆိုင်ရာ လူသားချင်းစာနာသောလှုပ်ရှားမှုတစ်ခုဖြစ်ပြီး  ထိုအဖွဲ့အစည်းတွင် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ဝင်ပေါင်း ၉၇ သန်းဖြင့် ဖွဲ့စည်းထားသည်။ ထိုအဖွဲ့အစည်းအား  လူသားတို့၏ဘဝနှင့် ကျန်းမာရေးကို  ကာကွယ်ရန်အတွက် ဖွဲ့စည်းထားခြင်းဖြစ်သည်။ သက်ရှိလူသားတို့အတွက် ပိုမိုသေချာသောလေးစားမှု၊ ဝေဒနာခံစားနေရသော ဒုက္ခများမှ  ကာကွယ်တားဆီးပေးရန် တို့အတွက် အသားအရောင်၊ အသက်အရွယ်၊ အဖိုအမ၊ လူမျိုးနှင့်ဘာသာရေး၊  အဆင့်အတန်း  စသည်တို့အား ခွဲခြားခြင်းမရှိသည့် အခြေခံအခြေအနေများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

  နှစ်စဉ်နှစ်တိုင်း မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်သည်။  ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြက်ခြေနီနေ့ အခမ်းအနားများကို ကျင်းပကြသည်။ ကြက်ခြေနီနေ့အခမ်းအနားများကို မေလ ၈ ရက်နေ့တွင်ကျင်းပရခြင်းမှာ   ထိုနေ့သည်  ဟင်နရီဒူးနန့်၏မွေးနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ဟင်နရီဒူးနန့်

ကို ၁၈၂၈ ခုနှစ် မေ ၈ ရက်တွင်မွေးဖွားခဲ့ပြီးကြက်ခြေနီအဖွဲ့ကြီးဖြစ်ပေါ်လာအောင်   စတင်အုတ်မြစ်ချ တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်ထူးဖြစ်သည်။ ထို့ကြောင့်ပင်သူ၏မွေးနေ့ဖြစ်သည့် မေလ ၈ ရက်နေ့တွင် ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပကြခြင်းဖြစ်သည်။မြန်မာနိုင်ငံကြက်ခြေနီအသင်း

  မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးနှင့် ဦးဆောင်ဦးရွက်ပြုနေသော လူမှုကရုဏာအဖွဲ့အစည်း ဖြစ်သည့်  မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဘေးအန္တရာယ်ကျရောက်အလွယ်ဆုံးသူများ၏ ကျန်းမာရေးနှင့် ပိုမိုကောင်းမွန်သောဘဝများအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။    မြန်မာနိုင်ငံတွင်

ကြက်ခြေနီလုပ်ငန်းများကို ၁၉၂၀ ပြည့်နှစ်မှစတင်ကာအိန္ဒိယနိုင်ငံကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ်စတင် ဆောင်ရွက်ခဲ့သည်။ထို့နောက် ၁၉၃၇ ခုနှစ်တွင်  ဗမာနိုင်ငံကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ၁၉၃၉ ခုနှစ်တွင်  အပြည်ပြည်ဆိုင်ရာကြက်ခြေနီ

ကော်မတီ (အိုင်စီအာစီ)က  အသိအမှတ်ပြုခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (ဖက်ဒရေးရှင်း)၏ အသင်းဝင်ဖြစ်လာခဲ့သည်။

နိုင်ငံတော်အစိုးရသည် ဗမာနိုင်ငံကြက်ခြေနီအသင်းအက်ဥပဒေကို   ၁၉၅၉ ခုနှစ်တွင်  ပြဋ္ဌာန်းခဲ့ပြီးအမြဲတမ်း လူမှုကရုဏာအသင်းအဖြစ်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး  အဆိုပါအက်ဥပဒေကို ၁၉၆၄ ခုနှ်၊ ၁၉၇၁ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် ထပ်မံပြင်ဆင်ခဲ့သည်။ အဆိုပါအက်ဥပဒေအရ စိန့်ဂျွန်းသူနာပြုတပ်ဖွဲ့အား  ကြက်ခြေနီသူနာပြုတပ်ဖွဲ့အဖြစ် ဗမာနိုင်ငံကြက်ခြေနီအသင်းတွင် ထည့်သွင်းဖွဲ့စည်းခဲ့သည်။  ၁၉၈၉ ခုနှစ်တွင် နိုင်ငံတော်ဥပဒေပြဋ္ဌာန်းချက်အရ ဗမာနိုင်ငံကြက်ခြေနီအသင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

ရှေးဦးပြုစုခြင်း

    ရှေးဦးပြုစုခြင်းသည် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏   အမြုတေကျောရိုးမဏ္ဍိုင်ဖြစ်ပြီး အသင်းမှဆောင်ရွက်သည့် စီမံချက်များ၊   စီမံကိန်းများကို ဆောင်ရွက်ရာတွင် ကနဦးလုပ်ငန်း တစ်ရပ်ပင်ဖြစ်သည်။  ရှေးဦးပြုစုခြင်းအတတ်ပညာ  ဆိုသည်မှာ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ၊ နာမကျန်းဖြစ်သူများကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံမရောက်မီ ထိခိုက်ဒဏ်ရာပိုမိုမပြင်းထန်ရေး၊  အမြန်ဆုံး ပြန်လည်ကောင်းမွန် လာစေရေးအတွက်    ရှေးဦးပြုစုခြင်းပြုလုပ်ပြီး စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်းများကို ဆောင်ရွက်ရသော အတတ်ပညာဖြစ်သည်။

   ရှေးဦးပြုစုခြင်းပညာရပ်များကိုတတ်မြောက်ထားလျှင် လူသားချင်းစာနာထောက်ထားမှုစံနမူနာအဖြစ် လူသားတို့၏အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့်အပြင်  ကိုယ်ခန္ဓာမသန်စွမ်းဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပေသည်။    ရှေးဦးပြုစုခြင်းကို ၁၉၇၂ ခုနှစ်တွင်  စိန့်ဂျွန်းသူနာပြုဝန်ဆောင်မှု အနေဖြင့် စတင်ဆောင်ရွက်ခဲ့သည်။ ပထမဦးဆုံးအနေဖြင့်ရှေးဦးပြုစုခြင်းကို ကြက်ခြေနီအသင်းဝင်များအတွက် ရည်ရွယ်၍   သင်တန်းပို့ချခဲ့ပြီးနောက်ပိုင်းတွင် ပြည်သူလူထုတစ်ရပ်လုံးအတွက်  ရှေးဦးပြုစုခြင်း သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့သည်။  မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ပန်းတိုင်မှာ     တစ်အိမ်တစ်ယောက်   ရှေးဦးပြုစုသူရှိစေရန်ဖြစ်သည်။

ထိုပန်းတိုင်သို့ရောက်ရှိရန်လည်း   စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။  ကျေးလက်ဒေသနှင့်မြို့ပြပါမကျန် ရှေးဦးပြုစုခြင်းရက်တိုသင်တန်းများဖြင့် ပို့ချသင်ကြားပေးကြသည်။  ကြက်ခြေနီအသင်း၏ ရှေးဦးပြုစုခြင်း ဆောင်ရွက်ချက်သည် နေ့စဉ်ကြုံတွေ့နေရသည့် မတော်တဆထိခိုက်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊   ကိုဗစ်-၁၉ ရောဂါဘေးကြုံခဲ့ရသည့်ကာလများတွင်   တန်းတူညီမျှစေတနာဖြင့် လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံလျက်ရှေးဦးပြုစုခြင်းကို  စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည်။    စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းများကိုလည်း   အသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ ကူညီခဲ့ကြသည်။ လူတိုင်းရှေးဦးပြုစုခြင်းတတ်မြောက်ရန်နှင့်တတ်မြောက်ထားသောပညာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်ဖြစ်သည့်  ပန်းတိုင်သို့ လှမ်းချီလျက်ရှိပေသည်။

ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကျင်းပခြင်း

   မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည်ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ၂၀၀၃ ခုနှစ်မှစတင်၍ ကျင်းပခဲ့သည်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၉ ရက်တွင် (၂၁) ကြိမ်မြောက်အဖြစ်   ကျင်းပခြင်းဖြစ်ပေသည်။ စွမ်းဆောင်ရည်ပြည့်ဝသော  အမျိုးသားကြက်ခြေနီ (Well Functioning  National Society)အဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ရေး၊ နိုင်ငံတစ်ဝန်းလုံး ဘေးဒုက္ခအလွယ် ကျရောက်နိုင်သော သူများနှင့် အချိန်အခါမရွေး ပူးပေါင်းဆောင်ရွက်လျက် လူသားချင်းစာနာထောက်ထားမှုကို အခြေခံသောအဖွဲ့အစည်း ဖြစ်လာရေးအတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ  ငါးနှစ်တာ မဟာဗျူဟာချမှတ်၍ ကြက်ခြေနီအသင်းအဖွဲ့၏စေတနာဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ရှေးဦးပြုစုခွင့်သည်အခန်းကဏ္ဍတစ်ရပ်အဖြစ်  အဓိကနေရာမှပါဝင်ပေသည်။

ဒစ်ဂျစ်တယ်ကမ္ဘာထဲက ရှေးဦးပြုစုနည်းပညာ ဒစ်ဂျစ်တယ်စနစ်ဆိုသည်မှာ အချက်အလက်နှင့် ပတ်သက်သည့် နည်းပညာတစ်မျိုးဖြစ်ပြီး တစ်ခုစီဖြစ်နေပြီးဆက်စပ်မနေသော ကိန်းဂဏန်းများကို အသုံးပြု

ထားသည်။    ဒစ်ဂျစ်တယ်ဟူသောစကားလုံးကို ကွန်ပျူတာ၊ အီလက်ထရွန်နစ်တို့နှင့်သက်ဆိုင်သော နည်းပညာများတွင်အများဆုံး အသုံးပြုကြသည်။ အထူးသဖြင့် ပြင်ပလောကရှိ အချက်အလက်များကို ကိန်းဂဏန်းများ အသွင်ပြောင်းထားသော ဒစ်ဂျစ်တယ်အသံလှိုင်းနှင့် ဒစ်ဂျစ်တယ်ရုပ်ပုံတို့အဖြစ် ပြောင်းလဲရာတွင် ဖြစ်သည်။ ဒစ်ဂျစ်တယ်ကို မည်သို့အသုံးပြုရမည်ကို သုတေသနပြုခြင်းဖြင့် သိလိုသည့်အရာကို ရှာဖွေနိုင်မည်၊ အကျိုးရှိစွာအသုံးပြုနိုင်မည်၊ အကျယ်ကို အကျဉ်းချုံးနိုင်မည်၊  အကဲဖြတ်နိုင်မည်၊ ဖန်တီးနိုင်မည်ဖြစ်သည်။  နည်းပညာတိုးတက်လာသည်နှင့်အမျှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ကျန်းမာရေး စသည့်ဝန်ဆောင်မှုများကို  ဒစ်ဂျစ်တယ်နည်းပညာဖြင့် သတင်းအချက်အလက်များ အဆင့်ဆင့်ပေးပို့ဆောင်ရွက်လာကြသည်။ဒစ်ဂျစ်တယ်ထုတ်လွှတ်ရေးစနစ်တွင်မူ တစ်ဆက်တည်းမဟုတ်ဘဲ တစ်ဆင့်ချင်းပြောင်းလဲနေသောသတင်းအချက်အလက်များအဖြစ် တင်ပြလေ့ရှိကြသည်။

လုံလောက်မှုမရှိသည့်တုံ့ပြန်မှုများ၊ အချိန်နှင့်တစ်ပြေးညီ ကုသစောင့်ရှောက်ပေးနိုင်မှုများကင်းမဲ့မှုကြောင့် နှစ်စဉ်သန်းပေါင်းများစွာသော လူများသည် ထိခိုက်မှုများကြောင့်   နာကျင်မှု၊  သေဆုံးမှုများကို ခံစားနေကြရသည်။ဒစ်ဂျစ်တယ် ကမ္ဘာအဖြစ်ခေတ်နှင့် ရင်ပေါင်တန်းကြိုးစား၍ သတင်းအချက်အလက်များ ထုတ်လွှင့်ပေးပို့နိုင်သည့် အခြေအနေတွင် ရှေးဦးပြုစုခြင်းသည် အသက်ပေါင်းများစွာကို လွယ်လင့်တကူ ကယ်တင်နိုင်မည် ဖြစ်သည်။အချိန်၊ နေရာဒေသ၊ ဖြစ်ပွားမှုဖြစ်စဉ်များကို သတင်းအတိအကျရရှိရန် လွယ်ကူလာသည်နှင့်အမျ ှရှေးဦးပြုစုခြင်းဖြင့် လူနာ၏အသက်အန္တရာယ် အခြေအနေကို  အချိန်နှင့်တစ်ပြေးညီ ကယ်တင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

အကယ်၍ထိခိုက်မှုတစ်ခုခု၊   မတော်တဆမှုတစ်ခုခုဖြစ်ပေါ်သည့်အခါ      ချက်ချင်းထိထိရောက်ရောက်   ပြုစုစောင့်ရှောက်မှုပေးနိုင်မည်ဆိုလျှင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုတွေကို အထိရောက်ဆုံး ကာကွယ်နိုင်မည်ဖြစ်သည်။ အရေးပေါ် အခြေအနေများတွင် ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုပေးခြင်းသည်   လူနာကိုရှင်သန်နိုင်သည့် အခွင့်အလမ်းများစေပါသည်။ ရှေးဦးသူနာပြုစုခြင်းသည်အရေးပေါ်ကုသမှုနေရာ၌ အစားထိုးခြင်းမဟုတ်ပေ။ ထိခိုက်မိသည့်အခါပြင်းထန်သောအဆင့်သို့ မရောက်စေရန်နှင့် ရှင်သန်နိုင်မည့် အခွင့်အရေးများစေရန် အရေးပေါ်ကုသမှုမခံယူနိုင်မီစပ်ကြား  လုပ်ဆောင်ပေးသော အရေးပါသည့်အဆင့်တစ်ရပ်ပင်ဖြစ်သည်။

ရှေးဦးသူနာပြုစုခြင်းက တစ်ဦးတစ်ယောက်ရုတ်တရက်ထိခိုက်ဒဏ်ရာရသွားခြင်း၊  အစာနင်ခြင်း၊အရေးပေါ် ကျန်းမာရေးပြဿနာတစ်ခုခု  ကြုံသည့်အခါ ဆေးကုသမှုမခံယူနိုင်မီ ကာလအပိုင်းအခြား၌ သက်သာစေရန်၊ အန္တရာယ်ရှိသည့်အခြေအနေမှကျော်လွှားနိုင်စေရန်ထောက်ကူပေးသည့်လုပ်ဆောင် ချက်ဖြစ်သည်။

ရှေးဦးသူနာပြုစုခြင်း၏ အဓိကရည်ရွယ်ချက်မှာ အသက်များကိုကယ်တင်ရန်၊  ထိခိုက်ဒဏ်ရာများ၊ အဖျားရောဂါများပိုဆိုးမလာရန်ကာကွယ်ခြင်း၊ နာလန် ထချိန်မြန်စေရန်၊  နာကျင်မှုများကိုသက်သာစေရန်၊ မျှော်လင့်မထားသည့် ဆုံးရှုံးမှုများ ဖြစ်မလာစေရန်ဖြစ်သည်။     ခေတ်စနစ်များ   အဆင့်ဆင့်ပြောင်းလဲ တိုးတက်လာခဲ့သည်မှာ ဒစ်ဂျစ်တယ်ကမ္ဘာအဆင့်သို့ပင်  ခေတ်မီပြောင်းလဲလာပြီဖြစ်သည်။   သို့သော်လည်း  ခေတ်အဆက်ဆက်    ရာစုနှစ်များမှသည် ယနေ့အထိ  လူသားတိုင်းအတွက်   မရှိမဖြစ်လိုအပ်သော ပညာရပ်မှာ  ရှေးဦးပြုစုခြင်းပင်ဖြစ်သည်။  မိမိအိမ်တွင်း၌ သော်လည်းကောင်း၊ ပတ်ဝန်းကျင်၌သော် လည်းကောင်း အရေးပေါ်အခြေအနေနှင့်  ကြုံတွေ့ရသည့်အခါ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များဖြင့်  လူနာအားထိန်းညှိပေးထားနိုင်ပြီး အသက်အန္တရာယ်ကို  ကာကွယ် ပေးနိုင်မည်ဖြစ်သည်။ ရှေးဦးပြုစုခြင်းနည်းပညာ၏ အရေးပါပုံကို လူသားတိုင်းသိရှိနားလည်သဘောပေါက်၍ ဒစ်ဂျစ်တယ် ကမ္ဘာထဲမှာ  လူသားတို့၏အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းဖြင့် ရေးသားလိုက်ရပေသည်။   ။

နုခန့်ယဉ်(ရစ်ကန်ကြီး)