တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ်(Youth Week) လှုပ်ရှားမှုမြင်ကွင်းများမှတစ်ဆင့် အနာဂတ်ခေါင်းဆောင်များဆီသို့

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ်(Youth Week) လှုပ်ရှားမှုမြင်ကွင်းများမှတစ်ဆင့် အနာဂတ်ခေါင်းဆောင်များဆီသို့

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံလူငယ်သီတင်းပတ် (Youth Week) လှုပ်ရှားမှုများ အခမ်းအနားကို ကျင်းပရသည့် ရည်ရွယ်ချက်မှာ  နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များသည် အဓိကစွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင်ပါဝင်လျက်ရှိကြောင်းကို   တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ လူငယ်များသတိပြုမိစေရန် ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၈ ရက်အထိ လူငယ်သီတင်းပတ် ( Youth Week) အဖြစ်သတ်မှတ်ပြီး   ပညာရေးဝန်ကြီးဌာနက ဦးဆောင် ကျင်းပပေးလျက်ရှိသည်။

ယနေ့လူငယ်များသည်   အနာဂတ်မြန်မာနိုင်ငံတော်အတွက် များစွာအားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ်    အစစ်အမှန်များပင်ဖြစ်သည်။

အဆိုပါ လူ့စွမ်းအားအရင်းအမြစ်များ ဗလငါးတန်နှင့်ပြည့်စုံရေးသည် အင်မတန်အရေးကြီးသည့်   အချက်တစ်ခုဖြစ်ပြီးဗလငါးတန်ဆိုသည်မှာ    ကာယဗလ၊ ဉာဏဗလ၊   စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလတို့ဖြစ်သည်။ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ်(Youth Week) အစီအစဉ်တွင် စက်တင်ဘာ  ၄ ရက်မှ ၈ ရက်အထိ  တက္ကသိုလ်များ၊ ဒီဂရီကောလိပ်ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များက  ပါဝင်ဆင်နွှဲလျက်ရှိသည်။

ကာယဗလ ၊ ဉာဏဗလ ၊ စာရိတ္တဗလ၊မိတ္တဗလနှင့် ဘောဂဗလဟူသည့်    ဗလငါးတန်နှင့်သက်ဆိုင်သည့်    လှုပ်ရှားမှုများအဖြစ် ဈေးရောင်းပွဲတော်၊  အသိပညာပေး ဟောပြောပွဲများ၊  အားကစားပြိုင်ပွဲများ၊ ညစာစားပွဲနှင့်ပျော်ပွဲရွှင်ပွဲများကို ပညာရေး ဝန်ကြီးဌာန၏ တက္ကသိုလ်ကျောင်းပေါင်း ၅၀ နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းပေါင်း ၂၅ ကျောင်း၌ နေ့အလိုက်စည်ကားသိုက်မြိုက်စွာ    အောင်မြင်စွာကျင်းပခဲ့ပြီး ဖြစ်ပါသည်။   တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ   ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်

စပ်လျဉ်းပြီး လှုပ်ရှားမှုအမျိုးမျိုး ထည့်သွင်းကျင်းပခဲ့ပြီး ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူ   လူငယ်လူရွယ်များကလည်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

ပထမရက်တွင် ကာယဗလ၏ အရေးပါမှုကို   မီးမောင်းထိုးပြသည့်အနေဖြင့် ဝူရှူး၊ ခြင်းလုံး၊ Fitness Dance ၊ လှယဉ်ကျေးမယ် စသည့်အားကစားနှင့် ကာယအလှပြ၊ သရုပ်ပြကွက်များကို ထည့်သွင်းကျင်းပခဲ့သည်။ ဒုတိယရက်တွင် ဉာဏဗလအတွက် လူငယ်စကားဝိုင်းများကျင်းပခြင်း၊ အသိပညာဗဟုသုတမျှဝေရေး    Project Presentation  များပြုလုပ်ခြင်းနှင့်   လူငယ်များ၏ Talent  and  Art  Show များကျင်းပခဲ့သည်။ တတိယရက်တွင်  စာရိတ္တဗလအတွက် လူငယ်နှင့်လောကနီတိဟောပြောပွဲများ ကျင်းပခြင်း၊   စတုတ္ထရက်တွင် မိတ္တဗလအတွက်  လူငယ်တွေ့ဆုံပွဲများ၊ သီချင်းဆိုခြင်း၊   Fun Fair ၊  Farewell နှင့်ဈေးရောင်းပွဲများကိုကျင်းပခဲ့သည်။ ပဉ္စမရက်(ယနေ့)တွင် ဘောဂဗလအတွက် အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက ဟောပြောခြင်း၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ၊ စကားပြောပြိုင်ပွဲများ ကျင်းပခြင်းအစရှိသည့်လှုပ်ရှားမှုများကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဖြစ်ပါသည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သော    နိုင်ငံတည်ဆောက်ဖို့ရာအတွက် ပညာရေးသည် အဓိကအခန်းကဏ္ဍမှပါဝင်ပြီး  ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံဖြစ်ရန် ယခုလူငယ်များသည် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံ၍ အားတက်သရော ပါဝင်ကာ ဝိုင်းဝန်းတည်ဆောက်ရန်လိုသည်။ လူငယ်ကိုအခြေခံသည့် အနာဂတ်ကိုတည်ဆောက်ရာတွင် စာသင်ကျောင်းမှစတင်ပြီး  ကျောင်းသားလူငယ်များ၏ ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်ပြည့်စုံသည့် လူငယ်များ မွေးထုတ်နိုင်ရန်အတွက်   ကျောင်းသား၊ ကျောင်းသူများအပါအဝင် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ အခြားနှီးနွှယ်ဌာနများ၊ အဖွဲ့အစည်းများနဲ့ မိဘပြည်သူတို့ပူးပေါင်း ပြီးဆောင်ရွက်ကြရန်လိုအပ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အနာဂတ်ခေါင်းဆောင်များ၏ အင်အားကို  အလေးထားသောကြောင့်အသစ်ချမှတ်ထားသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ် လူမှုရေးဦးတည်ချက် (ဂ)တွင် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး   ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး   ဟူသော ဦးတည်ချက်  ထည့်သွင်းထားသည်ကို ကြည့်ခြင်းအားဖြင့် လူငယ်ရေးရာကဏ္ဍကို ဘယ်လောက်အတိုင်းအတာအထိ အလေးပေးသည်ကို မျက်ဝါးထင်ထင်တွေ့ရပါသည်။ ထို့ကြောင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  နိုင်ငံတော်ပိုင်သတင်းစာများ၊ ရုပ်သံများမှတစ်ဆင့် အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးသို့ ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်များအား    ဥပဒေဘောင်အတွင်းသို့  ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်လျက်ရှိပါသည်။

မတရားအသင်းနှင့်အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH နှင့်  NUG၊ CDM လှုံ့ဆော်မှု၊ PDF အမည်ခံအကြမ်းဖက်သမားများကြောင့် ဝါဒမှိုင်းမိကာ လမ်းမှားရောက်နေသည့် လူငယ်လူရွယ်များ၏ဘဝနှင့် ဥပဒေဘောင်အတွင်းနေထိုင်ရင်း လူငယ်ဘဝကို တန်ဖိုးရှိစွာ ပညာသင်ကြားနေကြသည့် လူငယ်လူရွယ်များ၏ဘဝသည် ကောင်းကင်နှင့်မြေကြီး၊  ဆီနှင့်ရေလိုကွာခြားလှသည်။  ပညာတတ်လူငယ်များအနေဖြင့် မိမိဘဝတိုးတက်ရေးလမ်းကြောင်းကို ဉာဏ်ပညာရှိရှိဖြင့် ရွေးချယ်စေလိုသည်။ အကြောင်းအမျိုးမျိုးကြောင့်    လမ်းမှားရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များကို   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စေတနာထား၍ ပြန်လည်ဖိတ်ခေါ်ခြင်း၊   ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို အထူးသက်ညှာစွာဖြေလျှော့ ဆောင်ရွက်ပေးသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံတော်၏ စေတနာမှန်ကို   ကျောင်းသား၊ကျောင်းသူလူငယ် လူရွယ်များအား  သိစေချင်သည်။

မြင်စေချင်ပါသည်။  နိုင်ငံတော်အစိုးရအနေဖြင့် အနာဂတ်အတွက် ဦးဆောင်နိုင်သည့် အရည်အသွေးပြည့်ဝသော ဗလငါးတန်နှင့် ပြည့်စုံသည့်    လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပြန်လည်ဖိတ်ခေါ်ကာ လူငယ်ကဏ္ဍကို      မြှင့်တင်ပေးနေခြင်းဖြစ်သည်။

အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များ ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရေးသည် အရေးကြီးသည့်အခန်းကဏ္ဍတစ်ခုဖြစ်သည်။ ၂၁ ရာစုပညာရေးသည်  ဗလငါးတန်ဖွံ့ဖြိုးမှုမှ အစပြုပြီး   ဘက်စုံပညာရေးဖွံ့ဖြိုးမှုအထိ ဦးတည်လျက်ရှိသောကြောင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်များဖြစ်လာအောင် ကြိုးစားလေ့ကျင့် သင်ယူသွားကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း တက္ကသိုလ်၊ဒီဂရီကောလိပ်၊ကောလိပ်ပေါင်းစုံလူငယ်သီတင်းပတ်     (Youth Week) လှုပ်ရှားမှုမြင်ကွင်းများမှတစ်ဆင့် အနာဂတ်ခေါင်းဆောင်များဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်း လိုက်ရပါသည်။   ။

ထက်သိင်္ဂီမောင်