အာဆီယံပြိုကွဲစေမယ့်အကြံနဲ့ ဗီယက်နမ်ဆီချဉ်းကပ်လာတဲ့ အမေရိကန်

အာဆီယံပြိုကွဲစေမယ့်အကြံနဲ့ ဗီယက်နမ်ဆီချဉ်းကပ်လာတဲ့ အမေရိကန်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဆီကနေ မကြာသေးခင်ကထွက်ပေါ်လာတဲ့    နိုင်ငံခြားရေးမူဝါဒအစီအစဉ်က နိုင်ငံတကာအရေးလေ့လာသူများအတွက် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုတွေ ထွက်ပေါ်လာစေပါတယ်။

ဂျိုးဘိုင်ဒင်တစ်ယောက် အောင်မြင်စွာကျင်းပပြီးစီးသွားတဲ့   အာဆီယံထိပ်သီးညီလာခံကို  မတက်ရောက်ခဲ့ပါဘူး။  အဲဒီအစား   လာမယ့်  တနင်္ဂနွေနေ့မှာ   ဗီယက်နမ်နိုင်ငံကို သွားဖို့ရှိနေပါတယ်။    အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံပေါ့။ အကြောင်းရင်းကတော့ နှစ်နိုင်ငံဆက်ဆံရေးကို   မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံအဖြစ် တိုးမြှင့်ဖို့ဖြစ်တယ်လို့ အမေရိကန်ဘက်က ထုတ်ပြန်ထားပါတယ်။

ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် အမေရိကန်ဟာ အာဆီယံထက်  ဗီယက်နမ်ကို ပိုပြီး   အလေးထားတယ်ဆိုတဲ့ သဘောကို   ပေါ်လွင်သွားစေပါတယ်။   ဒီလိုပေါ်လွင်စေခြင်းဟာ အမေရိကန်ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာအတွက် အဓိကအချက်ပါပဲ။

အမေရိကန်အစိုးရဟာ သူတို့ရဲ့   မဟာဗျူဟာမြောက်ဆိုတဲ့ထုတ်ပြန်ချက်တွေတိုင်းမှာ ထည့်သွင်းထုတ်ပြန်လေ့ရှိတဲ့ အချက်တစ်ချက်ရှိပါတယ်။ အဲဒါကတော့ ဒေသတွင်းအခြေအနေတွေကို   ပုံဖော်ရာမှာ အာဆီယံရဲ့အချက်အချာကျမှုကို ပံ့ပိုးပေးသွားမယ်ဆိုတဲ့အချက်ပါပဲ။ ဒီလိုထုတ်ပြန်နေ ပေမယ့်လည်း အမေရိကန်အနေနဲ့ တကယ်တမ်းစိတ်ထဲမှာမပါဘဲ ဖေးမပေးနေသယောင်ဖြစ်နေတယ် ဆိုတာကို မြင်တွေ့ရပါတယ်။

ဂျိုးဘိုင်ဒင်အစိုးရဟာ နိုင်ငံ့တာဝန်ကို စတင်ထမ်းဆောင်ပါပြီဆိုကတည်းက  Quad  အဖွဲ့ပြန်လည်ရှင်သန်စေရေးကို အရေးမစိုက်တော့ဘဲ AUKUS အဖွဲ့ကိုထူထောင်ပါတယ်။ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံကြားမှာကြားဝင်ဖျန်ဖြေမှုတွေလုပ်တယ်။   တစ်နည်းဆိုရရင် စိတ်တူကိုယ်တူရှိတဲ့ မဟာမိတ်အဖွဲ့တွေအပေါ်မှာပဲ မှီခိုထားတယ်လို့ဆိုနိုင်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ အင်ဒို-ပစိဖိတ်မဟာဗျူဟာကိုကြည့်မယ်ဆိုရင်လည်း အာဆီယံအဖွဲ့အစည်းကို ဖယ်ထုတ်ထားပါတယ်။ အာဆီယံကိုဖယ်ထုတ်ပြီးတော့ အာဆီယံအဖွဲ့ထဲမှာပါတဲ့ တချို့သောနိုင်ငံတွေနဲ့သာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာပါတယ်။ အထူးသဖြင့်တော့ အမေရိကန်ရဲ့ သြဇာလွှမ်းမိုးမှုကို တိုက်ရိုက်ဆောင်ကြဉ်းပေးနိုင်စေဖို့ပါပဲ။

တစ်ဖက်မှာ အမေရိကန်က အာဆီယံကို အဖက်မတန်သလိုပစ်ထားသကဲ့သို့ တစ်ဖက်မှာကတော့ အာဆီယံ အဖွဲ့အစည်းပြိုကွဲအောင်ပင် ကြံဆောင်နေတာပါ။ ဒီလိုပြောရတဲ့အတွက်လည်း ထင်ရှားတဲ့ဥပမာရှိပါတယ်။

ချမ်းသာကြွယ်ဝမှုအတွက် အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်ဆိုတဲ့ လုပ်ငန်းတစ်ခုကို  ဂျိုးဘိုင်ဒင်အစိုးရက စတင်လိုက်ပါတယ်။ အဲဒီထဲမှာ အာဆီယံအဖွဲ့ထဲကမှ ခုနစ်နိုင်ငံကိုပဲဖိတ်ကြားခဲ့တာပါ။ ကျန်တဲ့သုံးနိုင်ငံကိုတော့ပစ်ပယ်ထားခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ဆောင်ခြင်းဟာ အာဆီယံအဖွဲ့ကြားမှာ အက်ကြောင်းဖြစ်ပေါ်စေတယ်ဆိုတာ လုံးဝငြင်းလို့မရအောင်ခိုင်မာနေပါတယ်။

အခုလည်း အာဆီယံထက်ဗီယက်နမ်ကပိုပြီးအရေးပါတယ်လို့ ဂျိုးဘိုင်ဒင် အစိုးရက ပြသလိုက်ပြန်ပါပြီ။    ဒီတစ်ကြိမ်မှာတော့   အာဆီယံကိုပြိုကွဲစေမယ့် အမေရိကန်ရဲ့လုပ်ရပ်က     ထင်ရှားစွာပေါ်ပေါက် လာပါတယ်။ အမေရိကန်အနေနဲ့ အခုလိုမျိုးတွေလုပ်နေရတဲ့နောက်ကွယ်က အကြောင်းတရားများစွာ ရှိပါတယ်။

တစ်ခုကတော့ တောင်တရုတ်ပင်လယ်အတွင်းမှာ   တင်းမာမှုတွေမြင့်တက်လာစေဖို့ပါ။

ဒီနှစ်အတွက်  အလှည့်ကျတဲ့  အာဆီယံဥက္ကဋ္ဌအင်ဒိုနီးရှားက တောင်တရုတ်ပင်လယ်အတွင်းကျင့်သုံးရမယ့် ကျင့်ဝတ်စည်းမျဉ်းများနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေကိုအရှိန်အဟုန်မြှင့်တင်ဖို့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောလာပါတယ်။   ဒီအချက်ဟာ အမေရိကန်တို့မလိုချင်ဆုံးအချက်ပါ။ တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်အေးချမ်းနေရင် အမေရိကန်အနေနဲ့ ဒေသတွင်းအရေးတွေမှာ ဝင်ရောက်စွက်ဖက်ဖို့အတွက် ပြဿနာတစ်ခုလျော့နည်းသွားသလို ဖြစ်မှာစိုးလို့ပါပဲ။

ဒါကြောင့် တောင်တရုတ်ပင်လယ်အတွင်း တည်ငြိမ်အေးချမ်းမှုမရှိစေဖို့ ဖိလစ်ပိုင်မှာစစ်ရေးအရ တည်ရှိမှုတွေကို ပိုမိုလုပ်ဆောင်လာသလို တောင်တရုတ်ပင်လယ်အရေးမှာ တစ်နိုင်ငံအဖြစ်ပါဝင်နေတဲ့ ဗီယက်နမ်နိုင်ငံကိုလည်း နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် သတ်မှတ်လာတာပါ။ တစ်နည်းဆိုရရင် အမေရိကန်က ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကိုတိုးမြှင့်ခြင်းအားဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကို စုပေါင်းအားနဲ့ရင်ဆိုင်ဖို့လုပ်လာတာလို့လည်း ဆိုနိုင်ပါတယ်။

ဖြစ်ချင်တော့ အာဆီယံကိုအဖက်မလုပ်ဘဲ အာဆီယံကိုပြိုကွဲစေမယ့် အမေရိကန်တို့ရဲ့လုပ်ရပ်ဟာ သူတို့ရဲ့သြဇာအာဏာလွှမ်းမိုးမှုကျဆင်းလာခြင်းကို ပြသနေရာရောက်နေတာကိုတွေ့ရပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက သူတို့အနေနဲ့ တရုတ်နဲ့အမေရိကန် ဘက်ပြိုင်လာရင် ဘယ်သူ့ဘက်ကိုမှမလိုက်ဘူးလို့ အတိအလင်းပြောထားပြီးသားပါ။

ဒါကြောင့် အာဆီယံဆိုတာ အဖွဲ့အစည်းတစ်ခုလုံးအနေနဲ့ဆိုရင် အမေရိကန်ရဲ့ဦးဆောင်မှု နောက်မလိုက်ဘူးဆိုတာ  သိထားတဲ့အတွက် အာဆီယံကိုပြိုကွဲစေဖို့၊ စိတ်ဝမ်းကွဲစေဖို့ လုပ်ဆောင်လာတာလို့လည်း ဆိုနိုင်ပါတယ်။

နောက်တစ်ချက်က အမေရိကန်အနေနဲ့ ဗီယက်နမ်နိုင်ငံကို ချဉ်းကပ်စည်းရုံးမှုဟာ ယာယီမျှသာဖြစ်နိုင်ပါတယ်။   ဒီနှစ် အစောပိုင်းတုန်းကဆိုရင် ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုတွေလုပ်ခဲ့ပါတယ်။    

ဒီလို     ဝင်ရောက်စွက်ဖက်မှုတွေကြောင့်ပဲ ဗီယက်နမ်အစိုးရတာဝန်ရှိသူများရဲ့ ဝေဖန်မှုများနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။

နောက်ထပ်တစ်ချက်က အမေရိကန်အစိုးရအဆက်ဆက်ရဲ့ အာရှ-ပစိဖိတ်မူဝါဒဟာ တစ်သမတ်တည်းမရှိဘူး ဆိုတာကို လည်းတွေ့ရပါတယ်။

ဘားရက်အိုဘားမားလက်ထက်တုန်းက   အာရှဗဟိုပြုမူဝါဒ၊ ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်သာပထမဆိုတဲ့  မူဝါဒ၊ အခုတော့ အင်ဒို-ပစိဖိတ်မဟာဗျူဟာဆိုတဲ့မူဝါဒတို့ကို အမျိုးမျိုးချမှတ်ခဲ့တာပါ။ ဒီလိုချမှတ်မှုတွေကြောင့်ပဲ အမေရိကန်ရဲ့ကတိပြုမှုတွေအပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မယုံသင်္ကာဖြစ်မှုတွေ တစ်နေ့တခြားတိုးပွားလာနေတယ်လို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ခြုံငုံကြည့်မယ်ဆိုရင် အမေရိကန်ဟာ တရုတ်ကိုထိန်းချုပ်နိုင်ဖို့အတွက်သာ  အဓိကဦးစားပေး တဲ့အနေနဲ့ တိုက်ကွက်ဖော်မှုတစ်ခုအဖြစ် အာဆီယံအဖွဲ့ကိုပြိုကွဲဖို့လုပ်ဆောင်လာနေတာတွေ့ရပါတယ်။ ဒါပေမဲ့ အာဆီယံအဖွဲ့ဟာ   အမေရိကန်ရဲ့လုပ်ရပ်တွေနဲ့ မူဝါဒတွေအပေါ် ယုံကြည်မှုကျဆင်းလာပါတယ်။ ဒီအတွက်ကြောင့်  အာဆီယံပြိုကွဲစေရေး အမေရိကန်ရဲ့လုပ်ဆောင်ချက်ဟာလည်း အောင်မြင်မှုရဖို့ ခဲယဉ်းလိမ့်မယ်လို့ ဆိုနိုင်ပါတယ်။

Ref: Global Times