နေပြည်တော်ရှိ ဆေးရုံများ၌ အတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး

နေပြည်တော်ရှိ ဆေးရုံများ၌ အတွင်း၊ အပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ကြည့်ရှုအားပေး

 

နေပြည်တော် စက်တင်ဘာ ၉

    ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးတွင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို     ကြည့်ရှုအားပေးသည်။

ဦးစွာ နေပြည်တော် ခုတင်-၁၀၀၀ ပြည်သူ့ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးနှင့်  နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့ကို    ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာရဲမြင့်က  ဆေးရုံကြီးအတွင်း သန့်ရှင်းရေးလုပ်ငန်းကို အပတ်စဉ် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တာဝန်ရှိသူများသည် ဆေးရုံကြီးအတွင်း၊ အပြင်တို့တွင်   အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အသင်းအဖွဲ့များက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊  သစ်ပင်များ အလင်းဖွင့်ခြင်း၊ အဆောက်အအုံအမိုးပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး တို့အတွက် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို   ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ခုတင်-၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ၏ အတွင်း၊ အပြင်တို့၌သန့်ရှင်းရေး ဆောင်ရွက်နေမှုကို  ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားသည်။

ယနေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ခုတင် -၁၀၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး တစ်ရုံ၊ ခုတင် - ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး လေးရုံ၊ ခုတင် - ၃၀၀ ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊ ခုတင် - ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံ တစ်ရုံ၊  ခုတင် - ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံ နှစ်ရုံ၊ ခုတင် - ၅၀ ဆံ့ ပြည်သူ့ဆေးရုံ ခြောက်ရုံ၊ ၂၅ ခုတင်ဆံ့   ပြည်သူ့ဆေးရုံ တစ်ရုံ၊ ၁၆ ခုတင် ဆံ့   တိုက်နယ်ဆေးရုံ ခြောက်ရုံ စုစုပေါင်းဆေးရုံ  ၂၂ ရုံတွင် သက်ဆိုင်ရာ မြို့နယ်များအလိုက်  သန့်ရှင်းရေးများကို တစ်ပြိုင်တည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။