ပြည်သူ့ဆေးရုံများ၌ သန့်ရှင်းရေးဆောင်ရွက်မှုများကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း လှည့်လည်ကြည့်ရှု အားပေး

ပြည်သူ့ဆေးရုံများ၌ သန့်ရှင်းရေးဆောင်ရွက်မှုများကို ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း လှည့်လည်ကြည့်ရှု အားပေး

 

နေပြည်တော်  စက်တင်ဘာ  ၉

    မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ဆေးရုံများ၊ တိုင်းရင်းဆေးရုံများ၌ အစိုးရဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများသည် ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဆေးရုံများ၏ သန့်ရှင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များက လိုက်လံကြည့်ရှု အားပေးကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခုတင်-၁၀၀ ဆံ့  တိုင်းရင်းဆေးရုံကြီး၊   နေပြည်တော်ပြည်သူ့ဆေးရုံကြီး ခုတင်-၃၀၀ နှင့် အထူးကုဆေးရုံကြီး လေးရုံတို့သို့ သွားရောက်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို   ကြည့်ရှုအားပေးသည်။

အလားတူ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်းနှင့်အဖွဲ့သည် နေပြည်တော်ရှိ ကလေးရောဂါ အထူးကုဆေးရုံကြီး၊ သားဖွားမီးယပ်ရောဂါအထူးကုဆေးရုံကြီး၊ အရိုးရောဂါအထူးကုဆေးရုံကြီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ် အထူးကုဆေးရုံကြီးများသို့ သွားရောက်၍ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ထို့အတူ    ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိတပ်ကုန်းမြို့ ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီးရှိ ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့ ပြည်သူ့ဆေးရုံနှင့် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယင်းတော်တိုက်နယ်ဆေးရုံ၊ ရန်အောင်တိုက်နယ်ဆေးရုံ၊ တောင်ညောင်ကုန်းတိုက်နယ် ဆေးရုံများ၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီး၊   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာပြည်သူ့ဆေးရုံကြီး၊  ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီး၊  အထွေထွေရောဂါကုဆေးရုံသစ်ကြီး၊   အထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ အရိုးရောဂါ   အထူးကုဆေးရုံကြီးတို့၌ စုပေါင်းသန့်ရှင်းရေး  ဆောင်ရွက်မှုများကို  တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။