နိုင်ငံရဲ့အမည်ကို လွတ်လပ်ရေးပေးခြင်း သို့မဟုတ် အိန္ဒိယကို ဘားရတ်ဟု ခေါ်စေသတည်း(၁)

နိုင်ငံရဲ့အမည်ကို လွတ်လပ်ရေးပေးခြင်း သို့မဟုတ် အိန္ဒိယကို ဘားရတ်ဟု ခေါ်စေသတည်း(၁)

 

    "Mera Bharat Mahan" ဟု ဂန္ထဝင်ရုပ်ရှင်မင်းသားကြီး   အမီတာဘာချမ်းက ၎င်းရဲ့ x (ယခင်တွစ်တာ) ပေါ်တွင် တင်ထားသည်။ အဓိပ္ပာယ်ကား “ကျွန်ုပ်ရဲ့    ကြီးကျယ်မြင့်မြတ်သောအိန္ဒိယ” ဖြစ်သည်။

နာမည်ကျော်ခရစ်ကတ် ကစားသမားဟောင်း ဗီရန်ဒါဆီဝက်ကလည်း "Team India nahi, Team Bharat" ဟု ရေးတင်ထားပြန်သည်။ သူ့ရဲ့အဓိပ္ပာယ်က “အိန္ဒိယအသင်းမဟုတ်၊ ဘားရတ်အသင်းသာဖြစ်သည်” ဟုဆိုသည်။ ဒါ့အပြင် သူက ဘားရတ်နိုင်ငံသား ဖြစ်ရသည်ကို ဂုဏ်ယူသည်ဟု ကြေညာထားပြန်သည်။

ဒါတွေက မကြာသေးမီက အစိုးရအနေနဲ့  နိုင်ငံရဲ့အမည်ကို  အိန္ဒိယမှ ဘားရတ်အဖြစ်သို့  ပြောင်းလဲတော့မည်ဟူသော ကောလာဟလများ ထွက်ပေါ်လာပြီးနောက် အွန်လိုင်းပေါ်တွင်မြင်တွေ့လာရသည့်   သာဓကတချို့ဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ဝေဖန်လေကန်ရေးသမားတို့ရဲ့  ကန့်ကွက်မှုများကလည်း အုတ်အော်သောင်းနင်း ထွက်ပေါ်လာပြန်သည်။

ဒီကောလာဟလဘယ်ကစသလဲဆိုရင် G20 ထိပ်သီးညီလာခံ ညစာစားပွဲဖိတ်စာက စသည်ဟုပြောရမည်။ ဖိတ်စာအတွက် အပေါ်စာတွင် အိန္ဒိယနိုင်ငံသမ္မတ အစား ဘားရတ်နိုင်ငံသမ္မတအဖြစ် ပြောင်းလဲရေးသားထားသည်ကို တွေ့ရသည်။

ဒါ့အပြင် ဝန်ကြီးချုပ်နာရန်ဒရာမိုဒီကိုလည်း ဘားရတ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ရည်ညွှန်းထားပြန်သည်။ G20 ထိပ်သီး ညီလာခံ စတင်ကျင်းပရာ   စက်တင်ဘာ ၉ ရက်တွင်မူ    အစည်းအဝေးစားပွဲရှိ ဝန်ကြီးချုပ်နာရန်ဒရာမိုဒီရဲ့ရှေ့တွင် အိန္ဒိယအစား ဘားရတ်ဟူသော အမည်က နေရာယူထားသည်ကိုလည်း တွေ့ရသည်။

ဒါနဲ့ပတ်သက်ပြီး ဝေဖန်ရေးသမားများက  အိန္ဒိယနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ  ၁ ကို ရည်ညွှန်းကိုးကားပြီး ငြင်းချက်ထုတ်ကြသည်။

ပုဒ်မ ၁ တွင်ဖော်ပြထားသည်က "India, that is Bharat,  shall be a Union of States" ဖြစ်သည်။   အဓိပ္ပာယ်ကား “ဘားရတ်ဟုလည်းခေါ်သည့် အိန္ဒိယသည် ပြည်ထောင်စုနိုင်ငံဖြစ်ရမည်” ဟုဖွင့်ဆိုထားခြင်းဖြစ်သည်။

ဒါကြောင့် အိန္ဒိယကို ဘားရတ်ဟု သီးသန့်အမည်ပြောင်းရန် မလိုကြောင်း ဝေဖန်ရေးသမားများက ပြောခြင်းဖြစ်သည်။ ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာတော့ တီးတိုးတီးတိုး သဖန်းပိုးဆိုသကဲ့သို့ အသံများ ကျွတ်စီနေအောင် ထွက်ပေါ်လာသည်။

အကြောင်းရင်းမှာမူကား အိန္ဒိယဟူသည် သူ့ကျွန်လက်အောက်တွင် သတ်မှတ်ခံခဲ့ရသော အမည်ဖြစ်ပြီး ဟိန္ဒူအများစု ရှိရာ နိုင်ငံတစ်နိုင်ငံအနေဖြင့် မျိုးရိုးအရင်းအမြစ်နဲ့ အနီးစပ်ဆုံးတူညီသည့် အမည်ကိုသာ သတ်မှတ်သင့်သည်ဆိုသည့် အချက်ပင်ဖြစ်သည်။

ဒါကြောင့် အိန္ဒိယဟူသော အမည်ဖြစ်ပေါ်လာပုံ အကြောင်းရင်းခံများနဲ့အတူ ဝေါဟာရဇာစ်မြစ်နဲ့ ဘာသာဗေဒဆိုင်ရာ သမိုင်းကြောင်းတို့ကို နောက်ကြောင်းပြန် ဖော်ထုတ်ရေးသားထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို တွေ့မိလို့ စာဖတ်ပရိသတ်များအတွက် မျှဝေပေးလိုက်ရခြင်းဖြစ်သည်။

ဒီဆောင်းပါးကို မွမ်ဘိုင်းမြို့အခြေစိုက် အလွတ်တန်း သတင်းထောက်နဲ့ အတိုင်ပင်ခံ အယ်ဒီတာ ရှရက်ဒါချောင်ဒူရီ ရေးသားထားခြင်းဖြစ်သည်။

အိန္ဒိယနဲ့ဘားရတ်

 

    အွန်လိုင်းပေါ်မှာ :အိန္ဒိယရဲ့အမည်များ” ဟုရိုက်ရှာလိုက်သည့်အခါ   အမျိုးမျိုးသော ခေါင်းစဉ်များဖြင့်   ဆောင်းပါးများ ထွက်ပေါ်လာသည်။

ဒီထဲမှာ အိန္ဒိယနိုင်ငံရဲ့ အမည်ငါးမျိုး၊ အိန္ဒိယနိုင်ငံရဲ့  အမည်ကိုးမျိုး အပြင် အိန္ဒိယနိုင်ငံရဲ့အမည် ၁၅ မျိုးဆိုသည်အထိ ထွက်လာသည်ကို တွေ့ရသည်။

အိန္ဒိယလား၊ ဘားရတ်လားဆိုသည့် အပြန်အလှန် ငြင်းခုံဆွေးနွေးမှုက ၁၉၄၉ ခုနှစ် စက်တင်ဘာလတွင် စတင်ခဲ့ခြင်း ဖြစ်သည်။ အဲဒီအချိန်တုန်းက တိုင်းပြုပြည်ပြု လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲသည်။

ဒီဥပဒေရဲ့ ပုဒ်မ ၁ မှာ အထက်မှာဖော်ပြခဲ့တဲ့အတိုင်း ရေးသားထားစဉ် အမျိုးမျိုးသော ဝေဖန်မှုများနဲ့အတူ အကြံပြုချက်များ ထွက်ပေါ်လာသည်။

အဲဒီအကြံပြုချက်များထဲမှာ နိုင်ငံရဲ့အမည်ကို ဘားရတ်ဗာရှာအဖြစ် အသုံးပြုရန်၊ ဘားရတ်အဖြစ် အသုံးပြုရန်၊ အင်္ဂလိပ် ဘာသာဖြင့်ဆိုပါက အိန္ဒိယဟု ရေးသားရန်၊ ပြည်တွင်းမှာ ဘားရတ်ဟုခေါ်ပြီး ပြည်ပမှာ အိန္ဒိယဟုခေါ်ရန်  စသည်ဖြင့် ပါဝင်သည်။

“ကျွန်တော်တို့နိုင်ငံမှာ အခုလိုမျိုး အမည်များစွာ ရှိနေရခြင်းက မတူညီတဲ့ ယဉ်ကျေးမှု အသီးသီးကနေ ပေးထားခဲ့ကြတာကြောင့်ပါ။ အခုလက်ရှိ အိန္ဒိယလို့သိထားတဲ့ ကုန်းမြေထုဟာ ၁၉၄၇ ခုနှစ်ကမှ ပေါ်ပေါက်လာတာပါ။ အဲဒီမတိုင်ခင်တုန်းက အခုလက်ရှိ  နယ်မြေဧရိယာထက် ပိုမိုကြီးမားပါတယ်”လို့ ကာလကတ္တားမြို့ရှိ  သက္ကတဘာသာစကား    ကောလိပ်နဲ့  တက္ကသိုလ်မှ  လက်ထောက်ပါမောက္ခ ကာနတ်ဆင်းဟာကပြောသည်။

အိန္ဒိယနိုင်ငံမှာ အမျိုးသားရေးဝါဒ ဦးမော့လာစဉ်အချိန်က နိုင်ငံရေးအဖွဲ့အစည်းများက အိန္ဒိယဆိုတဲ့အမည်ကိုသာ ခေါ်ဝေါ်သုံးနှုန်းခဲ့ခြင်း ဖြစ်သည်။

ဒါကြောင့် ၁၈၈၅ ခုနှစ်မှာစတင်ဖွဲ့စည်းတဲ့ လွှတ်တော်ကိုပင်  အိန္ဒိယအမျိုးသား ကွန်ဂရက်ဟု   အမည်ပေးထားခဲ့သည်။ ဒါ့အပြင် ဝိတိုရိယဘုရင်မက သူ့ကိုယ်သူ အိန္ဒိယနိုင်ငံရဲ့  ဧကရီဘုရင်မအဖြစ် ဘွဲ့ကို ခံယူသည်။

ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘားရတ် ဆိုတဲ့အခေါ်အဝေါ်သည်သာ ပြည်သူများကြားမှာ လူသိများသည်။ ဥပမာ ကွန်ဂရက်ရဲ့ အမည်ကို ဘားရတ်ဆာဘာဟု ခေါ်ခဲ့ခြင်းမျိုးဖြစ်သည်။

ဒီအတွက်ကြောင့် အိန္ဒိယနဲ့ ဘားရတ်ဟူသော အမည်များမှာ ထိုခေတ်ထိုအခါ ကတည်းက တစ်ပြိုင်နက်တည်း အသုံးပြု ခဲ့ကြသည်ကိုတွေ့ရသည်။

ဆိုရမည်ဆိုလျှင် နိုင်ငံရေးအရ ပေါင်းစည်းထားတဲ့ နယ်မြေဖြစ်စေ၊ မြောက်ဘက်မှာ ဟိမဝန္တာ၊ တောင်ဘက်မှာ သမုဒ္ဒရာအပြင် အရှေ့ဘက်နဲ့ အနောက်ဘက်နယ်နိမိတ်များ အထိပါဝင်တဲ့ နေရာဒေသအများအပြားကို အမည်အမျိုးမျိုး ပေးခဲ့ကြခြင်း ဖြစ်သည်။

ဒါကြောင့်လည်း “ဒီဒေသမှာနေတဲ့သူတွေက သူတို့ကိုယ်သူတို့ ဘယ်လိုခေါ်ကြလဲ” ဆိုတဲ့ နယ်ချဲ့ကိုလိုနီတို့ရဲ့ မေးခွန်းကို ထွက်ပေါ်လာစေပြီး သူတို့ကပင် အိန္ဒိယဟုခေါ်ဆိုခဲ့ကြခြင်း ဖြစ်သည်။

Ref: RT