ငါးမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး သက်ရှိအစာ ရေချိုရိုတီဖာနှင့် ရေချိုရေညှိမွေးမြူပေး

ငါးမွေးမြူမှု ဖွံ့ဖြိုးတိုးတက်ရေး သက်ရှိအစာ ရေချိုရိုတီဖာနှင့် ရေချိုရေညှိမွေးမြူပေး

 

      မွေးမြူထုတ်လုပ်ရေး လုပ်ငန်းတွင် တိရစ္ဆာန်အစာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပေရာ မွေးမြူထုတ်လုပ်ရေး နည်းပညာများ  ခေတ်မီတိုးတက်လာသည်နှင့် အမျှ တိရစ္ဆာန်အစာ လုံလောက်ရုံမျှနှင့်  မပြည့်စုံနိုင်ဘဲ  ၎င်းတိရစ္ဆာန်အစာများမှ  မည်မျှအသုံးချနိုင်မှု ရှိသည် (Digestibility) သို့မဟုတ် မည်မျှ အကျိုးသက်ရောက်မှု ရှိသည် (Net Energy)တို့ကို သိရှိရန် လိုအပ်ပေသည်။

    ငါးမွေးမြူရေးအခန်းကဏ္ဍအတွက် အသုံးများသော အပင်မျှောလှေးများနှင့် သတ္တမျှောလှေးများတွင်  ပရိုတိန်း(Protein)၊ အဆီဓာတ်များ(Fats)၊ ကစီဓာတ်များ (Carbohydrates)၊ အမိုင်နိုအက်စစ်ဓာတ်များ (Amino acids)၊ အင်ဇိုင်းဓာတ်များ(Enzymes) နှင့် ပြည့်ဝအဆီ(polyunsaturated fatty acids) ပါဝင်ပြီး အာဟာရပြည့်စုံစွာပါဝင်ရုံမျှမက အစာချေဖျက်နှုန်း ကောင်းမွန်သော  သက်ရှိအရာ(အစာ)များလည်း ဖြစ်ပါသည်။              

သဘာဝရေထုများနှင့် ငါးမွေးမြူသော ကန်များအတွင်းရှိ ရေထုများတွင်   အပင်မျှောလှေးများ  (Phytoplankton) နှင့် သတ္တမျှောလှေးများ (Zoop lankton)ဟူ၍ အုပ်စုနှစ်မျိုးရှိကာ အပြန်အလှန် သဟဇာတညီမျှစွာ ပါဝင်နေရန်မှာလည်း အထူးလိုအပ်ပါသည်။ အပင်မျှောလှေးဆိုသည်မှာ အရွယ်အစား သေးငယ်ပြီး ဆဲလ်တစ်ခုတည်းဖြင့် ဖွဲ့စည်းထားကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အလင်းမှီစု အစာအာဟာရ ဖွဲ့စည်းခြင်း (Photosynthesis)နည်းဖြင့် ရှင်သန်ကြီးထွားပွားများသည့် ရေညှိရေမှော်လေး များကို ဆိုလိုပါသည်။ သတ္တမျှောလှေးဆိုသည်မှာ သက်ရှိအကောင်ငယ်လေးများဖြစ်ပြီး တစ်နည်းအားဖြင့် သက်ရှိအစာ(ရိုတီဖာ- Rotifer)ဟု ခေါ်ဆိုကာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော သေးငယ်သည့် ရေနေသတ္တဝါငယ်လေးများ ဖြစ်ပါသည်။

သတ္တမျှောလှေးတို့သည်  အပင်မျှောလှေးများကို စားသုံးကာ ရှင်သန်ကြီးထွားကြပေသည်။

ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုး တိုးတက်ရန် ငါးများ၏ ပထမအဆင့်ငါးငယ် ခေါ် ငါးမှုန်အဆင့်ဘဝတွင် ကြီးထွားရှင်သန်နှုန်း ကောင်းမွန်စေရန်နှင့် အာဟာရပြည့်ဝစွာ စားသုံးနိုင်ရန်မှာ လွန်စွာအရေးကြီးလှပေသည်။ မွေးမြူရေးနည်းပညာများ ခေတ်မီတိုးတက်လာသည်နှင့်အမျှ  ငါးနှင့်အခွံမာ သတ္တဝါလေးများ (Crustanceausေ)၏ အစောဆုံး အရွယ်ဖြစ်သော သားပေါက်အဆင့်တွင် အလွယ်တကူစားသုံးနိုင်ရန် ဖော်စပ်စာများကို အသုံးပြုလာကြသော်လည်း စိန်ခေါ်မှု အနေဖြင့် မွေးမြူရာတွင် အသုံးပြုသော ရေထုနှင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သည့်အပြင် ငါးမှုန်အဆင့်တွင် ငါးများ၏ အစာခြေစနစ်သည် ကောင်းစွာမဖွံ့ဖြိုးသေးသည့်အတွက် ၎င်းတို့၏ ပါးစပ်အရွယ်အစားနှင့် သင့်လျော်သော  အစာကိုကျွေးမွေးရန် လိုအပ်ပြီး ထိုအထဲတွင် သက်ရှိအစာ(ရိုတီဖာ)သည် အသင့်လျော်ဆုံးဖြစ်ပါသည်။ နိုင်ငံတကာတွင် ငါးမှုန်ငါးသန် ထုတ်လုပ်မွေးမြူရေး လုပ်ငန်းများ တိုးချဲ့လာသည်နှင့်အမျှ သက်ရှိအစာ(ရိုတီဖာ)များ နေ့စဉ်အမြောက်အမြား လိုအပ်လျက်ရှိပါသည်။  

ကန်အတွင်းရှိ ရေညှိရေမှော်လေးများကို သတ္တမျှောလှေးများမှ လည်းကောင်း၊ သတ္တမျှောလှေးများကို ငါးငယ်များမှ လည်းကောင်း၊ ငါးငယ်လေးများကို ငါးကြီးများမှ လည်းကောင်း  အဆင့်ဆင့်စားသုံးကြပြီး အစာကွင်းဆက်တစ်ခုအဖြစ် သဘာဝအတိုင်း လည်ပတ်လျက်ရှိကြပေသည်။

 

အပင်မျှောလှေးမွေးမြူနည်း

     ရေညှိအမျိုးအစားပေါင်း  ၄၃၀၀၀ ကျော်ရှိပြီး  ၉၀ ရာခိုင်နှုန်းခန့်သည် ရေချိုရေပြင်များ၌သာ တွေ့ရှိရသကဲ့သို့ ရေငန်ရေပြင်များတွင်လည်း တွေ့မြင်ရသော ရေညှိမျိုးစိတ်များလည်း ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။ ရေချိုရေညှိတွင် အာဟာရတန်ဖိုး(%dry weight) အားဖြင့် အသားဓာတ် ၅၅ ဒသမ ၄ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၃ ဒသမ ၈ ရာခိုင်နှုန်း ပါဝင်သည်။ ရေချိုရေညှိသည် လိင်မဲ့မျိုးပွားနည်းဖြင့် မျိုးပွားပြီး မူရင်းမိခင်ဆဲလ် တစ်ခုအတွင်းတွင် မိခင်ဆဲလ်နှင့် ပုံစံတူဆဲလ်လေးခု ဖြစ်ပေါ်လာကာ မွေးမြူရန် အကောင်းဆုံးအပူချိန်မှာ (၂၈-၃၅ ဒီကရီ C) အတွင်းဖြစ်ပါသည်။

သတ္တမျှောလှေးမွေးမြူနည်း

    ရိုတီဖာ(Rotifer)ဆိုသည်မှာ သတ္တမျှောလှေးအုပ်စုတွင် ပါဝင်သော  ကျောရိုးမဲ့ရေနေသတ္တဝါငယ် မျိုးစိတ်တစ်မျိုးဖြစ်ပြီး ရေချိုမျိုးစိတ်နှင့်  ရေငန်မျိုးစိတ်ဟူ၍ ယေဘုယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပြီး ရေချိုမျိုးစိတ်တွင် မျိုးစိတ်ပေါင်း  ၂၀၀၀ ခန့်နှင့် ရေငန်မျိုးစိတ်တွင် မျိုးစိတ်ပေါင်း ၅၀  ခန့်  အသီးသီးရှိကြပါသည်။ သက်ရှိအစာ ရေချိုရိုတီဖာတို့သည်  လိင်မဲ့နည်းနှင့် လိင်ရှိနည်းတို့ဖြင့် မျိုးပွားခြင်းကို ပြုလုပ်ကြပါသည်။  

ရေချိုရိုတီဖာများသည် အကောင်းဆုံးအပူချိန် (၂၅ ဒီကရီ C)တွင် (၃-၄)ရက်အထိ နေထိုင် အသက်ရှင်နိုင်ပြီး အပူချိန် (၁၅-၃၅ ဒီကရီ C)အထိ ခံနိုင်ရည် ရှိပါသည်။ ရိုတီဖာတို့ နှစ်ခြိုက်သော ရေချိုရေညှိကို  နေရောင်ခြည်ကောင်းစွာရရှိသော နေရာတွင် ပုံး၊ ကွန်ကရစ်ကန်၊ မိုးကာကန် စသည်ဖြင့် အဆင်ပြေသည့်ပစ္စည်းများကို အသုံးပြုနိုင်ပြီး အောက်ဖော်ပြပါ အချိုးအစားများအတိုင်း ထည့်သွင်း၍ ပြင်ဆင်ရပါမည်။ ကနဦးမွေးမြူရာတွင် ရေချိုရေညှိနှင့်ရေစစ်ရေကို ၁ အချိုး ၃ ပမာဏအတိုင်း အသုံးပြုရမည်ဖြစ်ပြီး မွေးမြူမည့် ပမာဏကို အခြေခံတွက်ချက်ကာ သမအောင်မွှေရပါမည်။ ရေချိုရေညှိများ အလင်းမီစု အစာဖွဲ့စည်းခြင်း ကောင်းစွာပြုလုပ်နိုင်ရန်နှင့် အထက်နှင့်အောက်ခြေသမအောင် ကန်အတွင်းသို့ ပျော်ဝင်အောက်ဆီဂျင် (၆-၈ မီလီဂရမ်/လီတာ)ပမာဏကို လေပေးစက်ဖြင့်ပေးထားရန် လိုအပ်ပါသည်။

စတင်မွေးမြူသည့်ရက်မှ (၃-၅)ရက်အကြာတွင် အစိမ်းရင့်ရောင်သို့ ပြောင်းလဲလာပါက အနည်ထိုင်ထားသော ရေအသစ်အား အခြားမလိုလားအပ်သော သတ္တမျှောလှေးများ မပါဝင်စေရန်အတွက် ရေစစ်ပိုက်ကွက်(၆၉ .um)ဖြင့်စစ်ကာ ထည့်သွင်းရမည်ဖြစ်ပြီး ရေထပ်မံထည့်သွင်းသည့် ပမာဏအတိုင်း တွက်ချက်ကာ ပေါက်ပွားရန်လိုအပ်သည့် ပစ္စည်းများ ထပ်မံထည့်သွင်းရမည်ဖြစ်ပါသည်။

အထက်ပါနည်းလမ်းအတိုင်း မိမိတို့လိုအပ်သည့် သတ္တမျှောလှေးပမာဏ ရရှိလာစေရန် ပြင်ဆင်မွေးမြူထားသော ရေချိုရေညှိကန်အတွင်းသို့ သက်ရှိရိုတီဖာ  မျိုးစိတ်သီးသန့်အား 12 pcs/ml နှုန်းဖြင့် ထည့်သွင်း မွေးမြူပြီး (၄-၅)ရက်အကြာတွင် ပမာဏအမြောက်အမြား ပွားများလာသည်ကို တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

ရေချိုရေညှိနှင့် သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူရာတွင် ဓာတ်ခွဲစမ်းသပ်ခန်းအတွင်း ပမာဏအနည်းငယ် မွေးမြူခြင်း (laboratory scale culture)၊ အလတ်စား ပမာဏမွေးမြူခြင်း (Medium scale culture)၊ အမြောက်အမြား မွေးမြူခြင်း (Mass culture) စနစ်တို့ကို အသုံးပြုနိုင်ပြီး တစ်သုတ်ချင်းမွေးမြူခြင်း(Batch culture) နှင့် စဉ်ဆက်မပြတ်မွေးမြူခြင်း(Continuous culture)တို့ဖြင့် ဆောင်ရွက်နိုင်ပါသည်။    

          

သက်ရှိအစာ(ရိုတီဖာ)တွင် ပရိုတိန်းဓာတ် ၆၅ ဒသမ ၆ ရာခိုင်နှုန်းနှင့် အဆီဓာတ် ၁၁ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ခြင်းကြောင့် ငါးမှုန်အဆင့်တွင် လိုအပ်သော အာဟာရဓာတ်များကို ဖြည့်တင်းပေးနိုင်မည်ဖြစ်ပြီး ရေညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ပါသည်။ ထို့အတူ သက်ရှိအစာ(ရိုတီဖာ)ကို မွေးမြူထားသော ကန်အတွင်းမှခပ်ယူ၍ ငါးသားပေါက်ကန်များအတွင်းသို့ ပက်ဖျန်းကျွေးမွေးခြင်း  သို့မဟုတ် သက်ရှိအစာ(ရိုတီဖာ) မွေးမြူထားသော ကန်အတွင်းသို့ ငါးမှုန်များအား ပြောင်းရွှေ့ထည့်သွင်း မွေးမြူခြင်းတို့ဖြင့် နှစ်သက်ရာပုံစံဖြင့် မွေးမြူနိုင်ပါသည်။ မွေးမြူထားသောကန်များအတွင်းမှ ရိုတီဖာများ အမြောက်အမြားစုဆောင်း ရရှိပါက လေလုံအိတ်ငယ်များအတွင်းသို့ ထည့်သွင်းကာ  ရေခဲသေတ္တာ  (၄ºဃ)အတွင်း အေးခဲထားရှိပြီး (၂-၃)လအတွင်း ပြန်လည်အသုံးပြုနိုင်ပါသည်။

မွေးမြူသားဖောက်ထားသောငါးမှုန်များ ဥမှအကောင်ပေါက်ပြီး သုံးရက်သားခန့်တွင်  ရိုတီဖာကိုစတင် ကျွေးမွေးနိုင်ပြီး အနည်းဆုံးတစ်ပတ်သားမှ အများဆုံး နှစ်ပတ်သားအထိ   သက်ရှိအစာကျွေးမွေးနိုင်မည် ဆိုပါက ငါးများရှင်သန်နှုန်းကို သိသာစွာမြှင့်တင်ပေးနိုင်မည်ဖြစ်ကာ  သုတေသနပြု စမ်းသပ်မှုများအရ ရှင်သန်နှုန်း ၇၀ ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်ပါသည်။

လူကျန်းမာရေးနှင့်  အပင်မျှောလှေး၊ သတ္တမျှောလှေးဈေးကွက်

    နိုင်ငံတကာတွင် ရေချိုရေညှိ Chlorella မျိုးစိတ်ကို လူတို့အသုံးပြုရန် ကျန်းမာရေး ဆေးဝါးများအဖြစ် အမှုန့်ပုံစံ၊ ဆေးပြားနှင့် ဆေးတောင့်ပုံစံများဖြင့် အသုံးပြုလျက်ရှိကြပါသည်။ ထို့ပြင် ငါးများနှင့်အခွံပါ သတ္တဝါများကိုကျွေးမွေးရန် အမှုန့်ပုံစံဖြင့် လည်းကောင်း၊ သက်ရှိအစာမွေးမြူရေး လုပ်ငန်းများအတွက် အရည်ပုံစံအဖြစ် လည်းကောင်း၊ အသင့်မွေးမြူရန်အတွက် သက်ရှိအစာ  ရေချိုရိုတီဖာမွေးမြူရန် ဥ(cysts )များကို စနစ်တကျ ထုပ်ပိုးထားသော  အိတ်ပုံစံဖြင့် လည်းကောင်းနှင့် ရေချိုရိုတီဖာ(အရှင်)ကို ထုပ်ပိုးအိတ်များဖြင့် လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ် အသုံးပြုလျက်ရှိပါသည်။       

ငါးမွေးမြူရေးလုပ်ငန်း ရေရှည်တည်တံ့ဖွံ့ဖြိုးရေး

    ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ငါးမှုန်အရွယ်ငါးငယ်များ အတွက် လိုအပ်သော အာဟာရတန်ဖိုးများ ပါဝင်အောင် ဖော်စပ်စာများ ထုတ်လုပ်ဖြန့်ဖြူး အသုံးပြုကျွေးမွေးလျက်ရှိသော်လည်း   အဆိုပါ ကျွေးမွေးလိုက်သည့် ဖော်စပ်စာများကို ငါးငယ်များမှ ကုန်စင်အောင်မစားသုံးနိုင်ပါက ကန်အောက်ခြေသို့ လျင်မြန်စွာ နစ်မြုပ်သွားခြင်းကြောင့် ရေအရည်အသွေး ကျဆင်းစေနိုင်ခြင်း၊ အစာသည် အနည်းငယ်ခြောက်သွေ့ မာကျောသဖြင့် အစာခြေစနစ်ကောင်းစွာ မဖွံ့ဖြိုးသေးသည့် ငါးငယ်များအတွက်  ဆိုးကျိုးသက်ရောက်မှု ရှိစေနိုင်ခြင်း၊ ထိုမှတစ်ဖန် ရှင်သန်နှုန်းကျဆင်းသဖြင့်  တစ်ဖက်တစ်လမ်းမှလည်း   စီးပွားရေးဆုံးရှုံးစေခြင်းစသော အချက်များကို ရင်ဆိုင်ကြုံတွေ့နိုင်ပါသည်။ ထို့ကြောင့် ရေရှည်တည်တံ့ အောင်မြင်သော ငါးမှုန်ထုတ်လုပ်မှု လုပ်ငန်းများအတွက် အထောက်အကူပြု ပံ့ပိုးပေးနိုင်ရန်နှင့် ငါးမျိုးစိတ်အားလုံး၏  ငါးမှုန်အဆင့်တွင်   ရှင်သန်ကြီးထွားနှုန်းကို ကောင်းမွန်စေရုံသာမက အာဟာရဓာတ်များပြည့်စုံစွာ ပါဝင်သော သက်ရှိအစာရိုတီဖာ၏ အရေးပါပုံနှင့်  မွေးမြူပုံနည်းစနစ်တို့အား အသုံးပြုနိုင်ရန်   မျှဝေဖော်ပြ ရေးသားလိုက်ရပါသည်။ ။

ရည်ညွှန်းကိုးကား

Dhert, P., Rombaut, G., Suantika, G., Sorgeloos, P. 2001. Advancement of rotifer culture and manipulation techniques in Europe. Aquaculture 200 2001 129–146.

Importance of Live food organisms in aquaculture Live feed for Aquaculture. Aquatic animal feed research group, Aquatic animal feed research and development division, Department of Fisheries, Thailand

Phytoplankton and Zooplankton for Aquaculture. Prachinburi Inland Aquaculture Research and Development Center, Department of Fisheries, Thailand.

Reyes, J. A. C., Torres, J. A. S., Campos, B. J., Hernandez, J. C. G., 2020. Chlorella vulgaris, a microalgae important to be used in biotechnology: a review. Food sci. Technol, 1:11

Safi, C., Zebib, B., Merah, O., Pontalier, P.Y., Vaca-Garcia, C., 2014. Morphology, composition, production, processing and  applications of Chlorella vulgaris: A review. Renew. Sustain. Energy Rev. 35: 265–278

မောင်တံငါ (M.Sc)  မွေးသု(မန်း)