ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာတစ်မျိုးဖြစ်သည့် အလေး ခေါ် အူလိုင်

ကျန်းမာရေးအတွက် အထူးကောင်းမွန်သော ပူတာအိုဒေသထွက် အစားအစာတစ်မျိုးဖြစ်သည့် အလေး ခေါ် အူလိုင်

 

    မြန်မာနိုင်ငံမြောက်ဖျားပိုင်း   ရေခဲတောင်များ ပတ်လည်ဝိုင်းသော တောင်ပေါ်ဒေသ၊   ကျေးငှက်သာရကာများ တွန်ကျူးကာ သစ်ပင်ပန်းမန်များ စုံလင်စွာ ပေါက်ရောက်ရာ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်း၊ ခေါင်လန်ဖူးမြို့နယ်တို့တွင် သဘာဝအလျောက် ပေါက်ရောက်သော ရဝမ်ဘာသာစကားဖြင့်  အလေး ခေါ်အူလိုင်ပင်မှရရှိသော အမှုန့်များကို ရဝမ်တိုင်းရင်းသား လူမျိုးများက စွဲစွဲမက်မက် တန်ဖိုးထားကာ  စားသုံးကြသောဒေသထွက် အစားအစာ တစ်မျိုးဖြစ်သည်။

ယခင်က တောင်ပေါ်ဒေသများတွင် ရာသီဥတုဖောက်ပြန်ခြင်းကြောင့်သော် လည်းကောင်း၊ ကြွက်ဘေးကျရောက်ချိန်တွင် လည်းကောင်း အစာခေါင်းပါးဘေး ကြုံတွေ့သောအချိန်များတွင် အလေး၊ ရှိန်းဆစ်၊ ဝါ့စား(ရဝမ်အမည်များ)စသည့် တောမှရရှိသော အစားအစာများဖြင့် အသက်ဆက်ခဲ့ကြရပြီး  လက်ရှိတွင်လည်း ဝေးလံခေါင်သီသော တောင်ပေါ်ဒေသများတွင် အစာခေါင်းပါးဘေးကြုံလျှင် ၎င်းအလေး ခေါ် အူလိုင်ပင်မှရရှိသော  အူလိုင်မှုန့်များကို အမျိုးမျိုးတီထွင်ကာ  အချိုကြိုက်ပါက အချိုနှင့်တွဲဖက်၍ စားသုံးကြသည်။

အလေး ခေါ် အူလိုင်ပင်သည် အရှည် အမြင့်ပေ ၄၀ မှ ၈၀ အထိ ရှည်လျားပြီး အပင်၏ သက်တမ်းသည် ၁၀ နှစ်မှ ၁၅ နှစ်အထက်ရောက်မှသာ ထုတ်ယူစားသုံးနိုင်သည်။ ရှေးဘိုးဘေးများက စားသုံးရန် ဆန်များမရှိသောအချိန် အူလိုင်ကို  အစာအဖြစ် အသုံးပြုကာ ဘဝကိုဖြတ်သန်းခဲ့ကြပြီး အလေး ခေါ် အူလိုင်စားသုံးလျှင် အသက်ရှည်ကြောင်း ဒေသခံများထံမှ သိရသည်။

အလေး  ခေါ် အူလိုင်ပင်များသည် အသီးတစ်ခိုင်မှ နှစ်ခိုင် ရင့်မာလာသောအခါ အခေါက်ကို ဓားဖြင့်စမ်းသပ်ကာ အူတိုင်တွင် အနှစ်ပျစ်ရည်ပါ၊ မပါစမ်းကြည့်ရပြီး ပျစ်ရည်ပါသော အပင်ကိုခုတ်လှဲရသည်။ ထိုသို့ခုတ်လှဲရာတွင် အပင်ရင်းမှသော် လည်းကောင်း၊ ပင်စည်ထိပ်ပိုင်းမှသော် လည်းကောင်း ခုတ်ယူရပြီး တောင်ကမ်းပါးယံ စောင်းများ၌ ခုတ်လှဲရန် ခက်ခဲသောအပင်များကို ပင်စည်ထိပ်ပိုင်းသို့ တက်၍ တစ်ပိုင်းစီခုတ်ထစ်ကာ အောက်သို့လျှောချ ယူရသည်။အူလိုင်ပင်ကို ခွဲခြမ်းရာတွင် ဓား၊ ပုဆိန်၊ လွှနှင့်အူလိုင်ပင်ခုတ်ရန် ပစ္စည်းကိရိယာများဖြင့် ထုခြေပြီး အမျှင်နှင့်  အနှစ်ရောသော အလေးမှုန့်ကို      လေးတန်ခေါ် အဆင်သင့်လုပ်ထားသော   ဇလားခွက် ရှည်စင်ပေါ်တွင်စုပုံ၍ ရေဖြင့်ဆေးကြောရသည်။ စင်၏အောက်တွင် ရေဆေး၍ ပါလာသော အနှစ်ပျစ်ရည်များကို ခံယူထားသည့် ရေတံလျှောက်ပေါ် ကျစေကာ ထိုမှတစ်ဆင့် အူလိုင်အခွံဖြင့် ပြုလုပ်စီမံထားသော ဇလားဖြင့်ခံယူသည်။ ထိုအလေးမှုန့်များကို  သရေစာအဖြစ်သော် လည်းကောင်း၊  ထမင်းနှင့်ရော၍သော်လည်းကောင်း စားသုံးကြသည်။

အလေး ခေါ် အူလိုင်ပင်များကို ယခင်က တောင်ပေါ်ဒေသ တောတောင်လျှိုမြောင် များတွင် သွားရောက်ရှာဖွေကြရပြီး ယခုအခါ အစေ့ချ စိုက်ပျိုး၍ရသလို အပင်ပျိုး၍ မြေချစိုက်ပျိုးနိုင်သဖြင့်   ပူတာအိုဒေသ ရဝမ်တိုင်းရင်းသားများ နေထိုင်ရာ ရပ်ကွက်/ကျေးရွာများတွင် အဆိုပါ အူလိုင်ပင်များ ကိုတွေ့နိုင်သည်။

အလေးမှုန့်သည် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော    အစားအစာ တစ်မျိုးဖြစ်သည်ကိုတွေ့ရပြီး အစာအိမ် ရောဂါသည်များနှင့် လူမမာများ စားသုံးရန် အထူးသင့်လျော်သော ဒေသထွက်အစားအစာ တစ်မျိုးဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)