လာရောက်ဖူးမြော်စေချင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ဆီ

လာရောက်ဖူးမြော်စေချင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ဆီ

ယနေ့ခေတ်ကာလသည် လူမှုကွန်ရက်ခေတ်စားလာသည်နှင့်အညီ  မည်သည့်သတင်းမဆို ဖုန်းတစ်လုံးရှိရုံဖြင့် အချိန်နှင့် တစ်ပြေးညီ ပြည်သူလူထုသိရှိလာနိုင်သည်။ လတ်တလောတွင် နေပြည်တော်၌ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်သူ များပြားလျက်ရှိရာ ဝါခေါင်လပြည့်မေတ္တာ အခါတော်နေ့တွင်  အနယ်နယ်အရပ်ရပ်မှ  ဘုရားဖူးပြည်သူများဖြင့် စည်ကားများပြားနေမှုကို လူမှုကွန်ရက်မှတစ်ဆင့် တွေ့မြင်နေရပါသည်။ လူမှုကွန်ရက်ပေါ်တွင် တက်လာသမျှ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ သတင်းတိုင်းတွင် သွားရောက်ဖူးမြော်ကြသည့် ဒေသခံပြည်သူလူထု၏ ပျော်ရွှင်နေသည့် အပြုံးပန်း၊ တိမ်ပြာပြာမိုးသားကို နောက်ခံထား၍ စိမ်းညို့သောတောတောင်များ၏ အလှတရားပေါ်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ကြည်ညိုဖွယ်ရာအဆင်းနှင့် ဖြူလွလွကျောက်စာရုံစေတီတော်များကို မြင်တွေ့ရသည့်အခါ   ကျွန်မရင်ထဲဝယ် သွားရောက်ဖူးမြော်ကြည်ညိုလိုစိတ်များ တဖွားဖွားဖြစ်ပေါ်လာရပါသည်။

ကျွန်မသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်မဖူးမြော်မီ ဘုရားကြီးနှင့်ပတ်သက်သော အကြောင်းအရာများကို လက်လှမ်းမီသလောက် ရှာဖွေမိပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတွင်ထေရဝါဒ ဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှု၏   ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီးသာယာဝပြောမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်း သာယာမှုဖြစ်စေရန် စသည့်ရည်ရွယ်ချက်(၄)ရပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ကျွန်မတို့နိုင်ငံသည်  ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကို ကိုးကွယ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဝိနည်းတော်များနှင့်အညီ လိုက်နာကျင့်သုံးသည့်  ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။  ကျွန်မတို့နိုင်ငံတွင် ထေရဝါဒဗုဒ္ဓဘာသာနှင့်   ပတ်သက်၍ ခိုင်မာသောအခြေခံအုတ်မြစ်ရှိခြင်းကြောင့် ထေရဝါဒဗုဒ္ဓဘာသာ  မြန်မာနိုင်ငံတွင် ခိုင်မာမှုရှိခြင်းကို  ပြသနိုင်ရန်အတွက်  ရည်ရွယ်တည်ထားခဲ့ခြင်း ဖြစ်ကြောင်း ကြည်ညိုလေးစားဖွယ် တွေ့ရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးထုဆစ်ရန်အတွက် ကျောက်တုံးတော်ကြီးများကိုသယ်ယူရေး စီစဉ်ဆောင်ရွက်ရာတွင် ကုန်းလမ်းမှ သယ်ယူရန် အခက်အခဲများရှိခြင်းကြောင့် စကျင်တောင်မှမြောင်မြစ်၊ မြောင်မြစ်မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆီမီးခုံဆိပ်ကမ်း၊ ထိုမှတစ်ဆင့် ကုန်းလမ်းမှနေပြည်တော်သို့   သယ်ဆောင်ခဲ့ရပြီး စကျင်တောင်မှသယ်ဆောင်ရန်အတွက် ဆောင်ရွက်ရာတွင်လည်း   တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့နှင့်တပ်မတော်(ရေ)တို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့သူများအားလုံးကို နိုင်ငံတော်အကြီးအကဲက အထူးပင်ကျေးဇူးတင် ရှိပါကြောင်း ကမ္ပည်းမော်ကွန်းတွင် မှတ်တမ်းတင်ဂုဏ်ပြုခဲ့သည်ကို လေးစားဂုဏ်ယူဖွယ် တွေ့ရပါသည်။

၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျောက်တုံးတော်ကြီးများကို  စတင်ပင့်ဆောင်ခဲ့ပြီး  ထိုသို့ပင့်ဆောင်ရာတွင် ကျောက်တုံးတော်ကြီးများကို ပင့်ဆောင်သည့် Modular Trailer များ ထုတ်လုပ်သော ဂျာမနီနိုင်ငံမှ Goldhofer Company အနေဖြင့် ကမ္ဘာပေါ်တွင် အလေးချိန် အများဆုံး အရာဝတ္ထုများကို ခရီးအကွာအဝေး အရှည်ဆုံး ရွှေ့ပြောင်းသယ်ယူနိုင်ခဲ့သည့် အသိအမှတ်ပြု  Certificate ကိုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ခြင်းနှင့် ဗုဒ္ဓဥယျာဉ်တော် တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစီအစဉ်များအဆင့်ဆင့်ချမှတ်၍ စနစ်တကျ ဆောင်ရွက်ခဲ့သည်ကိုလည်းတွေ့ရသည်။ ဦးဆောင်ဘုရားဒါယကာကိုယ်တိုင် ဆရာတော်ကြီးများထံမှသြဝါဒ

ခံယူပြီး လုပ်ငန်းအစီအမံများကို လမ်းညွှန်ချမှတ်ကာ သက်ဆိုင်ရာလက်အောက်ငယ်သားများက ယင်းလမ်းညွှန်ချက်များကို လိုက်ပါလုပ်ဆောင် အကောင်အထည်ဖော်၍ တွဲလက်ညီညီ ဆောင်ရွက်ခဲ့ကြသဖြင့် အောင်မြင်မှုရရှိခဲ့ခြင်းဖြစ်သည်။ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌   ကြည်ညိုသပ္ပာယ်ဖွယ်ဖြစ်စေရေး ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းအကြီး၊ ရေပန်းဝိုင်းအသေးများကိုလည်း စနစ်တကျတည်ဆောက်ခဲ့သည်။ 

အလားတူ ဘုရားဖူးလာပြည်သူများအနားယူနိုင်ရန်သုဓမ္မာဇရပ်များကို ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက် ဆောက်လုပ်ထားခြင်းဖြစ်သည်။ မြန်မာမှု၊ မြန်မာ့ဟန်၊ မြန်မာ့ရိုးရာလက်မှုအနုပညာများ၊ ဗိသုကာအတတ်ပညာများကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ အသေးစိတ်ပုံဖော်ထားသည်ကို ကြည့်ခြင်းအားဖြင့်  မြန်မာတို့၏ယဉ်ကျေးမှု အနုပညာလက်ရာ အဆင့်အတန်းမြင့်မားသည်ကို လေ့လာတွေ့ရှိရပါသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာမူရာတည့်တည့်၌ ကျောက်စာရုံစေတီတော်များကို   တွေ့ရပါသည်။ ကျောက်စာရုံစေတီတော်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍  ဘုရားဖူးလာ မိဘပြည်သူများ အနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက် အတွင်းရှိ ပိဋကသုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း   လေ့လာဖတ်ရှုကြည်ညိုနိုင်ရေးအတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့်ထွင်းထုထည့်သွင်း၍ ဆောင်ရွက်ခြင်းဖြစ်သည်။ ကျောက်စာရုံစေတီတော်များကို မန္တလေးမြို့ မဟာကုသိုလ်တော် ဘုရားကျောက်စာရုံများပုံစံယူ၍ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင်   ကျောက်စာရုံ စေတီတော်များနှင့် ပတ်သက်၍ ပြည်ပနိုင်ငံများမှ အလည်အပတ်ဖြစ်စေ၊   ကျောက်စာများကို လေ့လာရန်ဖြစ်စေ လာရောက်သောအခါ ဖတ်ရှုနိုင်ရန် စီမံဆောင်ရွက်ထားသည်ကို ကြည့်ခြင်းအားဖြင့် ကြိုတင်မြော်တွေးမှု စွမ်းရည်မြင့်မားပြီး အကွက်ကျထောင့်စေ့သည်ကို တွေ့ရပါသည်။

သာသနာ့ဗိမာန်  အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးတွင် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားသိုက်မြိုက်စွာ    ကျင်းပနိုင်ရန်အတွက် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အလျား ၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေ ဖြင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည်။ ရင်ပြင်တော်ကြီး တည်ဆောက်ရာတွင် မြက်ခင်းများကိုလည်း  ထည့်သွင်းတည်ဆောက်ထားသည်။  ဂန္ဓကုဋိတိုက်များကိုလည်း စကျင်ကျောက်များ အသုံးပြု၍   မန္တလေးမြို့ အတုမရှိကျောင်းတော်၏  ပုံစံအတိုင်းအဆောင်တစ်ခုနှင့်တစ်ခု အနုလက်ရာများ   လုံးဝမတူညီသည့် ၂၄ ဆောင်တည်ဆောက်ထားပြီး ဘုရားဖူးလာပြည်သူများနေပူပြင်းသည့် အချိန်များတွင် ဂန္ဓကုဋိတိုက်တော်များအတွင်းမ ဘုရားကြီးကို ဖူးမြော်ကြည်ညိုနိုင်စေရန် တည်ဆောက်ထားသည်။ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့  တက်ရောက်ဖူးမြော်နိုင်ရေးအတွက် စက်လှေကားကိုလည်း ထည့်သွင်း တည်ဆောက်ထားရှိသည်။

ကျွန်မသည်  ဘုရားကြီးကိုကိုယ်တိုင်မဖူးမြော်မီကတည်းကပင် ရှာဖွေဖတ်ရှုရသမျှ သတင်း အချက်အလက်နှင့်ပင် ကြည်ညိုသဒ္ဓါပွားစိတ် ဖြစ်မိပါတော့သည်။ သို့နှင့်ကျွန်မလည်း မိသားစုများနှင့်အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရှိရာဆီသို့   ဘုရားဖူးထွက်ခဲ့ပါတော့သည်။

လမ်းခရီးတစ်လျှောက်တွင်  ကျွန်မညက ဖတ်မိသမျှသတင်းများကို   အတိုးချ၍ ကျွန်မမိသားစုများအား ရှင်းပြမိသည်။

သူတို့သည်လည်း စိတ်ဝင်တစားနားထောင်ကြလေသည်။

မော်တော်ကားလေးနဲ့ တဖြည်းဖြည်းမောင်းနှင်လာရင်း အဝေးကပင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး  မုခ်ဦးကြီးကိုလှမ်းမြင်လိုက်ရသည်။ ကျွန်မတို့လိုပင် ခရီးသွားဘုရားဖူးပြည်သူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားလာဖူးသူများကို တွေ့ရသောအခါ   မုခ်ဦးကိုပင်မရောက်သေး ကားတန်းရှည်ကြီးပင်  ဖြစ်နေပါသည်။ ကြက်ပျံမကျစည်ကားလှပါဘိဟု တွေးမိပါသည်။   ထိုကားတန်းရှည်ကြီးကိုပင် မစောင့်နိုင်တော့ဘဲ  ကျွန်မတို့မိသားစုအားလုံး  လမ်းဆင်းလျှောက်ကာ မုခ်ဦးမှတစ်ဆင့်ဝင်လာခဲ့လေသည်။

ဘုရားကြီးရင်ပြင်တော်ဆီရောက်လာသောအခါ ထုထည်ကြီးမားပြီး စကျင်ကျောက်သားဖြင့်  ထွင်းထုတည်ထားသည့်မာရဝိဇယ  ဗုဒ္ဓရုပ်ပွားတော်မြတ်အားဖူးမြော်ရင်း ဤမျှထုထည်ကြီးမားလှသည့် ရုပ်ပွားတော်မြတ်ကြီးအား   ထောင့်စေ့အောင်စီမံ၍ အောင်မြင်အောင်တည်ထားကိုးကွယ်ခဲ့သည့် ဦးဆောင်ဘုရား ဒါယကာနှင့် အလှူရှင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများအားမချီးကျူးဘဲ မနေနိုင်အောင်ဖြစ်

ရပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ဉာဏ်တော်မှာ အမြင့် ၆၃ ပေ၊ ပလ္လင်တော်အမြင့်  ၁၈ ပေ စုစုပေါင်း ၈၁ ပေအမြင့်ရှိပြီး ဆင်းတုတော်ကြီး၏ အလေးချိန်မှာ ၁၇၈၂ တန်၊ ပလ္လင်တော်၏အလေးချိန် ၃၅၁၀ တန် စုစုပေါင်း ၅၂၉၂ တန်ရှိသည်ဟုသိရပါသည်။ ကိန်းဂဏန်းများကို ပေါင်းသော် ၉ ဂဏန်းရပြီး နဝင်းကိုက်တည်ထားသောဘုရားဆင်းတုတော်ကြီးအဖြစ်တွေ့ရသည်။

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရှေ့မျက်နှာစာရှိ  ကျောက်စာရုံစေတီတော်ဘက်သို့ရောက်သောအခါ ကျောက်စာရုံစေတီတော်များကို စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ ပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီမှ ပညာရှင်များ၊ အခြားအရပ်ဘက်ကျွမ်းကျင်ပညာရှင်များက ခေတ်မီစက်ကိရိယာများ အသုံးပြု၍ စနစ်တကျတည်ဆောက်ခဲ့သည့်အတွက် ကျောက်စာရုံစေတီတော် ၇၂၀ ဆူအားရှုထောင့်ပေါင်းစုံမှ သပ္ပာယ်စွာဖူးမြော်ခဲ့ရပါသည်။ ထို့ပြင် နဂါးရုံဘုရား၊ မာရဝိဇယကျောင်းတော်၊   မုစလိန္ဒအိုင်၊ အဂ္ဂါဓိပတိဝိသုံဂါမ   သိမ်တော်ကြီးတို့ကိုပါ သွားရောက်လည်ပတ်ဖူးမြော်ခဲ့ပါသေးသည်။ ရုပ်ပွားတော် မြတ်ကြီး၏ ရင်ပြင်တော်တစ်ခုလုံးကို စကျင်ကျောက်များ ခင်းထားသဖြင့်  ဗုဒ္ဓဥယျာဉ်တစ်ခုလုံး လည်ပတ်ဖူးမြော်ရာတွင် အဆင်ပြေလှသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော်ကြီး တစ်ခုလုံးအား    စကျင်ကျောက်များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ကြီးကျယ်ခမ်းနား ဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှုသည် အခြားမည်သည့်နေရာတွင် မျှမရှိနိုင်ကြောင်း၊ စကျင်ကျောက်တော်ကြီးပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျ ကြီးကြပ်ကွပ်ကဲနိုင်မှုနှင့်  ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ ထပ်မံတည်ဆောက်ရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ပျက်စီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲမှအစ   အလေးထားထိန်းသိမ်းဆောင်ရွက်သွားကြရန် လိုကြောင်း သြဂုတ် ၁၉ ရက်က ကျင်းပခဲ့သည့်အစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့သည်။

ကျွန်မတို့မိသားစုသည် ဘုရားဖူးပြီးအပြန်တွင်   အလှူငွေများလှူပြီးနောက် သဒ္ဓါဓိပတိခေါင်းလောင်း တော်ကြီးမှာ ခေါင်းလောင်းထိုးပြီး အလှူကိုသာဓုခေါ်ခဲ့ပါသည်။ ထိုအချိန်တွင် ဘုရားဖူးပြည်သူများအား ရွှင်လန်းသောမျက်နှာ၊ နူးညံ့သော အပြုံးဖြင့်ကြိုဆိုနှုတ်ဆက်နေသည့် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို တွေ့လိုက်ရပြီး  တစ်ချိန်တည်းမှာပင် ဝမ်းသာစရာသတင်းကောင်းတစ်ခုကိုပါ ပြောပါသည်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် ဘုရားဖူးလာပြည်သူများ အသက်သာဆုံးဖြစ်စေရေးနှင့်    ဝင်ရောက်သူအားလုံးကို အခမဲ့ဝင်ရောက်ခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာ ၄ ရက်မှစတင်၍ ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့်ဖုန်း၊ အခြားဗီဒီယို မှတ်တမ်းများ    ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာရိုက်ကူးခြင်းများကိုသာ ထိုက်သင့်သည့် နှုန်းထားများဖြင့် ကောက်ခံသွားမည်ဖြစ်ကြောင်း၊  ဘုရားကြီးဝင်းအတွင်း ဝင်ရောက်ရပ်နားသည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့်ရပ်နားခနှုန်းထားများအတိုင်း ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့် နေ့စဉ် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း ဝမ်းသာစရာသတင်းကောင်းကို    ပြုံးရွှင်စွာဖြင့် ပြည်သူလူထုအား သတင်းကောင်းပါးခဲ့သည်။   ပြည်သူ့အသံဆန္ဒ အမှန်ကို အလေးထားသည့်  နိုင်ငံတော်အကြီးအကဲ၏ စေတနာကို လေးစားဖွယ်တွေ့ရပါသည်။

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွား    ဆင်းတုတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကို အခက်အခဲပေါင်းများစွာကြားမှ နေ့မအားညမနား   ကြိုးပမ်းတည်ထားခဲ့သည်ကို ကြည့်ခြင်းအားဖြင့်  ဘာသာသာသနာထွန်းကား ပြန့်ပွားရေးကိုသာ ဦးစားပေးဆောင်ရွက်ထားသည်ကို ပေါ်လွင်စေပါသည်။   နေပြည်တော်သည် အစိုးရနှင့်ဝန်ကြီးဌာနများရုံးစိုက်ရာ  မြို့ဖြစ်သည်။

နေပြည်တော်ကို လာရောက်လည်ပတ်ပါက တန်ခိုးကြီးဘုရားများနှင့်  သွားရောက်လည်ပတ်စရာနေရာ  အတော်များများရှိသည်။ ယခုဆိုလျှင် သွားရောက်လေ့လာဖူးမြော်နိုင်စရာ နေရာတစ်ခုတိုးလာပြီဖြစ်သည်။ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်ထားရှိသည့်   ကမ္ဘာပေါ်ရှိ ထိုင်တော်မူ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပင်ဖြစ်ပြီး တစ်ခါတစ်ခေါက်တော့ လာရောက်ဖူးမြော်ကြည်ညို နိုင်ပါကြောင်း ဖိတ်ခေါ်ရေးသားလိုက်ရပါသည်။   ။

ထက်သိင်္ဂီမောင်