လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ

လက်တွေ့အသုံးချဆေးနည်းတို(ဆေးမြီးတို)များ

ဆရာကြီးခင်ဗျာ။ ကျွန်တော့်မှာ လိပ်ခေါင်းရောဂါဖြစ်နေတာ သုံးနှစ်ကျော်ပါပြီ။ စားဆေးများစားသော်လည်း မသက်သာသဖြင့် အနောက်တိုင်း ဆေးတစ်မျိုးကိုဝယ်ယူပြီး   စအိုအတွင်းသို့   ထည့်သော်လည်း ထည့်တုန်းသာသက်သာပြီး အရှင်းမပျောက်ကင်းပါ။

ဝမ်းချုပ်စာများ ဥပမာ- ကောက်ညှင်း၊ ဆန်စေးများ စားမိလျှင် ဝမ်းသွားသောအခါ သွေးပါလာပါသည်။

တစ်ခါတစ်ရံ   ဝမ်းသွားပြီးနောက်ဆုံး၌   သွေးများတစ်စက်တစ်စက်ယိုစီးကျလာပါသည်။ တိုင်းရင်း ဆေးလိပ်ခေါင်း ပျောက်ဆေးများလည်း   နှစ်မျိုး၊ သုံးမျိုးသုံးကြည့်ဖူးပါသည်။     ကျွန်တော်၏လိပ်ခေါင်းမှာ မူလက ဝမ်းသွားလျှင်ထွက်လာပြီး ရေသုံးလိုက်လျှင် ပြန်ဝင်သွားပါသည်။ ယခုနောက်ပိုင်း လိပ်ခေါင်းမှာ ဝမ်းသွားပြီး ရေများများသုံးစွဲသော်လည်း အတွင်းသို့ အကုန်ပြန်မဝင်ဘဲ လက်တစ်ဆစ်ခန့် အပြင်သို့ထွက်နေပါသည်။လိပ်ခေါင်းသွေးကျခြင်းမှ သက်သာစေရန်    မည်သို့ပြုလုပ်ရမည်ကို အကြံပေးစေလိုပါသည်။

လိပ်ခေါင်းရောဂါတွင်   အဆင့်သုံးဆင့်ရှိသည်။ ပထမအဆင့်မှာ ဝမ်းချုပ်လျှင် သွေးကျတတ်သော လိပ်ခေါင်းရောဂါ၊  ဒုတိယအဆင့်မှာ  ဝမ်းသွားလျှင် အပြင်သို့ထွက်လာပြီး   ရေသုံးလိုက်လျှင်  ပြန်ဝင်သွားသော အပြင်လိပ်ခေါင်းရောဂါ၊ တတိယအဆင့်မှာ    အပြင်သို့ထွက်နေပြီး   ပြန်မဝင်နိုင်သော လိပ်ခေါင်းရောဂါအဆင့်တို့ဖြစ်သည်။      တတိယအဆင့်သို့ရောက်လျှင် စားဆေး၊ လိမ်းဆေးနှင့်မရဘဲ ခွဲစိတ်ကုသရမည့်အဆင့်ဖြစ်သည်။  အပူ၊  အစပ်၊ ကောက်ညှင်း၊ မာသောအစာများ၊ ဝမ်းချုပ်စေသော အစာများကို ရှောင်ကြဉ်ရမည်ဖြစ်သည်။  လိပ်ခေါင်းရောဂါအတွက် ထိုက်သင့်သလောက် သက်သာစေနိုင်သော နည်းလမ်းများကို ဖော်ပြလိုက်ပါသည်။

၁။ ဆားခါးကိုရေနွေးဖြင့်ဖျော် အင်တုံတွင်ထည့်၍ရေအေးရောစပ်ပြီး ထိုင်ပေးလျှင် လိပ်ခေါင်း ပြန်ဝင်စေနိုင်သည်။

၂။ လက်ဖက်ခြောက်အဖန်ရည်၊ ဆားခါး၊ ပျားရည်ရောစပ်ပြီး   ဖန်ရည်ဆေးပေးလျှင်  ဒုတိယအဆင့် လိပ်ခေါင်းရောဂါကို သက်သာစေနိုင်သည်။

၃။ ကျားမနိုင်မြစ်ကိုသွေး၍   စအိုအတွင်းသို့ဝင်အောင်  သုတ်လိမ်းပေးလျှင်  လိပ်ခေါင်းသွေးကျ ရောဂါသက်သာစေနိုင်သည်။

၄။ ပန်းလဲပွင့်ကို  လက်ဖက်ခြောက်ကဲ့သို့  ရေနွေးတွင်ခတ်၍ သောက်သုံးပေးခြင်းဖြင့် လိပ်ခေါင်းမှ သွေးကျနေခြင်းကို သက်သာစေနိုင်သည်။  ပန်းလဲပွင့်သည်  ဖန်ခါးသဖြင့် အရသာရှိစေရန် သကြားဖြင့် ပြုတ်၍ သောက်ပေးလျှင်လည်း လိပ်ခေါင်းသွေးကျရောဂါသက်သာစေနိုင်သည်။

၅။ ကုန်းကန်စွန်းရိုးနီကို မန်ကျည်းမှည့်နှင့်ပြုတ်ပြီး  သုပ်စားပါက လိပ်ခေါင်းသွေးကျရောဂါသက်သာ စေနိုင်သည်။

၆။ ရေထိကရုံးပင်ကိုရေဆေးပြီး အစိမ်းအတိုင်းအတို့အမြှုပ်ပြုလုပ်စားခြင်း သို့မဟုတ် အသုပ်ပြုလုပ်စားပါက လိပ်ခေါင်းကြောင့် စအိုဝပူသောရောဂါသက်သာစေနိုင်သည်။

၇။ ဗေဒါပင်ကို ဝက်သား သို့မဟုတ် ငါးကြီးခုတ်သားဖြင့်ရောချက်စားပါက လိပ်ခေါင်းနှင့် စအိုရောင်နာသက်သာစေနိုင်သည်။

၈။ ဆင်စွယ်ဂမုန်းကို ဝက်သားနှင့်ရောချက်စားပါက လိပ်ခေါင်းရောဂါပျောက်ကင်းနိုင်သည်။ ဝက်သားမစားပါက  ငါးမြင်း၊   ငါးတန်ဆူဖြိုးသောငါးဖြင့် ရောချက်စားနိုင်သည်။

၉။  တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ် (၈) သွေးဒူလာဆေးကိုစွဲမြဲသောက်ပေးပါက လိပ်ခေါင်းရောဂါ၊ သွေးကျရောဂါ သက်သာစေနိုင်သည်။

ဆရာကြီးခင်ဗျာ။  ကျွန်တော့်ရဲ့သမီးက အသက် ကိုးနှစ်ရှိပါပြီ။  သမီးက  အစားမှားတိုင်း ဝမ်းကိုက်လေ့ရှိပါသည်။     တစ်ခါတစ်ရံသွေးပါတတ်သောကြောင့်   အင်္ဂလိပ်ဝမ်းကိုက်ပျောက်ဆေး  သောက်လိုက်ပါက    ပျောက်ကင်းသွားတတ်သော်လည်း အစားမှားတိုင်း  ဝမ်းကိုက်တတ်ပါသည်။ ဝမ်းကိုက်ရောဂါအတွက်  ဆေးနည်းကောင်းများ   သိရှိလိုပါသည်ခင်ဗျာ။

ဝမ်းကိုက်ရောဂါမှာ  လေဝမ်းကိုက်နှင့် သွေးဝမ်းကိုက်ဟူ၍ နှစ်မျိုးရှိသည်။ သွေးဝမ်းကိုက်ရောဂါမှာ ပိုးကြောင့်ဖြစ်သည်။ မသန့်ရှင်းသောအစာနှင့် လက်လုပ်ချဉ်များတွင် ဝမ်းကိုက်ပိုးပါတတ်သည်။ ဝက်သားတုတ်ထိုး၊ အကင် စသောအစားအစာများတွင်လည်း သန်ကောင်ဥများနှင့်  ဝမ်းကိုက်ပိုးများ ပါတတ်သည်။ ဝမ်းကိုက်လျှင် အောက်ပါနည်းလမ်းများကိုအသုံးပြုပါက သက်သာစေနိုင်သည်။

၁။ ကြက်ဥတစ်လုံးကို   ထိပ်မှအနည်းငယ်ဖောက်ပြီး အကာကိုထုတ်ယူကာ ကြက်ဥအတွင်းသို့ သကြား ဟင်းစားဇွန်းတစ်ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်မွှေပြီး တစ်ကြိမ်တည်းကုန်အောင် သောက်ပါကဝမ်းကိုက်သက်သာစေနိုင်သည်။

၂။ ကြက်သွန်ဖြူနှင့်ထန်းလျက်ကိုရောပြီး နှမ်းဆီနှင့်ကြော်စားပါက သက်သာစေနိုင်သည်။

၃။ ကြောင်ပန်းရွက်လက်တစ်ဆုပ်၊ ကွမ်းရွက် ၁၀ ရွက်၊ ရှားစေးတစ်ပဲသားကို ရေနွေးသုံးခွက်တစ်ခွက် တင်ကျို၍သောက်ပါ သို့မဟုတ်   ကြိတ်မှန်ရွက်ကို ထန်းလျက်နှင့်ရောကျိုသောက်ပါက သက်သာစေနိုင် သည်။

၄။ သံပရာသီးတစ်လုံးကို အရည်ညှစ် ထိုအရည်နှင့်ဆတူ နှမ်းဆီကိုရောမွှေပြီး ကုန်အောင်တစ်ကြိမ် တည်းသောက်ပါက သက်သာစေနိုင်သည်။

၅။ ဖီးကြမ်းငှက်ပျောသီးအမှည့်ကို ထောပတ်နှမ်းဆီနှင့်နီအောင်ကြော်၍စားပါက လေဝမ်းကိုက်ရောဂါ သက်သာစေနိုင်သည်။

၆။ ငဖြူကြီးပင်၏အရွက်ကိုပြုတ်ပြီး အသုပ်ပြုလုပ်စားလျှင်  ပိုးကြောင့်ဖြစ်သောဝမ်းကိုက်၊  သန်ထိုး၍ဖြစ်သော ဝမ်းကိုက်ရောဂါများ သက်သာစေနိုင်သည်။

၇။ ထားဝယ်မှိုင်းပင်၏အရွက်ကို   အတို့အမြှုပ်ပြုလုပ်၍စားခြင်း  သို့မဟုတ် ထန်းလျက်နှင့်ရော၍ ပြုတ်စားပါက  သွေးဝမ်းကိုက်ရောဂါ  သက်သာစေနိုင်သည်။

၈။ ထန်းသီးဆန်အနုကိုစားပေးလျှင် လေဝမ်းကိုက်ရောဂါသက်သာစေနိုင်သည်။

၉။ မင်းကွတ်သီးအခွံကိုသွေး၍    သောက်လျှင် သွေးကျသောဝမ်းကိုက်ရောဂါ     သက်သာစေနိုင်သည်။

၁၀။ တိုင်းရင်းဆေးအမှတ်(၁၆)နှင့် တိုင်းရင်းဆေးအမှတ် (၇) နွယ်ချိုကဲဆေးတို့ကို နှစ်ဆ-တစ်ဆရောစပ်ပြီး   သောက်ပါက   သွေးဝမ်းကိုက်ရောဂါသက်သာစေနိုင်သည်။

ဆရာကြီးရှင့်။   မိုးရာသီရောက်တိုင်း   အစားအသောက်တွေမှာ   ယင်ကောင်တွေအုံတာများပြီး မသိလို့ဝယ်စားမိတဲ့သူတွေမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ကြတာတွေများပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်သည့် အခါ မည်ကဲ့သို့သောဆေးမျိုးကို သုံးစွဲရမည်ဆိုတာ သိလိုပါသည်။

အစားမှား၍ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပိုးကြောင့်ဖြစ်သော ဝမ်းပျက်ရောဂါဟူ၍နှစ်မျိုးရှိပါသည်။  ယင်းအတွက် ဆေးနည်းတိုများ ဖော်ပြပေးလိုက်ပါသည်။

၁။ ဝမ်းလျှောလျှင်    ရေနွေးကြမ်းအဖန်ရည် (လက်ဖက်ခြောက်အကျရည်) မတ်ခွက်တစ်လုံးစာတွင် သကြားဟင်းစားဇွန်းသုံးဇွန်း၊ ဆားလှော်ကော်ဖီဇွန်းငယ်တစ်ဇွန်း ရောစပ်၍သောက်ပါက သက်သာ စေနိုင်သည်။

၂။ ကောက်ညှင်း၊ ငချိပ်ဆန်ကို ဆားအနည်းငယ်ရော၍ ဒယ်အိုးဖြင့်နီအောင်လှော်ပါ။ အမှုန့်ထောင်းပြီး ရေအေးဖြင့်စိမ်ထားပါ။ အနယ်ထိုင်သွားလျှင် အပေါ်ရည်ကြည်ကို   ရေငတ်တိုင်းသောက်ပေးပါက ရေငတ်ဝမ်းကျခေါ် အပူဝမ်းပျက်ရောဂါ သက်သာစေနိုင်သည်။

၃။ (ရှေးနည်း)  မီးဖိုချောင်တွင်မှောက်ထားသော ကျပ်ခိုးစွဲနေသည့်မြေအိုးတွင် နနွင်းမှုန့်နှင့် ဆားလှော်အနည်းငယ် ထည့်၍တိုက်ပါက အထက်လန် အောက်လျှောရောဂါနှင့် ဝမ်းပျက်ရောဂါကို ပျောက်ကင်းစေနိုင်သည်။

၄။ သရက်သီးအစေ့အတွင်းမှ အဆန်ကိုကြိတ်ခြေပြီး သကြားအနည်းငယ်၊  ဆားအနည်းငယ်ထည့် ရောစပ်ပြီး သောက်ပါက သက်သာစေနိုင်သည်။

၅။ ပိနဲ္နသီးအစေ့ကို ဆားအနည်းငယ်နှင့်ရောပြုတ်ရသောပြုတ်ရည်ကို တိုက်ပေးပါက ဝမ်းဖောဝမ်းပျက်ရောဂါ သက်သာစေနိုင်သည်။

၆။ ငှက်ပျောပင်၏အူတိုင်ကို အရည်ညှစ်၍ ဆားလှော်အနည်းငယ်နှင့်ရောစပ်ကာ တိုက်ကျွေးပါက ဝမ်းလျှောပြီး   ကြွက်တက်ခြင်းကို    သက်သာစေနိုင်သည်။

၇။ သကြား၊ ဆားလှော်၊ နနွင်းသုံးမျိုးကို ရေနွေးဖြင့် ဖျော်၍ တိုက်ကျွေးလျှင် ဝမ်းလျှောခြင်းကို သက်သာစေနိုင်သည်။

ကြည်လွင်မြင့်(မုဒြာ)